131 ~ 135

2.5K 219 2
                                    

(Unicode)

အခန်း [ ၁၃၁ ]

“ မထိုက်တဲ့သူတွေကြောင့် ကိုယ်က စိတ်ထိခိုက်ကျန်ခဲ့ဖို့ မတန်ဘူး သမီး၊ အမေက ကိုယ့်သမီးလေး သူတို့ကြောင့်နဲ့ ဘယ်သူ့ကိုမှ မယုံကြည်ရဲတော့အောင် ဖြစ်သွားပြီး သံယောဇဥ်ချစ်ထုံးတစ်ခုမှာ ရင်းနှီးဖို့ ထိတ်လန့်နေရမယ့်အဖြစ်ကို မလိုချင်ဘူး၊ မန်မန် ဒါ အမေ့ဖို့ မဟုတ်ဘူးနော်၊ သမီးကိုယ်တိုင်အတွက်ပါ၊ ကိုယ့်ဘဝကိုယ် ပူပင်ကြောင့်ကြမှုကင်းစွာနဲ့ ပျော်ပျော်ရွှင်ရွှင် နေပစ်လိုက်စမ်းပါလား၊ ကိုယ့်ဖူးစာဖက် ပေါ်လာတဲ့အခါ ကြောက်နေတာနဲ့ပဲ လွဲချော်ကုန်လိမ့်မယ်၊ အဲ့ဒီလိုအဖြစ်မခံရဘူးနော်၊ သမီးနဲ့ တွေ့ဆုံခဲ့တဲ့ယောက်ျားဟာ ဖူးစာဖက်မဟုတ်ဘူး ဆိုးလည်းဆိုးတယ်ဆိုရင်တောင်မှ သူဟာ လုချီယွမ်နဲ့ ဟဲကျိန့်ပိုင်လောက် ဆိုးရွားနိုင်ပါ့မလား ”

“ မန်မန်ရယ် သမီးက သတ္တိရှိတဲ့ကလေးဆိုတာ အမေ သိပါတယ်၊ ဘာဖြစ်လို့ ဒီကိစ္စကျမှ တပ်ခေါက်ချင်ရတာလဲဟင်၊ အဲ့ဒီလိုလူနှစ်ယောက်အတွက်နဲ့ ကိုယ့်ပျော်ရွှင်မှုတွေ ဆုံးရှုံးပြီး ကိုယ့်ကိုဂရုစိုက်တဲ့လူတစ်ယောက် စိတ်မကောင်းဖြစ်ရတယ်ဆိုတာ မထိုက်တန်ဆုံးအရာပဲ သမီး ”

ရှချင်းဝေ သူမပခုံးလေးကို ပွတ်သပ်ပေးရင်း
“ အမေက တွန်းအားပေးနေတာ မဟုတ်ပါဘူး၊ သမီးအရင်ကပြောခဲ့တာလည်း ယုတ္တိရှိနေတာပဲ၊ ငါ့သမီးလေး ငယ်သေးတယ်၊ ဒီပခုံးလေးတွေပေါ်မှာ တာဝန်တွေထမ်းပိုးထားရလို့ ရင့်ကျက်တဲ့ပုံပေါ်နေတာ၊ အလုပ်ဝင်တာစောလွန်းတော့ အသက် ၂၂ နှစ်ပဲ ရှိသေးတယ်ဆိုတာကို အမေ မေ့သွားတယ်၊ နှလုံးသားရေးရာနဲ့ပတ်သက်ပြီး အာရုံခံမနေပါနဲ့၊ ဒါပေမယ့် ဒါကလည်း သမီးနှစ်သက်တဲ့တစ်ယောက်ကို မတွေ့သေးဘူးဆိုမှပါလေ၊ သဘောကျရတဲ့လူကို တွေ့ပြီးပြီဆိုရင်တော့ လုချီယွမ်နဲ့ဟဲကျိန့်ပိုင်ကြောင့် တွဲကြည့်ဖို့ မကြောက်ရဘူးနော်၊ ကိုယ့်ပျော်ရွှင်မှုကိုယ် ရှာဖွေပါ၊ အဆုံးရှုံးမခံပါနဲ့၊ အလကားလူတွေဖြစ်နေတဲ့အတွက်ကို ကိုယ့်ရဲ့ပျော်ရွှင်မှုကို အဆုံးရှုံးမခံသင့်တာ၊ မှားခဲ့ကြတာက သူတို့တွေပဲလေ .. ဘာဖြစ်လို့ အမေ့သမီးလေးက အဲ့ဒီအကျိုးဆက်တွေကို ခံစားနေရမှာလဲ၊ ဟုတ်တယ်မို့လား ”

“ ဒါလုပ်ဆို ဒါပဲ လုပ်ရမယ်လို့ ခိုင်းစေနေတာမဟုတ်ဘူး၊ အားလုံးကို သေချာလေး စဥ်းစားစေချင်တာ .. ကိုယ့်ဘဝလေးကိုယ် ခက်ခဲအောင် မလုပ်စေချင်တာ ”

“ မေမေ ”
ရှချင်းဝေ၏ ချစ်သောစိတ်ဖြင့် ဆိုသော စကားတွေကို နားထောင်ရင်း လုမန်မျက်ဝန်းတွေ နီရဲလာကာ ရှချင်းဝေကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

အတိတ်ဘဝတွင် ရှချင်းဝေနှင့် ယခုကဲ့သို့ ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခွင့်မျိုး မရခဲ့ဖူးပေ။

ရင်ဖွင့် စကားပြောစရာ လူရယ်လို့လည်း မရှိခဲ့ခြင်းမှာ ရှချင်းဝေ၏ ကျန်းမာရေး ညံ့သဖြင့် စိတ်မကောင်းဖြစ်အောင် မလုပ်ချင်၍ ဖြစ်၏။

ရှချင်းဝေ ဆေးကောင်းကောင်းကုသနိုင်ဖို့ သူမ အလုပ်တွေ နေ့တိုင်း ကြိုးစားခဲ့ရကာ လုချီက သူမကို နားခွင့် နည်းနည်းမှ မပေးခဲ့ပေ။

စိတ်ဖိစီးမှုများလွန်း၍ ကောင်းစွာ အိပ်မပျော်ခဲ့သလို စိတ်အားငယ်သည့် အခိုက်အတန့်တွေရှိခဲ့သော်လည်း တိုင်ပင်စရာလူတော့ တစ်ယောက်မှ မရှိခဲ့ချေ။

ထို့ပြင် နောက်ပိုင်းမှာ ထောင်ကျခဲ့သည့်အတွက် ထိုမှစပြီး မေမေနှင့် လုံးဝ မတွေ့ခဲ့ရတော့ပေ။

