136 ~ 140

3.1K 250 21
                                    

Unicode :

အခန်း [ ၁၃၆ ]

လုမန် အပေါ်ထပ်ကို တက်လာသည့်အချိန်တွင် ယဲ့ရွှမ်းရွှမ်းသည် အောက်ထပ်မှာ ပါဆယ်မှာထားတာတွေကို သွားယူနေတာဖြစ်သည်။

သို့သော် နေ့လယ်စာစားပြီး ဟန်ကျိုးလီရုံးခန်းထဲကနေ ထွက်လာသည့် လုမန်ကို တွေ့လိုက်ရမည်ဟု မထင်ထားမိပေ။

ယဲ့ရွှမ်းရွှမ်း၏ အကြည့်တို့သည် လုမန်မျက်နှာဆီကနေ ဟန်ကျိုးလီရုံးခန်းဆီကို ရောက်သွားသည်။ ထို့နောက် လုမန်ကို ပြန်ကြည့်လိုက်ချိန်တွင် စက်ဆုပ်ရွံရှာမှုများနှင့်ဖြစ်၏။

လုမန် တကယ် အရှက်မရှိတာပဲ သူဌေးကိုမြှူဆွယ်ဖို့ ဒီအထိ ရောက်လာတာပေါ့လေ..

သူဌေးက မနေ့က သူ့ဘက်က ဝင်ပြောပေးလိုက်လို့ သူ့ကိုယ်သူ ထူးခြားတယ်ဆိုပြီး စိတ်ကြီးဝင်သွားတာလား..

ဘယ်လိုဆင်ခြေပေးပြီး ရောက်လာတယ်မသိပေမယ့် အခုချိန်ကိုကြည့်ရရင် သူဌေးက သူ့ကို သေချာပေါက် အဖက်လုပ်မှာမဟုတ်ဘူး ..

သူဌေးမှာလည်းဦးနှောက်ရှိတာပဲ လုမန်ရဲ့အကြံတွေကို မရိပ်မိဘဲ နေပါ့မလား..

လုမန် သတိပေးစာ ပေးခံထိမည်ကို ယဲ့ရွှမ်းရွှမ်း မျှော်လင့်နေတော့သည်။

ဤကဲ့သို့ ယဲ့ရွှမ်းရွှမ်း တွေးနေတာတွေကို လုမန် မသိသော်လည်း ကောင်းတာမဟုတ်မှန်းတော့သိသည်။ သို့သော် အာရုံမခံချင်တာကြောင့် ရုံးခန်းကိုပဲ ပြန်ခဲ့လိုက်၏။

ရောက်တာနှင့် စာရွက်စာတမ်း တစ်ပုံတစ်ခေါင်းကြီးက ဆီးကြိုနေကာ မလုပ်ချင်လည်း ဆက်လုပ်ရတာပင်။ 

ရုံးဆင်းချိန်ရောက်သည့်အခါတွင်ပင် လုမန် အလုပ်တွေမပြီးသေးပါ။

ယဲ့ရှောင်ရှင်း ကမူ သူမ ကံဆိုးမိုးမှောင်ကျနေတာကို အရသာတွေ့နေလေ၏။ 
“ ဒီစာရွက်စာတမ်းတွေက မနက်ဖြန်မီတင်မှာ လိုအပ်တဲ့ဟာတွေနော်၊ ဒီနေ့ လက်စသတ်ပြီးဖို့ လိုတယ် ”

လုမန်က သူမကို တစ်ခွန်းမှ ပြန်မပြောဘဲ ရှချင်းဝေဆီကို ဖုန်းဆက်ပြီး ဒီည အချိန်ပိုအလုပ်ဆင်းရမည်ဖြစ်ကြောင်း ပြောလိုက်သည်။

“ မိန်းကလေးသိုက်! ”
ကားပါကင်သို့ သိုက်ယီးရန် သွားနေစဥ် ခေါ်သံကို ရုတ်တရက် ကြားလိုက်ရ၏။

ထို့နောက်မှာတော့ ယဲ့ရွှမ်းရွှမ်း ပြေးလာတာကို သူမ မြင်လိုက်ရသည်။

ယဲ့ရွှမ်းရွှမ်းသည် တစ်နေ့ခင်းလုံး ရုံးခန်းထဲတွင် နေပြီး အီးမေးလ်အသစ်ဝင်လာမှာကို စောင့်နေခဲ့သည်။ သို့သော်လည်း လုမန် သတိပေးစာ ပေးခံထိသည့် သတင်းကိုတော့ မတွေ့ရ။

