197 + 198

403 54 0
                                    

(Unicode)

အခန်း [ ၁၉၇ ]

ဟန်တုံးဖျင်က ခြောက်ခြောက်ကပ်ကပ်ရယ်လေသည်။ 
“ ငါ့မှာတော့ မင်းကို ခပ်မြင့်မြင့်တွေပဲ မှန်းထားတယ်ထင်နေတာ ခုကျတော့ သာမန်အမျိုးသမီးတစ်ယောက်ကို ကြွေဆင်းသွားတယ်တဲ့လား ”

“ အို ဘာဖြစ်ဖြစ် သိုက်ယီးရန်ထက်တော့ သာနေတာပဲဥစ္စာ။ အဲ့ဒီသာမန်အမျိုးသမီးကပဲ သိုက်ယီးရန်ကို အပြတ်အသတ် အနိုင်ယူသွားတာ မဟုတ်ဘူးလား။ သိုက်ယီးရန်ကဖြင့် သာမန်လို့တောင် ပြောမရဘူး။ အစ်ကိုကြီးရဲ့အကြိုက်ကလည်း ဆိုးဝါးလိုက်ပါပေ့ ”
ရှန်နော့က ဒေါနှင့်မောနှင့် ဝင်ပြောတော့သည်။

ဟန်တုံးဖျင် သူ့စိတ်ကို တည်ငြိမ်စေလိုက်သည်။ သူ ဒီမိန်းမနဲ့ ဖက်ပြိုင်ပြောလို့မဖြစ်!

“ မေမေ ”

ဟန်ကျိုးလီ အားရဝမ်းသာ ကြည့်လိုက်ပေမယ့် ရှန်နော့က ခပ်ပြတ်ပြတ်ပဲ ဆို၏။

“ မင်း ပျော်စရာ ဘာမှမပါဘူးနော်။ မေမေပြောတဲ့အထဲမှာ လုမန်ကို လက်ခံတယ်ဆိုတာမျိုး တစ်ခွန်းမှ မပါသေးဘူး။ မေမေ့အမြင်အတိုင်းပြောရရင် သံသယရှိသေးတယ် ”

ဘွားဟန်နှင့် ရှန်နော့တို့ လုမန်ကို လက်မခံနိုင်အောင် ဖြစ်နေလိမ့်မည်ဟု ဟန်ကျိုးလီ မထင်ထားမိပေ။

သို့ပေမယ့် သူ့နောက်ကွယ်မှာ သူ့မိသားစုဝင်တွေ လုမန်ကို တစ်ခုခုလုပ်မှာမျိုးတော့ စိတ်မပူမိပါ။

ဘိုးဘိုးဟန်နှင့် ဟန်ရှီးကျင့်တို့နှစ်ယောက်လုံးက သဘောထားကြီးသူတွေဖြစ်ကာ ဒီလိုကိစ္စသေးသေးလေးတွေအပေါ်မှာ အရေးတယူလုပ်မည်မဟုတ်ပေ။

ဘွားဘွားဟန်နှင့် ရှန်နော့ကျတော့ ရိုးသားဖြောင့်မတ်သည့် စရိုက်ရှိသူတွေဖြစ်လို့ ကျေနပ်အားရခြင်းမရှိလျှင်တောင်မှ ချုံခိုတိုက်ခိုက်သလို အပေါစားလှည့်ကွက်တွေကို သုံးမည် မဟုတ်။

“ ခု သဘောမကျတာက လူချင်းမတွေ့ရသေးလို့ နားမလည်တာကြောင့်လည်း ဖြစ်နိုင်တာပဲ ”
ဟန်ကျိုးလီသည် လက်ဖက်ရည်ခွက်နှစ်ခွက်ကို မယူလိုက်ကာ ဘွားဟန်နှင့် ရှန်နော့ကို တစ်ခွက်စီ ကမ်းပေးလိုက်၏။
“ ရိုးရိုးသားသားပြောရရင် သူလည်း တစ်ခါတလေတော့ နည်းနည်းတုံးပါတယ် ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now