ဤဘဝတွင်လည်း ရှချင်းဝေကို ပြောပြချင်တာတွေ အများကြီး ရှိပါလျက်နှင့် တစ်ခန်းတည်းအတူရှိနေသည့် အန်တီချိုင်နှင့် ဝူကျိကော်တို့၏ ရှေ့မှာမို့ ပြောလို့ မဖြစ်၍ မပြောခဲ့ရတာတွေမှာ ရှချင်းဝေ စိတ်ပူပြီး ကျန်းမာရေးပိုဆိုးသွားမှာကို မလိုချင်တာကြောင့်လည်း ပါသည်။

ယခုမူကား ရှချင်းဝေ၏ ကျန်းမာရေးသည် ကောင်းမွန်သထက် ကောင်းမွန်လာပြီဖြစ်ကာ လူနာခန်းထဲတွင်လည်း ဒီပြင်လူမရှိသောကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် ရှချင်းဝေနှင့် သူမ ရင်းနှီးပွင့်လင်းစွာ စကားပြောနိုင်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ရှချင်းဝေပင်လျှင် ဘာလုပ်ရမည်မသိ၍ အိုးနင်းခွက်နင်းဖြစ်ရ၏။

“ ပြောလေ အမေရှိတယ် ”
ရှချင်းဝေက တခြားဘာကိုမှထပ်မပြောတော့ဘဲ သူမခေါင်းလေးကိုသာ ပွတ်သပ်ပေးနေသည်။ 

“ ဟန်ကျိုးလီက သိပ်တော်တဲ့လူဆိုတာကို သိပါတယ်၊ ဒီလိုလူမျိုးကို မကြိုက်ဖို့ဆိုတာ တကယ်မလွယ်ကူတဲ့အရာပါ၊ ဒါပေမဲ့ သမီးက ဟဲကျိန့်ပိုင်ကိုတောင်မှ မထိန်းသိမ်းနိုင်ခဲ့တာ ဟန်ကျိုးလီကိုရော ထိန်းသိမ်းနိုင်ပါ့မလား တကယ် စိုးရိမ်မိတယ်၊ အဲ့ဒီအဆင့်ကိုကျော်ဖြတ်ပြီး အခုထက်ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ရဖို့အတွက် သမီး ကြိုးစားမှာပါ မေမေ၊ ဒါပေမဲ့လေ ယောက်ျားတစ်ယောက်က အဲ့ဒီလောက်ထိ ထူးချွန်နေစရာ မလိုဘူးလို့ ထင်တယ်၊ သမီးတို့နှစ်ယောက်ရဲ့ကွာဟချက်က ဒီလောက်ထိ ကြီးမားနေဖို့ မလိုဘူးမလား၊ အသက်ရှင်ဖို့အတွက် တစ်နေ့တခြားအလုပ်တွေ အတူတူ ကြိုးစားသွားကြလို့ရတယ်၊ ခြေကုန်လက်ပန်းကျပြီး ဘဝအရေးအတွက် ပူပင်ရမယ်ဆိုရင်တောင်မှ အနည်းဆုံးတော့ တပ်မက်ဖွယ်တွေ အများကြီးရှိမှာ မဟုတ်ဘူး ”

ရှချင်းဝေ သက်ပြင်းချလိုက်မိသည်။
“ ယောက်ျားတစ်ယောက်ရဲ့စိတ် ကိုယ့်ဆီမှာ မရှိတော့ဘူးဆိုတာ အဲ့ဒီယောက်ျားရဲ့ ရုပ်ချောခြင်း ရုပ်ဆိုးခြင်းနဲ့ မဆိုင်သလို သူ့ရဲ့အရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာနဲ့လည်း မဆိုင်ဘူး သမီး၊ တပ်မက်ဖွယ်တွေကို ခုခံနိုင်စွမ်း မရှိရင် အဲ့ဒါဟာ သူ့စိတ်သူ မနိုင်တာပဲ၊ ပြောရရင် ကိုယ်ကျင့်တရားမကောင်းမွန်တာပေါ့၊ အမေ လုချီယွမ်နဲ့လက်ထပ်တုန်းကဆို သူ့မှာ ဘာမှမရှိဘူး၊ ဒါပေမဲ့လည်း အမေ့ကို သူ စိတ်ပျက်စေတာပဲလေ ဟုတ်တယ်မို့လား၊ မန်မန် .. ယောက်ျားတစ်ယောက်ကို ကြည့်တဲ့အခါ သူ့စိတ်နှလုံးကို မြင်ဖို့လိုတယ်၊ အားလုံးက လုချီယွမ်နဲ့ ဟဲကျိန့်ပိုင်လို မဟုတ်ဘူး၊ တစ်ခုပဲ .. အမေတို့ကံတွေ ညံ့ခဲ့လို့ အဲ့ဒီလိုကောင်တွေနဲ့ တို့သားအမိနှစ်ယောက်လုံး ဆုံခဲ့ရတာ၊ ဒါပေမဲ့ အမြဲတမ်း ကံဆိုးနေမယ်လို့တော့ မဆိုလိုဘူးလေနော်၊ အမေ့ကိုပဲကြည့်ပါ၊ အမေဟာ ကွာရှင်းထားတဲ့ တစ်ခုလပ်၊ ရှချင်းယန်လောက် ဘဝမကောင်းဘူးလို့ ထင်ရပေမယ့် စိတ်ချမ်းသာစွာ နေနေရတယ် မဟုတ်ဘူးလား၊ အမေ့မှာ အမေ့သမီးလေးရှိတယ်၊ ခုဆို ကျန်းမာရေးကလည်း အကောင်းဘက်ကို ရောက်နေပြီ၊ ဘဝကြီးက ဒီထက်ပိုကောင်းလာဖို့ပဲရှိတော့တာ၊ ပြီးတော့ သမီး .. သမီးလည်းပဲ ဟန်ကျိုးလီနဲ့ ဆုံခဲ့ရတယ် ”


အခန်း [ ၁၃၂ ]

“ သူ လူကောင်းပါလို့ သေချာပေါက် မပြောရဲပေမယ့် အနည်းဆုံးတော့ ကြိုးစားကြည့်သင့်တယ်မဟုတ်ဘူးလား .. သူ့ကိုပဲဖြစ်ဖြစ် တခြားတစ်ယောက်ကိုပဲဖြစ်ဖြစ်ပေါ့ ”
ရှချင်းဝေက လုမန် နားဝင်အောင် ဖြည်းညင်းစွာ ပြောပြသည်။
“ ဟဲကျိန့်ပိုင်နဲ့ လုချီတို့ကိစ္စကို အသိစောသွားလို့တော်ပါသေးတယ်၊ ဆက်ပြီးတော့ လိမ်ညာလှည့်စားလုပ်တာ ခံနေရမှာထက်စာရင် စောစော အကြောင်းသိလိုက်ရတော့ ခံသာသေးတာပေါ့၊ သမီးလေးက ကိုယ်တိုင်တွေ့လိုက်ရတဲ့သူမို့ သူနဲ့ ထပ်မပတ်သက်ချင်တော့တဲ့အထိ ဖြစ်သွားတာလည်း ကောင်းတဲ့ကိစ္စပဲ ”