ထို့ကြောင့် သိုက်ယီးရန်ကို လာရှာခဲ့တာဖြစ်၏။

“ ဘာများလဲ ”
ယဲ့ရွှမ်းရွှမ်းကို မြင်သောအခါ မနေ့က အရှက်ကွဲခဲ့ရတာကို မှတ်မိသွားသဖြင့် သိုက်ယီးရန်မျက်နှာသုန်မှုန်နေတော့သည်။

သို့သော် ယဲ့ရွှမ်းရွှမ်းက မမြင်ချင်ယောင်ဆောင်ထားလိုက်၏။ သိုက်ယီးရန်က အားကိုးလို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုချိန်မှာ တခြားရွေးချယ်စရာရယ်လို့ မရှိ။ 

ပြီးတော့ လုမန်ကို နားအေးပါးအေးပေးမနေနိုင်!

“ ပြောပြစရာလေးရှိလို့ပါ ”
ယဲ့ရွှမ်းရွှမ်းက နားလည်ရခက်အောင်ပြောပြီး အနားတိုးကပ်သွားသည်။ 

“ ဘာကိစ်စလဲ ”
သိုက်ယီးရန် စိတ်မရှည်တော့။

“ နေ့လယ်တုန်းက လုမန် သူဌေးဆီကို လာတာကို တို့ မြင်လိုက်တယ်၊ ဒါပေမဲ့ သူဌေးကတော့ သူ့ကို အသိအမှတ်မပြုလောက်ပါဘူး၊ သူက တော်တော့်ကို အရေထူတာပဲနော်။ သူဌေးကိုတောင် လာမြှူဆွယ်တာ.. လူတွေ မကြိုက်ကြတာလည်း မဆန်းပါဘူး  ”
ယဲ့ရွှမ်းရွှမ်းက ပြုံးလိုက်ရင်း 
“ ညီမနဲ့သူဌေးရဲ့ဆက်ဆံရေးကတော့ သာမန်ထက်ပိုမှာသေချာပါတယ်၊ သူဌေးက သူနဲ့ ညီမရဲ့ဆက်ဆံရေးကို ကုမ္ပဏီမှာ ဖွင့်ချမပြတာနဲ့ပတ်သက်ပြီး သိပ်လည်းမစိုးရိမ်ပါနဲ့၊ တကယ်က ကောလာဟလတွေထွက်မှာ စိုးလို့ထင်တယ်၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားချင်တာမျိုးပေါ့၊ ညီမတို့ရဲ့ပတ်သက်မှုကို နှစ်ကိုယ်ချင်းပဲသိထားတာလည်း ကောင်းတဲ့ကိစ္စပါပဲ။ ပြီးတော့ သူဌေးရဲ့အိမ်က လူကြီးတွေက ညီမကို အသိအမှတ်ပြုထားတာပဲ မဟုတ်လား၊ အပြင်ဘက်က အဲ့ဒီကြက်ရိုင်းတွေကတော့ ဘာတွေလုပ်လုပ် ဖီးနစ်ငှက်ဖြစ်မလာနိုင်ပါဘူး ”

“ ဟုတ်တယ်နော် ”
သိုက်ယီးရန် မြောက်သွားသည်။
“ ကျွန်မ အဲ့ဒီလိုမျိုး မတွေးမိဘူး .. ရှင်က တော်တော်စဥ်းစားတတ်တာပဲ ”

“ အဟင်းဟင်း တချို့လူတွေ တို့လိုအသိမရှိတာတော့စိတ်မကောင်းစရာပဲ၊ လုမန်ကလေ သူဌေး မနေ့ကလုပ်သွားတာတွေကို သူ့ကို ကူညီဖို့လို့ ထင်နေတာရယ်၊ ခုလည်း သူ့ကိုယ်သူ သာမန်မဟုတ်ဘူးလို့ ထင်နေပုံရတယ် ”

သိုက်ယီးရန်မျက်နှာ မည်းခနဲ ဖြစ်သွားကာ ခြေလှမ်းတို့၏ ဦးတည်ရာကို ကုမ္ပဏီဘက်သို့ လှည့်လိုက်တော့သည်။

ထွက်သွားချိန်မှာ နှုတ်ဆက်စကားပင် မပြောဘဲ သိုက်ယီးရန် မလေးမစားလုပ်သွားခြင်းကို ယဲ့ရွှမ်းရွှမ်း နည်းနည်းမှ မမှုပါ၊ အဘယ်ကြောင့်ဆိုသော် ယဲ့ရွှမ်းရွှမ်းအတွက် အရေးအကြီးဆုံးအရာသည် လုမန် ဒုက္ခရောက်ဖို့ပဲ ဖြစ်လေ၏။