လုမန် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီးမှ
“ သိပါတယ် မေမေ သမီး စဥ်းစားပါရစေဦး ”

“ ဟုတ်ပါပြီ ”
ရှချင်းဝေ ဝမ်းသာသွားသည်။ အချစ်ရေးနှင့်ပတ်သက်သည့် အကြောက်တရားကို လုမန် ကျော်လွှားနိုင်လျှင် အဆင်ပြေသွားလိမ့်မည်။

လက်တွဲဖော်က ဘယ်သူ ဖြစ်ရမည်ဆိုပြီးတော့ သူမ မပြောလိုပါ။

လုမန် ရေချိုးသန့်စင်ပြီးသည့်အခါ မအေဖြစ်သူနံဘေးရှိ လူနာခုတင်ပေါ်တွင် လှဲအိပ်လိုက်သည်။

နောက်တစ်နေ့မနက်မှာတော့ ရှချင်းဝေသည် ဟန်ကျိုးလီနှင့်ပတ်သက်ပြီး ဘာကိုမှ မပြောတော့ပေ။ မနေ့က ဘာစကားမှမပြောဖြစ်ခဲ့သလို ဒီနေ့မှာ အားလုံးသည် ပုံမှန်အတိုင်း ဖြစ်နေခဲ့၏။

ကုမ္ပဏီသို့ လုမန် စောစော ထွက်လာခဲ့သည်။ ရုံးခန်းထဲကိုရောက်တာနှင့် ကွန်ပျူတာကိုချက်ချင်းဖွင့်ပြီး စောစောက ဆေ့ဗ်လုပ်ခဲ့သောဖိုင်တွေကို ကော်ပီယူလိုက်သည်။

မရှေးမနှောင်းတွင် သိုက်ယီးရန် ရောက်လာ၏။

ဆောင်းဦးအစဖြစ်သဖြင့် ခြေထောက်တွေပေါ်နေသည့် ဂါဝန်အတိုကို အပေါ်အင်္ကျီပါးပါးလေးတစ်ထည်ထပ်၍ ဝတ်ဆင်ထားသည်။

သူမ ဝင်လာသည်နှင့် အစ်ကိုကျန်းက ထိန်းမနိုင်သိမ်းမရစွာ ကြည့်လေ၏။

လုမန့်စားပွဲအနားကနေ ဖြတ်သွားစဥ်မှာ ကွန်ပျူတာစကရင်ကို သိုက်ယီးရန် လှည့်ကြည့်လိုက်ပေမည့် လုမန်က ဖိုင်ကို ချက်ချင်း ပိတ်ပစ်လိုက်၏။

သိုက်ယီးရန်က နှာမှုတ်ပြီးမှ ဒေါက်မြင့်နှင့် သူမစားပွဲသို့ ကြွားကြွားဝင့်ဝင့် လျှောက်သွားသည်။

သိုက်ယီးရန် စားပွဲမှာ ဝင်ထိုင်လိုက်ပြီဆိုမှ လုမန် ဖိုင်ကို ပြန်ဖွင့်လိုက်၏။

အတန်ကြာသည့်အခါ ယဲ့ရှောင်ရှင်းက စာရွက်စာတမ်းတွေ ပိုက်ပြီး လုမန်စားပွဲပေါ်မှာ ဗုန်းခနဲမြည်အောင် ပစ်ချလာပြန်ရင်း..
“ ဒီစာရွက်စာတမ်းတွေကို မျိုးတူစုပြီး ရွေးထုတ်စီရမယ် ”

လုမန် ကြည့်လိုက်တော့ စာရွက်စာတမ်းတွေ၏ အမြင့်က သူမထက်တောင် ပိုချင်ပိုနိုင်သည်။ သိုက်ယီးရန်စားပွဲပေါ်မှာတော့ ရှင်းလင်းနေ၏။

ကြည့်နေတာကို သတိထားမိတော့ သိုက်ယီးရန်က မခိုးမခန့် ပြုံးပြသည်။

လုမန် ယဲ့ရှောင်ရှင်းကို မေးလိုက်တော့၏။
“ ကျွန်မတာဝန်ယူထားတာတွေများနေပြီ၊ သိုက်ယီးရန်ကကော ”

“ အဲ့ဒါ နင်ပူစရာ မလိုပါဘူး ”
ယဲ့ရှောင်ရှင်း မျက်နှာမည်းသည်းနေသည်။

မနေ့က ယဲ့ရွှမ်းရွှမ်းကိစ္စကြောင့် ညရောက်တော့ ဦးလေးနှင့်အန်တီ သူမတို့အိမ်ကို ချက်ချင်း ရောက်လာခဲ့သည်။ ယဲ့ရွှမ်းရွှမ်း၏ အနာဂတ်ကို သူမ ဖျက်ဆီးခဲ့သည်ဟူသော စကားမျိုးတွေကိုပင် ပြောသွား၏။

အဲ့ဒါတွေ အားလုံး လုမန်ကြောင့်မို့

အလွတ်ပေးလိုက်ရင် ထူးဆန်းနေလိမ့်မယ်!..

ထို့ကြောင့် ယိုလီလီက သိုက်ယီးရန်နှင့် လုမန်အတွက် စာရွက်စာတမ်းတွေကို ခွဲဝေပေးခိုင်းလာသည့်အခါ ယဲ့ရှောင်ရှင်းဟာ မတွန့်ဆုတ်ဘဲ လုမန်ကို အားလုံး ပေးပစ်လိုက်သည်။

လုမန် နှုတ်ခမ်းလေး မဲ့သွား၏။
“ ဟုတ်ကဲ့ပါ ”

ယဲ့ရှောင်ရှင်းကတော့ လုမန် ကြောက်သွားလို့ ဒေါသဖြစ်ပေမယ့် ပြန်မပြောရဲတာဟု တွေးရင်း မခိုးမခန့်အပြုံးနှင့် ဟွန်းခနဲ လုပ်ပြီး ထွက်လာခဲ့လိုက်၏။

သို့သော် လုမန်ကမူ မျက်နှာပျက်ယွင်းသွားခြင်း မရှိဘဲ ထိပ်ဆုံးမှာရှိနေသည့် ဖိုင်တွေကနေစပြီး စီလိုက်သည်။