ထို့ကြောင့် တစ်ချက်လေးမှ စဥ်းစားခြင်းမရှိဘဲ ဘေးကနေ ပွဲကြည့်ဖို့ စိတ်ကူးရင်း သိုက်ယီးရန်နောက်ကို ချက်ချင်း လိုက်သွားခဲ့သည်။

***

ပြည်သူ့ဆက်ဆံရေးဌာနရှိ ဝန်ထမ်းအားလုံး ပြန်သွားကြပြီဖြစ်ကာ ဝူလီကျဲသည် မပြန်ရသေးသည့်လူဖြစ်၏။

အစောပိုင်းက ရုံးခန်းထဲတွင် အလုပ်လုပ်နေရင်း လုမန်ကို သူ စောင့်ကြည့်နေခဲ့ကာ သူမ ပစ္စည်းတွေ မသိမ်းသေးတာကို သတိထားမိလိုက်၏။ ထို့ကြောင့် လုမန်နှင့် နှစ်ယောက်တည်းအတူကျန်ခဲ့မည့် အခွင့်အရေးကို ရှာလိုသဖြင့် ဝူလီကျဲတစ်ယောက် မပြန်သေးဘဲ ဟိုဟိုသည်သည် အချိန်ဖြုန်းနေခဲ့တာဖြစ်သည်။

လုမန်က ကွန်ပျူတာရှေ့မှာထိုင်ပြီး အလုပ်လုပ်နေ၏။ မှန်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း ဝူလီကျဲ ကိုယ့်နဖူးကိုယ် လက်ဖြင့် အုပ်ကာ ထောက်လိုက်မိသည်။

အရင်ကတော့ သူ့အမေပြောခဲ့တာတွေကြောင့် လုမန် သူနဲ့ ခပ်ကင်းကင်းနေတာကို နားလည်ပေးလို့ရခဲ့သည်။

သို့သော် သူမနှင့် ပြောဆိုဆက်ဆံပြီးနောက်မှာ သူမအကြောင်းတွေ ပိုသိလာခဲ့ရသမျှ သူ့အမေ အဲ့ဒီစကားတွေပြောခဲ့တုန်းက မတားဆီးနိုင်ခဲ့တာကို နောင်တတွေရမဆုံးဖြစ်လာသည်။ 


အခန်း [ ၁၃၇ ]

သူ လုမန်ကို သဘောကျနေပါပြီ။ လေးစားခြင်းတွေ တိုးလာသည်နှင့် နှစ်သက်သဘောကျခြင်းတွေအဖြစ်သို့ ရောက်ရှိသွားခဲ့၏။

အရင်က အထင်လွဲစရှိဖူးထား၍ လုမန်အတွက် သူ့ကို လွယ်လွယ် လက်ခံပေးဖို့ ခက်ခဲလိမ့်မည်။

ထို့ပြင် သူတို့ဆက်ဆံရေးက အထက်လူကြီးနှင့် လက်အောက်ငယ်သားလိုမျိုး ဖြစ်နေ၏။ 

ဝူလီကျဲ ခေါင်းကိုက်လာသည်မို့ သူ့မျက်ခုံးကြားနေရာကို နှိပ်နယ်လိုက်သည်။ ထို့နောက် ထရပ်လိုက်ကာ ရုံးခန်းထဲကနေ ထွက်ခဲ့၏။

စားသောက်ဆိုင်ကို ဆက်မလို့ ဖုန်းကို ကိုင်လိုက်တာဆိုပေမယ့် ဟန်ကျိုးလီဆီက ဖုန်းဝင်လာ၏။ စိတ်ချင်းဆက်သွယ်နေသည်ထင်ပါ့..

ပြောတော့ စဥ်းစားတာကို စောင့်ပေးမယ်ဆိုပြီး အေးဆေးစဥ်းစားခွင့်မပေးဘဲ နည်းအမျိုးမျိုးနဲ့ သူရှိနေကြောင်း ပြနေတာ ဒီက ဘယ်လိုများ သေချာ စဥ်းစားနိုင်မှာလဲ.. 

“ သခင်လေးဟန် ”

ခုချိန်မှာ ဘယ်လိုခေါ်ပါဆိုပြီး လုံးချာလိုက်မနေချင်ပေ။ သူတို့တွဲဖြစ်ပြီဆိုသည့်နောက်မှာ သူ တဖြည်းဖြည်း အတိုးချယူသွားလို့ရနေတာပဲ။

“ မင်း ခုထိ ရုံးမဆင်းသေးဘူးလား ”

ဟန်ကျိုးလီ ကုမ္ပဏီ၏ ပင်မဝင်ပေါက်မှာ မတ်တပ်ရပ်နေတာဖြစ်သည်။ လူတွေ ဟိုတစ်စု သည်တစ်စု ထွက်လာနေကြတာကို မြင်နေရပေမယ့် လုမန်ကိုတော့ အရိပ်အယောင်ပင် မတွေ့ရ။

“ သူဌေးကြည့်နေတာကြီးက ကြောက်ဖို့ကောင်းလိုက်တာဟယ်၊ ငါတို့ရုံးဆင်းတာအချိန်မှန်နေလို့ အလုပ်အပေါ်မှာ လေးနက်မှုမရှိဘူးဆိုပြီး ဒေါပွနေတာများလား ”

“ ငါလည်း ခံစားမိတယ်ဟဲ့၊ တို့တွေကို ကျင်းထဲပစ်ထည့်ချင်နေသလိုမျိုးကြီး ကြည့်နေတာနော်၊ ပြန်သွားပြီး အချိန်ပိုဆင်းကြမလား.. ”

ဟန်ကျိုးလီကတော့ သူ ကုမ္ပဏီဝင်ပေါက်မှာ မတ်တပ်ရပ်စောင့်လို့ ဝန်ထမ်းတွေကြောက်လန့်သွားကြတာကို နည်းနည်းတောင် သတိမထားမိ။

“ ကျွန်မ ဒီည အချိန်ပိုအလုပ်လုပ်မှာမို့လို့ ဒီမှာပဲ နေခဲ့မှာပါ ”

ဟန်ကျိုးလီ မျက်ခုံးတွေ တွန့်ချိုးသွားတော့၏။ 
“ မင်းက အလုပ်စလုပ်တဲ့ ဒုတိယနေ့မှာတင် အချိန်ပိုဆင်းနေပြီ ဟုတ်လား .. မင်းတို့ဌာနက ကျန်တဲ့သူတွေကရော ”

“ သူတို့တွေက အလုပ်တွေ ပြီးသွားကြပါပြီ ”
လုမန်က ဖုန်းကို နားနှင့်ပခုံးကြားညှပ်လိုက်ကာ စာရွက်စာတမ်းတွေကို လှန်လှောဖွင့်၏။ 

“ တုလင်းကိစ္စလား အဲ့ဒါ မင်း ပြင်ဆင်လို့ပြီးပြီမဟုတ်ဘူးလား ”

“ မဟုတ်ပါဘူး၊ အခုက အစမ်းခန့်ကာလပဲရှိသေးတာဆိုတော့ ကျွန်မ လေ့လာစရာတွေက အများကြီးပဲ ”
လုမန် စကားပြောနေစဥ် ဝူလီကျဲ လျှောက်လာတာကို မြင်လိုက်ရ၏။

“ လုမန် ”
ဝူလီကျဲ သူမကို ခေါ်လိုက်သည်။

“ ဒါပဲနော် ဖုန်းချလိုက်တော့မယ် ”

ဖုန်းထဲမှာ ဝင်လာတာ ဝူလီကျဲအသံမှန်း ဟန်ကျိုးလီ သိလိုက်သည်။ အဲ့တော့ ဝန်ထမ်းတွေအားလုံးပြန်သွားပြီး ဝူလီကျဲက ကျန်နေခဲ့တာပေါ့ ..

ဟန်ကျိုးလီ မျက်ဝန်းတွေကို မှေးကျဥ်းပစ်ပြီး ကျန့်ထျန်းမင်ဆီကို ဖုန်းဆက်လိုက်သည်။
“ မင်းဘယ်မှာလဲ ”

“ ကားပါကင်မှာပါ .. သူဌေး ဘာခိုင်းချင်လို့လဲ ” ကျန့်ထျန်းမင် ကားထဲကို ဝင်တော့မလို့ပေမယ့် ရပ်နေလိုက်ရ၏။

“ ဝူလီကျဲဆီကို ဖုန်းဆက်ပြီး အလုပ်တစ်ခုခုပေးလိုက်စမ်းပါ ဘာဖြစ်ဖြစ်ရတယ် ”
အထဲကို ပြန်လှည့်ဝင်ရင်း ဟန်ကျိုးလီ ပြောလိုက်သည်။

ကျန့်ထျန်းမင် ဟန်ကျိုးလီဆီမှာ အလုပ်လုပ်နေတာကြာပြီဖြစ်၍ အကြောင်းသိနေပြီဖြစ်၏။
“ အလုပ်က ဘယ်လောက်ကြာပေးရမလဲဗျ ”