တစ်မနက်လုံး တုလင်းနှင့်ပတ်သက်သည့်ဖိုင်ကို လုမန် ဖွင့်မကြည့်အားသော်လည်း သိုက်ယီးရန်မှာတော့ တစ်မနက်လုံး သေချင်လောက်အောင် ပျင်းစရာ ကောင်းနေခဲ့လေ၏။ ယဲ့ရှောင်ရှင်းက သူမကို နည်းနည်းလေးမှ အလုပ်မခိုင်းပေ။

ဒါကို အားလုံး မြင်ကြပေမယ့် ဂရုစိုက်ဖို့တော့ ဝေးစွ။

ချန်ရှီးမြန်ကတော့ မကြိုက်ပေ။ သို့ပေမယ့် တစ်ရုံးလုံးနှင့် အတိုက်အခံ ဖြစ်ရမည့် ကိစ္စမို့ သူ ငြိမ်နေလိုက်ရ၏။

လုမန်ကလည်း နည်းနည်းမှ ဂရုမစိုက်ပါ။

နေ့လယ် ၁၂ နာရီ ထိုးသည်တွင်တောင် လုမန် အလုပ်မပြီးသေးသောအခါ သိုက်ယီးရန်က ကျိတ်ရယ်သည်။ ပြီးတော့ ယဲ့ရှောင်ရှင်းကို ထမင်းအတူစားဖို့ လှမ်းခေါ်၏။

ယဲ့ရှောင်ရှင်းကလည်း မထင်မှတ်ထားသော ဖိတ်ခေါ်မှုမှာ ဘဝင်လေဟပ်သွားပြီး လုမန်ကို ကြည့်ရင်း သိုက်ယီးရန်ကို လှမ်းမေးသည်။
“ နင်က သူဌေးနဲ့ သွားစားမှာမဟုတ်ဘူးလား ”

“ မသွားပါဘူး၊ ကျွန်မက အခုချိန်မှာ အလုပ်သင်ပေါက်စလေးမို့ ကုမ္ပဏီမှာ ထိန်းထိိန်းသိမ်းသိမ်းနေတာပဲကောင်းတယ်၊ အစ်ကိုဟန် မနေ့ကပြောသွားတာကို စဥ်းစားကြည့်လိုက်တော့လည်း တကယ် အဓိပ္ပာယ်ရှိနေတာပဲလေ၊ အလုပ်နဲ့ကိုယ်ပိုင်ဘဝကို ခွဲခြားထားတာအကောင်းဆုံးပဲ၊ ဘာပဲဖြစ်ဖြစ် ဒီလူနဲ့ဒီလူ အပြင်မှာလည်း တွေ့လို့ရနေတာပဲကို ဘာလုပ်မှာလဲ.. ”

မနေ့က သတိပေးစာတစ်စောင်ရရှိခဲ့ခြင်းသည် သိုက်ယီးရန်ကို နည်းနည်းမှ မတုန်လှုပ်စေသည့်ပုံပင်။

ထိုအခိုက်မှာ လုမန်ဖုန်းသည် ရုတ်တရက်ကြီး အသံတွေ ထမြည်လေ၏။ 


အခန်း [ ၁၃၃ ]

စကရင်ပေါ်မှာ ဟန်ကျိုးလီနာမည်ကို မြင်လိုက်ရတာနှင့် လုမန် မလုံမလဲ တန်းကိုင်ပစ်လိုက်ရကာ သူ့နာမည်ကို တခြားတစ်ခုပြောင်းမှတ်ဖို့ပါ တွေးလိုက်မိသည်။

“ မင်း ဘာဖြစ်လို့ မလာသေးတာလဲ ”
ကိုင်လိုက်တော့ မေးသံက တန်းထွက်လာ၏။

သိုက်ယီးရန်နှင့် ယဲ့ရှောင်ရှင်းတို့ခြေလှမ်းတွေရပ်သွားတာကိုလည်း သတိထားမိလိုက်သည်။ ထိုစဥ် ရှမုံ့ရွှမ်းက သူတို့နှင့် သွားပေါင်းကာ..
“ ယီးရန် ရှောင်ရှင်း ထမင်းစားသွားကြမလို့လား အတူသွားရအောင်လေ ”

နှစ်ယောက်လုံးက သိုက်ယီးရန်ကို အတင်းမျက်နှာလုပ်နေကြသည်။

လုမန် သူတို့ဘက်ကို ကျောပေးလိုက်ပြီးမှ
“ ဘယ်ကိုလဲ ” ဟု တိုးတိုးမေးလိုက်သည်။

“ ရူးချင်ယောင်ဆောင်နေတာလား ကျွတ် ကွာ..  မနေ့တုန်းက မင်းကို ကိုယ် မမေးခဲ့ဘူးလား ဒီမနက်စာကို ဘာစားချင်လဲဆိုပြီး၊ မင်းက ဘာမှပြန်မပြောပေမယ့် ကိုယ်က မင်းရဲ့အကြိုက်တွေအတိုင်း မှာထားတယ်၊ ခုချက်ချင်း ကိုယ့်ရုံးခန်းကို မြန်မြန်လာခဲ့ ”

“ ကျွန်မ မလာတော့ဘူး ”
စားပွဲပေါ်မှာ ပုံနေတာတွေကို မျက်လုံးထောင့်ကနေ ကြည့်ရင်း လုမန် ပြောလိုက်သည်။ ဒီတိုင်း အပန်းမကြီးစေမည့် ပါဆယ်မှာပြီးတော့ပဲ စားသောက်ရင်း အလုပ်လုပ်ဖို့ကို တွေးထား၏။ 

အရေးအကြီးဆုံးသည် မနေ့ညက ရှချင်းဝေ၏ စကားတွေကို နားထောင်ပြီးသည့်နောက်တွင် ဟန်ကျိုးလီနှင့် သူမ၏ ဆက်ဆံရေးကို သေချာစွာ စဥ်းစားချင်နေ၍ ဖြစ်သည်။

အဲ့ဒီအဆင့်ကို ကျော်ဖြတ်သင့်ရဲ့လားလို့ ချင့်ချိန်နေတုန်းမှာ ပြီးဆုံးအောင် မစဥ်းစားရသေးဘဲ ဟန်ကျိုးလီကို မတွေ့ချင် မမြင်ချင်တာက မြင်တာနှင့် ဝိရောဓိခံစားချက်တွေဖြစ်ကုန်မှာစိုးလို့။

“ အဟွန်း.. ရတယ်လေ မင်းမလာရင် ကိုယ်လာခဲ့မှာပေါ့၊ ပီအာဌာနမှာ မင်းကို လာခေါ်မယ် ”

လုမန် : “…”