“ လုမန်ဆီကိုပြန်လာလို့မရအောင်ကြာရင်ရပြီ ”
ဟန်ကျိုးလီ အံကြိတ်ပြီး ပြောလိုက်သည်။

ကျန့်ထျန်းမင် သဘောပေါက်ပြီ ဖြစ်၏။ လုမန် အချိန်ပိုအလုပ်လုပ်နေတာပဲဖြစ်ပါလိမ့်မည်။

“ သဘောပေါက်ပါပြီ ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါ့မယ် ”

ထိုအချိန်မှာ ကုမ္ပဏီသို့ ပြန်လာနေသည့် သိုက်ယီးရန်သည် ဒေါသမီးတောက်လောင်နေခဲ့ကာ လုမန်ကို သင်ခန်းစာပေးချင်ဇောကြီးနေသည့်အတွက် လူအုပ်ကြီး၏ တစ်ဖက်တွင် ရှိနေသည့် ဟန်ကျိုးလီကိုပင် မမြင်ဘဲ ဓာတ်လှေကားထဲကို ပြေးဝင်သွားခဲ့သည်။

***

လုမန် ဖုန်းချပြီးတာနှင့် ဝူလီကျဲကို ကြည့်လိုက်ကာ ..
“ မန်နေဂျာဝူ ရှင် မပြန်ရသေးဘူးလား ”

“ အဲ့ဒီမေးခွန်းကို ကိုယ်က မေးရမှာ ”
ဝူလီကျဲက ခေါင်းငုံ့ပြီး သူမစားပွဲပေါ်က စာရွက်စာတမ်းဖိုင်တွေကို ကြည့်သည်။
“ မင်းမှာ ဘာဖြစ်လို့ အလုပ်တွေပုံနေရတာလဲ ”

လုမန် ပြုံးရုံပြုံးပြလိုက်သည်။

သို့သော် ဝူလီကျဲက ဘာ့ကြောင့်ဆိုတာကို ချက်ချင်း တန်းတွေးမိ၏။

သိုက်ယီးရန်သည်လည်း အလုပ်သင်တစ်ဦးဖြစ်ပါလျက်နှင့် စောစော အလုပ်ဆင်းသွားသည်။ လုမန်တစ်ယောက်သာလျှင် ကျန်ခဲ့သည့်အတွက် ဝိုင်းကြဥ်ခံထားရတာသေချာနေ၏။

ပြီးတော့ သိုက်ယီးရန်က ဝန်ကြီးသမီးဖြစ်လို့ မျက်နှာလုပ်ချင်နေသူတွေ အများကြီးရှိသည်။ ထို့ကြောင့် သိုက်ယီးရန်ဘက်ကပါဝင်ကူညီပြီး လုမန်ကို ခက်ခဲပင်ပန်းအောင် လုပ်နေကြတယ်ဆိုတာ ခန့်မှန်းကြည့်ဖို့ မခက်ပေ။

ဝန်ထမ်းတွေက သိုသိပ်စွာ လုပ်ဆောင်နေကြပြီး ဒါကို တိုင်ကြားမည့်သူ တစ်ယောက်မှ မရှိသရွေ့ သူဟာ အထက်လူကြီးဖြစ်နေလျှင်ပင် သွားပြောတာမျိုးလုပ်လို့မရပေ။ မဟုတ်လျှင် ဌာနတွင်း တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးသလိုဖြစ်မည်။ 


အခန်း [ ၁၃၈ ]

“ တောင်းပန်ပါတယ် .. ကိုယ် ဒီကိစ္စတွေကို သတိမထားမိလိုက်ဘူး၊ သူတို့ အသိတရားရစေမယ့် နည်းလမ်းလေး ရှာကြည့်လိုက်ပါဦးမယ် ”
ဝူလီကျဲက မျက်မှောင်ကုတ်လျက်နှင့် ပြောလေသည်။

“ ရပါတယ် ဒီလိုကိစ္စအတွက် ရှင့်မျက်နှာကိုပြလို့ ဘယ်ဖြစ်ပါ့မလဲ၊ ရှင် ဝင်ပါလိုက်မှ သူတို့ စိတ်ဆိုးပြီး ကျွန်မအတွက် ပိုဆိုးသွားလိမ့်မယ် ”