“ ခုချိန်ဆို မင်းတို့ဌာနမှာ လူနည်းနည်းပဲ ရှိတော့လောက်တယ် ဟုတ်လား ”
ဟန်ကျိုးလီက လက်ချောင်းရှည်သွယ်တို့နှင့် စားပွဲကို ခပ်ဖြည်းဖြည်း တောက်သည်။
“ ခုနေ ကိုယ်လာရင် သင့်တော်ပါ့မလားမသိဘူး ”

“ ဒါပေါ့ ဘယ်တော်မလဲရှင့်! ”
သူ့ကြောင့် စိတ်တိုဒေါသဖြစ်ရလွန်းလို့ နဖူးပြင်တစ်ခုလုံးလည်း ရှုံ့မဲ့နေပြီ။ 

PR ဌာနမှာ ဘယ်သူမှမရှိတော့ဘူးဆိုရင်တောင် တခြားဌာနမှာ လူတွေရှိနေသေးသည်။

သူမကို သူ လာရှာတာကိုတွေ့သွားတာနဲ့ သတင်းတွေ ဘယ်လောက်တောင် ထွက်သွားဦးမလဲ။

လူတွေပြဿနာလာရှာမှာကို ကြောက်လို့မဟုတ်ပေမယ့် အေးချမ်းနေသည့်အချိန်မှာ ဘယ်လိုပြဿနာကိုမှ မရှာချင်တာကြောင့်ဖြစ်သည်။

“ မတော်မှန်းသိရင် မင်းကိုယ်တိုင်လာခဲ့လေ ”
ဖုန်းထဲကနေဆိုပေမယ့် ဟန်ကျိုးလီ ခံစားမိသည်။ ဒီမြေခွေးမလေး ဘယ်လောက်တောင် ဒေါသထွက်စိတ်ညစ်နေပြီလဲဆိုတာ ပြေးကြည့်စရာတောင်မလို။ သူ့မျက်ဝန်းတွေလည်း လခြမ်းကွေးလို ပြုံးရွှင်နေ၏။

“ ပြီးရော ”
လုမန် ဖုန်းချပြီး ဖိုင်ကိုပိတ်လိုက်သည်။

သိုက်ယီးရန်နှင့် ကျန်နှစ်ယောက်က ဒီဘက်မှာ စိတ်ဝင်စားစရာမရှိတာကို မြင်ပြီးတော့ ထွက်သွားကြပြီ ဖြစ်သည်။

လုမန် ထိပ်ဆုံးထပ်ကို ရောက်တော့ ကျန့်ထျန်းမင်လည်း ရောက်နေသည်။

သူမကိုမြင်သည့်အခါ အနားလျှောက်လာ၏။
“ လုမန် မနေ့က ဖြစ်ခဲ့တာတွေအတွက် ငါ တကယ် တောင်းပန်ပါတယ်၊ ငါ သေချာ မစီစဥ်ပေးခဲ့လို့ ဖြစ်ရတာပါ ”

“ အဲ့ဒါ ရှင်နဲ့ မဆိုင်ပါဘူး၊ ရှင်လည်း မနေ့က သေချာပြောခဲ့တာပဲလေ၊ ဟုတ်တော့မလိုလိုနဲ့ အဖျားရှူးသွားကြတဲ့ တချို့လူတွေကြောင့်ပါ ”

“ သူဌေး မင်းကို စောင့်နေတယ် ”
ကျန့်ထျန်းမင် မျက်နှာ ပြုံးဖြီးနေလေ၏။
“ မပူနဲ့သိလား ဒီအထပ်ကလူတွေအကုန် စားဖို့သွားကြပြီ ဘယ်သူမှမြင်မှာမဟုတ်ဘူး ”

လုမန် : “…”

ပြောနေပုံက မသိရင် သူမကပဲ ဟန်ကျိုးလီနဲ့ တိတ်တိတ်ပုန်းဖြစ်နေကြသလို ..

လုမန် ကသိကအောက်ဖြစ်လွန်းလို့ လည်ချောင်းတစ်ချက်ရှင်းလိုက်ကာ ကျန့်ထျန်းမင်ကြည့်နေတုန်းမှာပဲ ဟန်ကျိုးလီရဲ့ရုံးခန်းတံခါးကို သွားခေါက်လိုက်သည်။

“ ဝင်ခဲ့ပါ ”
အတွင်းထဲမှ ဟန်ကျိုးလီအသံထွက်လာသည်။

အသက်ကိုပြင်းပြင်းရှူပြီးမှ တံခါးကိုတွန်းဖွင့်ကာ ဝင်သွားလိုက်တော့ အထဲမှာ သူမစိတ်ကူးထားတာနှင့် တခြားစီ။ ဟန်ကျိုးလီက ဆိုဖာပေါ်မှာထိုင်ပြီး အငြိမ့်စား စောင့်နေရမည့်အစား အလုပ်စားပွဲမှာထိုင်ရင်း အလုပ်လုပ်နေသည်။

စောစောက ဖုန်းထဲမှာ ပြောသွားတုန်းကတော့ သူပဲ အားယားနေသလိုမျိုး..

ကျန့်ထျန်းမင်လို့ ထင်လိုက်ပေမယ့် တံခါးဖွင့်ပြီး အထဲဝင်လာသည်တွင်တောင် အသံမကြားရ၍ ခေါင်းမော့ကြည့်လိုက်တော့ လုမန်ဖြစ်နေသဖြင့် ဟန်ကျိုးလီ ချက်ချင်း ပြုံးမိသွားကာ..
“ ဒီတိုင်း တံခါးကို တွန်းဖွင့်ပြီး ဝင်လာလို့ရနေတဲ့ဥစ္စာ ဘာဖြစ်လို့ ခေါက်သံတွေပေးနေတာလဲ ”

လုမန်က အထဲဝင်လာပြီး တံခါးကိုပိတ်သည်။ ပြီးတော့ စားပွဲပုလေးပေါ်မှာ ပြင်ဆင်ထားသည့် စားသောက်စရာတွေကို ကြည့်၏။

“ ခုပဲရောက်တာလေ ပူတုန်း စားလိုက်ပါ ”
ဟန်ကျိုးလီက စားပွဲပုလေးကို လက်ညွှန်ပြပြီး အလုပ်တွေဆက်လုပ်သည်။

“ ရှင်က မစားဘူးလား ”
လုမန် စားပွဲမှာ ဝင်ထိုင်လိုက်ကာ ပါဆယ်ဘူးတွေကို တစ်ဘူးပြီးတစ်ဘူး ဖွင့်ရင်း မေးလိုက်သည်။


အခန်း [ ၁၃၄ ]

“ ခဏရယ် ဒါလေးလက်စသတ်ပြီးရင် စားမှာပါ မကြာပါဘူး မင်းအရင်စားနှင့် ”
ဟန်ကျိုးလီ ပြောလိုက်ပြီးမှ လွန်စွာစိတ်ဝင်စရာကောင်းနေသည်ဟု တွေးမိလေ၏။

ယခုကဲ့သို့ တရင်းတနှီးပြောဆိုပြုမူနေတာတွေကြောင့် သူတို့နှစ်ယောက်မှာ အတွင်းသိဓာတ်သိ သမီးရည်းစားတွေနှင့်ပင် တူနေသည်။

အလုပ်လုပ်နေရင်း သူ့နှုတ်ခမ်းထောင့်စွန်းများ တွန့်တက်သွားလေ၏။ 

သူပြောတာကိုကြားပြီး လုမန်က ပါဆယ်ဘူးတွေကို ပြန်ပိတ်လိုက်ကာ ခဏစောင့်နေလိုက်သည်။ သို့သော် ဟန်ကျိုးလီအလုပ်ပြီးတာကိုမူ မတွေ့ရသဖြင့် အတန်ကြာမှ ထရပ်ကာ သူ့စားပွဲဆီကို သွားလိုက်ရင်း ..