ဝူလီကျဲ စိုးရိမ်စွာဖြင့် မျက်ခုံးတွေတွန့်ချိုးမိ၏။
“ ဒါပေမဲ့ ဒီဟာတွေနဲ့ ဂျင်ခြေလည်နေရမယ်ဆိုရင် တုလင်းကိစ္စကို မင်းဘယ်လိုလုပ်မလဲ၊ ပြီးအောင်လုပ်ဖို့ အချိန်ရှိပါ့မလား ”

ပြီးတာကြာပြီလို့တော့ ပြောမည် မဟုတ်ပါ။
“ သေချာပေါက် ရှိမှာပါ။ ဒီလိုပြဿနာလေးကိုမှ မကျော်လွှားနိုင်ရင် တိုးတက်ချင်ပါတယ်လို့ ကျွန်မ ပြောတာ အလကားပဲဖြစ်နေမှာပေါ့ ”

လုမန် စိတ်ပိုင်းဖြတ်ပြီးသည်ကို ဝူလီကျဲ မြင်သောအခါ လုမန်၏ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းနှင့် အနိုင်မခံအရှုံးမပေးလိုသော စိတ်ကို လေးစားမိသွားလေသည်။

တစ်ယူသန်တာ၊ ခေါင်းမာတာမဟုတ်ဘဲ လိုချင်တာကို သေချာစွာ သိပြီး ရပ်တန့်၍မရသော အရှိန်ကောင်းကောင်းဖြင့် ထိုလမ်းကြောင်းအတိုင်း ပြေးဖို့ ဆုံးဖြတ်ထားတာဖြစ်သည်။

လမ်းတွင် ချိုင့်ခွက်တွေရှိနေလျှင် ကျော်ခွသွားသည်။

ရှေ့မှာ အတားအဆီးတွေရှိလာလျှင် ရှောင်ဖယ်သွားလိုက်သည်။

ကိုယ်ရည်သွေးခြင်း မရှိဘဲ ခြေလှမ်းမှန်မှန်နှင့် ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း ချီတက်လာခဲ့၏။ 

လုမန် တည်ငြိမ်အေးဆေးနေတာကို မြင်ရသဖြင့် ဝူလီကျဲလည်း သူမ လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မှုတွေရှိလာသည်။

ထိုအခိုက် လုမန်က ကွန်ပျူတာကို ကြည့်နေခဲ့ရာ ဝူလီကျဲကြည့်နေတာကို မသိလိုက်ပေ။ 

ဝူလီကျဲ တစ်စုံတစ်ရာပြောတော့မည့်အချိန်မှာပဲ ကျန့်ထျန်းမင်ဆီက ဖုန်းဝင်လာသည်။
“ အခုလား ”

“ ဟုတ်တယ် အရေးပေါ်မို့လို့ပဲ ”

“ အင်း ကျွန်တော် အခု လာခဲ့မယ် ”
ဝူလီကျဲ ဖုန်းချလိုက်ပြီးမှ
“ ပထမတော့ ဒီမှာနေခဲ့ပြီး မင်းကို ကူညီမလို့ပဲ၊ ဒါပေမယ့် လက်ထောက်ကျန့်ဆီမှာ တို့အတွက် အလုပ်ပေါ်လာလို့၊ ကြည့်ရတာ ကိုယ်လည်း အချိန်ပိုဆင်းရတော့မယ် ထင်တယ် ”

သူ အချိန်ပိုအလုပ်လုပ်ရမည် ဖြစ်သော်လည်း လုမန်နှင့် ဒီမှာ မနေနိုင်သဖြင့် တော်တော်စိတ်ပျက်မိသည်။

သူ့အလုပ်ကို ဒီကိုယူလာပြီး လုမန်နဲ့အတူ အလုပ်လုပ်ရင် အဆင်ပြေမလား မသိ..

စဥ်းစားကြည့်လိုက်တော့ ဒီအကြံ မဆိုးဘူးလို့ထင်သည်။

“ ကိုယ် သွားကြည့်လိုက်ဦးမယ်၊ တကယ်လို့ အဆင်ပြေရင် အလုပ်ကို ဒီယူလာခဲ့မယ်လေ၊ မင်းနဲ့အတူ လုပ်လို့ရတာပေါ့ ”

ပြန်လာလို့ရမှာမဟုတ်တာကို သိနေတာမို့ လုမန် ဘာမှပြန်မပြောဖြစ်လိုက်ပေ။

ကျန့်ထျန်းမင် အလုပ်ကိုအကြောင်းပြပြီး ဖုန်းဆက်လာတယ်ဆိုကတည်းက ဟန်ကျိုးလီစနက်ဆိုတာကို တွေးလိုက်မိသည်။

ဝူလီကျဲ ထိပ်ဆုံးထပ်သို့ ရောက်သည့်အချိန်တွင် ကျန့်ထျန်းမင် ပြေးပြေးလွှားလွှားနှင့် ပြန်ရောက်ကာစဖြစ်၏။ 

စားပွဲဆီကို လျှောက်ရင်း သူ တွေးနေခဲ့မိသည်။ လူတွေ အလုပ်လုပ်ဖို့ အချိန်ပိုဆင်းတာကို ကြားဖူးပေမယ့် သူဌေး လူပျိုကြီးမဖြစ်ရေးအတွက် အချိန်ပိုဆင်းပေးရတာကိုတော့ မကြားဖူးပေါင်..

ထိုစဥ် ဝူလီကျဲ ရောက်လာခဲ့၏။

“ လက်ထောက်ကျန့် .. ဒီလောက် အရေးပေါ်ဖြစ်နေရအောင် ဘာကိစ္စများလဲ ”

ကျန့်ထျန်းမင် စိတ်ထဲမှာ အော်ရယ်လိုက်မိ၏။
“ ဒီလိုပါ သောကြာနေ့ည နန်းယင် ပရဟိတပွဲအတွက် မင်းတို့ PR ဌာနက ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားပြီးပြီလဲ ”

“ ကျွန်တော် စောစောကမှ ခင်ဗျားဆီကို အဲ့ဒီအတွက် စာတင်ပေးလိုက်တာ မဟုတ်ဘူးလား ”
ဝူလီကျဲက ထူးဆန်းသလို မေးသည်။

“ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါ နားမလည်တဲ့ တချို့အပိုင်းလေးတွေရှိနေသေးတယ်၊ အဲ့ဒါတွေကို ဘာပဲဖြစ်ဖြစ် အခုပဲ သေချာပိုက်စိပ်တိုက်ပြီး လိုက်ရှင်းရအောင်ကွာ ”
ကျန့်ထျန်းမင်က ဖိုင်ကို ထုတ်ယူရင်း ဝူလီကျဲကို ထိုင်ဖို့ ပြောသည်။

ဝူလီကျဲ ခေတ္တဆွံ့အသွားသည်။ ပြီးမှ..
“ နားမလည်တာရှိရင် ရုံးချိန်အတွင်းမှာ ပြောလို့ရနေတာပဲကို၊ ဘာဖြစ်လို့ အခုချိန်ကြီးကျမှ ”

“ သူဌေးရဲ့အချိန်ဇယားက တအားကျပ်တယ်ကွ၊ မနက်ဖြန်မနက်ပိုင်းပဲ တင်ပြမှာကို နားထောင်ဖို့ အချိန်ရတာ၊ အဲ့ဒါကြောင့် မနက်ဖြန် မင်းအလုပ်လာတဲ့အချိန်အထိ စောင့်ရမယ်ဆိုရင် မင်းကို သွားရှာတာနဲ့ရော အချိန်တွေ ကြန့်ကြာသွားလိမ့်မယ်၊ သူဌေးမှာက အဲ့ဒီနောက်ပိုင်း အချိန်ရှိတာမဟုတ်ဘူး ”
ကျန့်ထျန်းမင်က ရှင်းပြသည်။

ဒီဖြစ်စဥ်တစ်ခုလုံး ထူးဆန်းနေတာကို သိသည်။ သို့သော် ဝူလီကျဲ ပြောလို့မရသည်မို့ မျိုသိပ်ထားလိုက်ရကာ အားလုံးကို ကျန့်ထျန်းမင်အား ရှင်းပြလိုက်သည်။

စိတ်ထဲမှာတော့ လုမန်နဲ့အတူ အချိန်ပိုမဆင်းနိုင်တော့ခြင်းအတွက် သက်ပြင်းတွေချနေမိလျက်။

***

ဝူလီကျဲ ထွက်သွားသည့်နောက်မှာ ဒေါက်ဖိနပ်သံတွေ နီးနီးလာတာကို လုမန် ကြားနေရသည်။

မျက်မှောင်ကုတ်လေးနှင့် မော့ကြည့်လိုက်တော့ သိုက်ယီးရန်က အထဲဝင်လာပြီး ဒေါသတွေနှင့် သူမဆီကို ပြေးလာနေသည်။

လုမန် မျက်ခုံးပင့်မိသွား၏။ ပုံစံက ကောင်းသောလာခြင်းနှင့်ဟုတ်ပုံမရသဖြင့် ထပြီးတော့လည်း ရပ်လိုက်မိသည်။


အခန်း [ ၁၃၉ ]

ထိုင်ပြီး ရင်ဆိုင်မယ်ဆိုရင် ကိုယ့်ဘက်က ရှုံးရဖို့တွေရှိနေတာမို့ ..