“ ရှင်က အမြဲ ဒီလိုပဲလား .. အလုပ်နဲ့လက်ဆက်နေရင် စားဖို့သောက်ဖို့မေ့တာလေ.. ”

မနေ့ကလည်း ကျန့်ထျန်းမင် ပြောသွားပါသည်။ ဟန်ကျိုးလီဟာ အလုပ်ရှုပ်နေသည့်အချိန်ဆို စားသောက်လေ့မရှိတဲ့။

ဟန်ကျိုးလီက ခေါင်းလေးမော့ပြီး ပြုံးသည်။
“ ရတယ် .. မင်းပဲ အရင်စားနှင့်လိုက်ပါ၊ ကိုယ် ခဏနေ ပြီးတော့မှာ ”

“ စောစောကလည်း အဲ့ဒီလိုပြောတာပဲ ”
လုမန် သူ့စားပွဲပေါ်ကဖိုင်ကို တန်းပိတ်လိုက်ကာ
“ အလုပ်လုပ်တာလည်း လုပ်တာပေါ့၊ စားစရာရှိတာကိုလည်း စားရမယ်၊ စားသောက်တဲ့အချိန်လောက်လေးနဲ့ ရှင့်ရဲ့အလုပ်တွေ သိပ်နှောင့်နှေးမကုန်နိုင်ပါဘူး ”

ဒီပြင်လူသာဆိုလျှင် ဟန်ကျိုးလီ စားပွဲကို ဆတ်ခနဲ လှန်ပြီး ကိုင်ပေါက်ပစ်မှာဖြစ်သည်။

သို့သော် လုမန်ဖြစ်နေသည့်အတွက် နှလုံးပီတိဂွမ်းဆီထိနေလေကာ ကျေကျေနပ်နပ်ကြီး ဖိုင်တွေကို အပိတ်ခံလေသည်။

သူက ဘာအတွက် ဒေါသထွက်ရမှာလဲ .. ?

လုမန်ဒီလိုလုပ်တာ သူ့အတွက် စိတ်မကောင်းဖြစ်လို့ပဲ မဟုတ်ဘူးလား.. ?

“ ဟုတ်ပါပြီ ဟုတ်ပါပြီ နားထောင်ပါ့မယ် ”
ဟန်ကျိုးလီသည် ပြုံးပြုံးဖြင့် ထရပ်လိုက်ကာ ရုံးစားပွဲကနေ ပတ်ထွက်လာသည်။ လုမန်က ဆိုဖာဆီကို ပြန်သွားပြီး ထိုင်သည်။

ပြီးတော့ ခေါင်းလေးငုံ့ပြီး ပါဆယ်ဘူးတွေကို အဖုံးတွေ လိုက်ဖွင့်ရင်း အလုပ်များနေကာ သူ့ကို မော့မကြည့်သော်လည်း နားရွက်အဖျားတွေက နီနေသည်။ 

ဆိုဖာမှာ ဟန်ကျိုးလီ ဝင်ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် လုမန်နှင့် ပခုံးချင်း ခြေထောက်ချင်းထိသွား၏။

လုမန် မတ်ခနဲ ဖြစ်သွားကာ သူနှင့်နီးကပ်နေသော သူမခန္ဓာကိုယ်၏ အစိတ်အပိုင်းတွေသည် မီးတောက်သလို လွန်စွာပူလောင်နေသည်။

ဘေးကို ရွှေ့မည်ပြင်လိုက်တော့ ဟန်ကျိုးလီက အနားကို ထပ်တိုးလာကာ..
“ ကိုယ့်အတွက် စိတ်မကောင်းဖြစ်သွားတယ်မို့လား ”

ကြည့်ကောင်းသော မျက်နှာချောချောသည် မြင်ကွင်းကို အကျယ်ချဲ့လိုက်သလို ရုတ်တရက် နီးကပ်စွာ ပေါ်လာသော်လည်း မည်သည့် ချို့ယွင်းချက် ပြစ်ချက်မျိုးမှ မရှိ။

အနီးကပ်မြင်နေရသည့်အချိန်မှာတောင် လူကို ညှို့ယူဆွဲဆောင်နိုင်လောက်သော အသွင်နှင့် ချောမောနေတုန်းဖြစ်၏။

နက်မှောင်သော မျက်ဝန်းတွေသည် နက်ရှိုင်းပြီး စွဲမက်ဖွယ်ကောင်းကာ နှာတံက မြင့်မားဖြောင့်စင်းပြီး နှုတ်ခမ်းတွေကမူ အနည်းငယ်တွန့်ကွေးလျက်ရှိသည်။

ထို့ပြင် ယောက်ျားတစ်ယောက်ဖြစ်သော်လည်း အသားအရေသည် လွန်စွာနူးညံ့ချောမွေ့နေကာ ချွေးပေါက်စိမ့်ပေါက်တို့ကို လုံးဝ မမြင်ရပေ။

မုတ်ဆိတ်ကို အပြောင်ရိတ်ထားပြီးဖြစ်သည့်တိုင် နှုတ်ခမ်းနှင့် မေးရိုးတစ်ဝိုက်မှာ စိမ်းမြမြလေးဖြစ်နေတာကိုလည်း တွေ့ရသည်။

သို့သော် ဒါကပဲ လှရက်လွန်းသော သူ့မျက်နှာတွင် ယောက်ျားဆန်မှုကို ထပ်ပေါင်းပေးလိုက်သလိုဖြစ်ကာ ဟန်ကျိုးလီကို ယောက်ျားပီသသွားစေ၏။

လုမန်အကြည့်တို့သည် မေးဖျားပေါ်ရှိ စိမ်းမြမြနေရာလေးကနေ လည်ပင်းရှိ လည်စေ့နေရာသို့ ကူးပြောင်းရောက်ရှိသွားသည်။ လည်စလုတ်နှင့်တွဲကြည့်ခြင်းမှာ ယောက်ျားတစ်ယောက် ဤမျှချောမောခံ့ညားလိမ့်မည်ဟု လုံးဝ မထင်မိပေ။ သို့မဟုတ် ယခင်က ဘယ်သူ့ကိုမှ သတိမထားမိခဲ့ခြင်းဆိုလျှင် ပိုမှန်ပါလိမ့်မည်။ 

ဟဲကျိန့်ပိုင်နှင့်တွဲနေစဥ်မှာတောင် သူ့လည်စလုတ်ကို ထူးခြားမှုတစ်ခုဟု မထင်ခဲ့ပေ။

အခု ဟန်ကျိုးလီကို ကြည့်လိုက်ပါမှ ဒါ တော်တော်လေး ဆွဲဆောင်မှု ရှိပါလားဟု စိတ်ဝင်တစားဖြစ်သွားသည်။

ထို့နောက် ဟန်ကျိုးလီရဲ့ခပ်ရွှင်ရွှင်ရယ်သံလေး သူမခေါင်းထက်ကနေ ထွက်ပေါ်လာလေသည်။ ထိုရယ်သံသည် လည်ပင်းနှင့် မျက်လုံးတွေဆီကနေ ဖြစ်ကာ လည်စလုတ်ကပါ အထက်အောက်လှုပ်ရှားသွား၏။ အားလုံးက ညှို့ငင်နိုင်စွမ်းတွေရှိနေကာ သူမတစ်ကိုယ်လုံးမှာ အပူတွေပျံ့နှံ့သွားသလို နားရွက်ထိပ်လေးတွေမှ နီမြန်းခြင်းသည် မျက်နှာတစ်ပြင်လုံးသို့ ကူးစက်သွားလေ၏။

သူမဆီမှာ ဘာတွေများ မက်မောစရာရှိလို့လဲ..

“ မန်မန် ”
ဟန်ကျိုးလီက ရုတ်တရက် နာမည်ခေါ်သည်။

ရှချင်းဝေကို ဆေးရုံမှာ လာတွေ့သည့် ပထမဆုံးတစ်ခေါက်ကလည်း သူ ဒီလိုတရင်းတနှီးခေါ်ဖူးသည်။

သို့ပေမယ့် ထိုအချိန်က ဒါနဲ့ပတ်သက်ပြီး သူမမှာ ဘာခံစားချက်မှမရှိခဲ့သလို ချစ်ဖို့ကြိုက်ဖို့တွေရှိလာမယ်လို့လည်း မထင်ခဲ့ကာ သူမက မိတ်ဆွေသူငယ်ချင်းတွေပါဟု ပြောခဲ့သည့်စကားအပေါ် ဟန်ကျိုးလီ ရေလိုက်ငါးလိုက်လုပ်နေတာပဲ ဟုသာ ထင်ခဲ့သည်။

ဒါပေမယ့် ခုလို ထပ်ခေါ်တာကို ကြားရချိန်မှာ ညှို့ဓာတ်ပါသော အသံတိုးတိုးသည် စကားလုံးနှစ်လုံးကို သူမနှလုံးသားဆီရောက်အောင် ရိုက်ခတ်ပစ်ကာ မျက်နှာထိ လွင့်စင်လာသည်။

လုမန်တစ်ကိုယ်လုံး မီးတောက်သွားသလို ချစ်ချစ်တောက်ပူလောင်လာ၏။ စိတ်အစဥ်က ဗလာကျင်းသွားပြီဖြစ်ကာ ဒူးတွေတုန်လာသည်။


အခန်း [ ၁၃၅ ]

“ ခုနက မင်း ကိုယ့်ကို စိုးရိမ်သွားတာလား ”
ဟန်ကျိုးလီ၏ ညှို့ဓာတ်ပါသောအသံသည် အပြုံးလွန့်လွန့်ဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

လုမန် ရှက်လွန်းသဖြင့် မော့တောင်မကြည့်ရဲဘဲ သူ့လည်စလုတ်ဆီကနေ အကြည့်လွှဲလိုက်ရင်း 
“ နေ့လယ်စာတွေအေးကုန်တော့မယ် .. မြန်မြန်စားကြရအောင် ”

“ နေ့လယ်စာထက် မင်းကို ပိုစားချင်နေတာ .. မင်းလည်းသိမှာပါ ”
ဟန်ကျိုးလီ၏ လက်တစ်ဖက် ဆိုဖာပေါ်ကို ဖိထောက်ပြီး သူမ ရုန်းထွက်မရအောင် ဘယ်အချိန်ကလုပ်လိုက်သည်မှန်းပင် မသိလိုက်။ 

လုမန် ထောင့်ကိုကပ်ရှောင်လိုက်သည်။

သို့သော် ရှောင်လိုက်သည့်အခါတွင် သူက ပိုတိုးလာ၏။

ဗြောင်ကျကျပိုးပန်းရင်း ချစ်မေတ္တာကိုတောင်းခံနေသလို တစ်ဆင့်ပြီးတစ်ဆင့် သူမအနားကို ခပ်ဖြည်းဖြည်း တိုးလာသည်။ ရှောင်သာပုန်းသာခွင့်မပေးဘဲ ချောင်ပိတ်ဖမ်း၏။ 

လုမန် ရှက်ပြီး ခေါင်းငုံ့ထားတာကို ဟန်ကျိုးလီမြင်သည်။ သူမသည် သူ့ကို မော်မကြည့်ရဲသလို မျက်နှာကလည်း နီမြန်းနေသည်။

ကျန်တာတွေတော့ သေချာမသိပေမယ့် လုမန် သူ့ကို မမုန်းဘူးဆိုတာတော့ သူ သေချာသည်။

နီးနီးလေးမှာရှိနေသည့် နှုတ်ခမ်းစိုစိုအိအိလေးတွေကို မနမ်းမိအောင် ထိန်းထားရင်း သူ့ဟာသူ သက်ပြင်းလည်း ချမိ၏။
“ လုမန် .. ကိုယ့်ကို ကြိုက်ရင် ကြိုက်တယ်လို့ ဝန်ခံစမ်းပါ၊ ဘာမှခက်ခဲတာလည်းမဟုတ်ဘူး၊ နောက်တစ်ခါခံစားရမှာကိုတွေးပြီး သတ္တိကြောင်နေမယ့်အစား မင်းကို သစ္စာဖောက်တယ်ဆိုတဲ့ တစ်နေ့ကျရင် ဒီကောင်ကို နုပ်နုပ်စင်းပြီး ခွေးစာကျွေးပစ်မယ်ဆိုတာမျိုး တွေးကြည့်ပါလား ”

ဘယ်သူတွေကများ သူတို့ကိုယ်သူတို့ အဲ့ဒီလိုပြောကြသလဲ..

“ ရှင်က ရှေ့ကို ကြိုပြောနေတာလား၊ တစ်နေ့မှာ အဲ့ဒီလိုနေ့မျိုး ရောက်လာပါလိမ့်မယ်ဆိုပြီး အနာဂတ်အတွက် ကြိုပြင်ထားဖို့ ပြောနေတာလား ”
လုမန်က မျက်ခုံးပင့်ပြီး မေးသည်။

ဟန်ကျိုးလီ ဒေါသဖြစ်သွားကာ သူမခါးကို တင်းခနဲ ဆုပ်လိုက်မိ၏။
“ ပြဿနာပဲကွာ! ”

ဒီကောင်မလေး သိပ်စိတ်တိုစရာကောင်းတာပဲ!

သေချာမဖမ်းထားရင် ဒီလက်တွေထဲကနေ လွတ်ထွက်တော့မှာ..

သို့သော် လုမန်မျက်လုံးတွေနီရဲနေတာမို့ သူပဲ တစ်ထစ်လျှော့ချလိုက်ရကာ..
“ အိုခေ အိုခေ ကိုယ် မင်းကို ဇွတ်မခိုင်းတော့ဘူး၊ ဒါပေမဲ့ သေသေချာချာစဥ်းစားကြည့်ပါ ”

လုမန်သည် မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ပြီး ခပ်ကြမ်းကြမ်းဖိပွတ်ကာ သက်ပြင်းရှိုက်ပြီးမှ 
“ သခင်လေး...”

“ လုပ်စမ်းပါ ခေါ်ကြည့်စမ်းပါ ”

“…”
“ ဟန် ” ဆိုတာ ထွက်မလာခင် ဟန်ကျိုးလီ၏ ခြိမ်းခြောက်သံ အရင်ထွက်လာသည်ကြောင့်..

“ ဟန်ကျိုးလီ ”

ဟန်ကျိုးလီ ကျိခနဲ အံကြိတ်မိ၏။
ရတယ် ထားလိုက်ဦး .. အနည်းဆုံးတော့ သခင်လေးဟန်ဆိုတာထက် တော်နေသေးတယ်.. သခင်လေးဟန်ဆိုတာကြီးလောက် မစိမ်းဘူး..

“ ဟုတ်ပါတယ် ကျွန်မက သတ္တိကြောင်တဲ့သူပါ၊ အဲ့ဒီအဆင့်ကို လွယ်လွယ် မကျော်ဖြတ်ရဲဘူး၊ ပြီးတော့ ကျွန်မ ခံစားခဲ့ရတာတွေကို ရှင် မသိပါဘူး၊ အဲ့ဒီအဆင့်ကိုကျော်ဖြတ်ဖို့ ကျွန်မအတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုလည်း ရှင် နားလည်မှာမဟုတ်ဘူး ”
လက်ချောင်းထိပ်လေးတွေနှင့် မျက်လုံးတွေကို ပွတ်တိုက်လိုက်တော့ စိုစွတ်မှုကို ခံစားရ၏။
“ တစ်သက်လုံး ဒီလိုနေသွားလို့ မရတာကို ကျွန်မ နားလည်ပါတယ်၊ ရှင် ကျွန်မကို စဥ်းစားဖို့အချိန်လေးပဲ ပေးပါ .. နော် ”

လုမန် စကားဆုံးတာနှင့် အတန်ကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက်မှာ..

“ ကောင်းပြီ ”

ဟန်ကျိုးလီက သူမကို လွှတ်ပေးပြီး မတ်မတ်ပြင်ထိုင်သည်။
“ စားတော့ အေးကုန်တော့မယ် ”

လုမန်က မတ်မတ်ပြင်ထိုင်ပြီးတာနှင့် ဟန်ကျိုးလီကို မသိမသာ ခိုးကြည့်၏။ သူ့မျက်နှာအမူအရာမှာ စိတ်ဆိုးတာတွေ စိတ်မကောင်းဖြစ်တာတွေ မရှိဘဲ ပုံမှန်အတိုင်းဖြစ်သည်။

“ ဘာတွေကြည့်နေတာလဲ.. ကိုယ်အဲ့ဒီလောက်သဘောထားသေးသိမ်တဲ့ကောင်မဟုတ်ဘူး ”
ဟန်ကျိုးလီက သူမလက်တွေထဲကို တူတွေထည့်ပေးရင်း ပြောသည်။
“ ရက်အနည်းငယ်လေးပဲ စောင့်ရတာကို ”

လုမန် : “…”

အဲ့တော့ ရက်အနည်းငယ်ပဲ စဥ်းစားခွင့်ပေးဖို့ ကြံထားတာပေါ့လေ

“ မင်းကို ရက်ပိုင်းလောက်ပဲ အချိန်ပေးမှာ ”

တွေးနေတာတွေကို သိနေသလိုမျိုး ပြောသည်။

“ အန်တီဆေးရုံဆင်းမယ့်နေ့ .. လာမယ့် စနေနေ့ မတိုင်ခင်အထိပဲ .. ”

ဟန်ကျိုးလီဟာ သူမစွန့်စားဖို့ ထိုက်တန်ရဲ့လား
ဒီရက်ပိုင်းအတွင်းမှာ စဥ်းစားပြီးလောက်မှာပါ..

***

ဟန်ကျိုးလီနှင့် နေ့လယ်စာစားပြီးသည့်နောက် သူ့မှာလည်းအလုပ်တွေရှိနေသည်၊ သူမမှာလည်း အလုပ်တွေပုံနေတာကို တွေးမိပြီး လုမန် အရင်ထွက်လာခဲ့လိုက်သည်။

သို့သော် အပြင်ရောက်တာနှင့် စတိုခန်းထဲက ထွက်လာသည့် ယဲ့ရွှမ်းရွှမ်းနှင့်တိုးလေ၏။

မနေ့ကအဖြစ်တွေ ဖြစ်ပျက်ပြီးသည့်နောက်မှာ ယဲ့ရွှမ်းရွှမ်းနှင့် ယဲ့ရှောင်ရှင်းတို့ ရန်ဖြစ်ခဲ့ကြသည်။

ဌာနတူ လုပ်ဖော်ကိုင်ဖက်တွေနှင့်ပင် စကားမပြောဖြစ်တော့ပေ။

နေ့လယ်မှာ ယန်ဖန်းချီက ကျန့်ရှောင်ယင်းကို ထမင်းစားဖို့ ခေါ်သည့်အချိန်တွင် သူမကိုတော့ ခေါ်ဖော်မရသဖြင့် ယဲ့ရွှမ်းရွှမ်းမှာ ပါဆယ်မှာပြီး စတိုခန်းထဲတွင် တစ်ယောက်တည်း စားသောက်ရလေသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now