“ ကောင်မ!.. ”
သိုက်ယီးရန်က အနားရောက်သည်နှင့် ဆဲဆိုပြီး လက်ကို မြှောက်ကာ ရိုက်သည်။

လုမန်က ဝေ့တက်လာသည့် ထိုလက်ကို လက်ကောက်ဝတ်ကနေ ဆွဲဖမ်းပြီး ဆောင့်တွန်းပစ်လိုက်၏။

ထိုအခါ ခြေမခိုင်သည့် သိုက်ယီးရန် ချည့်နဲ့စွာ နောက်ကိုဆုတ်ထွက်သွားလေသည်။

“ ဘာတွေအရူးထနေတာလဲ! ”
လုမန် ဒေါသလည်းဖြစ် စိတ်လည်းတိုသွား၏။

သိုက်ယီးရန်သည် အနောက်မှာရှိနေသည့် အလုပ်စားပွဲခုံရှေ့ဘက်နှင့် ထိမိမှ ရပ်တန့်သွားသည်။ ထို့နောက် စားပွဲစွန်းကို မှီထားရင်း လုမန်ဘက်ကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်ကာ..
“ လုမန် နင် အရှက်ရှိစမ်းပါ အစ်ကိုဟန်နဲ့ကင်းအောင်နေစမ်း ”

ထိုစကားတွေကို ကြားလိုက်ရသည့်အချိန်တွင် ဘာတွေဖြစ်ခဲ့ပြီဆိုတာကို လုမန် သိလိုက်၏။

နေ့ခင်းတုန်းက ဟန်ကျိုးလီရုံးခန်းထဲကနေ သူမ ပြန်ထွက်လာသည့်အချိန်မှာ ယဲ့ရွှမ်းရွှမ်းက သူမကို မြင်သွားခဲ့သည်။

ထိုအချိန်က လုမန်ကိုမြင်ပြီး စက်ဆုပ်ရွံရှာသလို အထင်သေးတာတွေ ယဲ့ရွှမ်းရွှမ်းမျက်နှာမှာဖြစ်သွားခဲ့တာသိသာသည်။ သို့သော် ဘာတွေတွေးနေတယ်ဆိုတာကို လုမန် မခန့်မှန်းမိခဲ့ခြင်းတွင် ယဲ့ရွှမ်းရွှမ်းက သူမ ဟန်ကျိုးလီကိုဖြားယောင်းဖို့ ရောက်လာခဲ့သည်ဟု အထင်ရှိသွားသည်ထင်။

လုမန် နှုတ်ခမ်းလေးတွေ စူတူတူဖြစ်သွားသည်။ ဘယ်သူက ဘယ်သူ့ကို ဖြားယောင်းနေတာလဲ.. သူတို့ မသိကြသည့်အဖြစ်အတွက် အခုတော့ စိတ်ထဲကနေပဲ သက်ပြင်းချလိုက်မိသည်။

သူမသာ ဖွင့်ပြောလိုက်ရင် သိုက်ယီးရန် သေလောက်အောင် လန့်သွားမည်လား..

တကယ်တော့ သိုက်ယီးရန်သည် မိမိကိုယ်ကို အလင်းရောင်မပေးနိုင်သော ဖယောင်းညှာတံနှင့်တူသည်။

“ ကျွန်မက ဖြားယောင်းတယ်ပေါ့ ဟုတ်လား ”
လုမန်က ခပ်မဲ့မဲ့ပြုံးပြီး သိုက်ယီးရန်ကိုကြည့်ကာ
“ ကျွန်မ ဘာမှမပြောတာနဲ့ပဲ မမြင်လိုက်ဘူးလို့ ရှင်ထင်သွားတဲ့ပုံပဲ၊ မနေ့က သူဌေးရုံးခန်းထဲမှာတုန်းက ရှင် သူ့ဖောင်တိန်ကိုယူပြီး နမ်းတော့မလို့လုပ်နေတာနော်၊ တစ်အချက် ကျွန်မ သူဌေးဆီကို သွားပြီး မဖြားယောင်းခဲ့ဘူး၊ နှစ်အချက် အဲ့ဒီလိုကိစ္စမျိုးကို တိတ်တခိုးလုပ်နေတဲ့ ရှင့်လိုမျိုး ကျွန်မ မရိုးသားတဲ့လူ မဟုတ်ဘူး ”

သိုက်ယီးရန်သည် မနေ့တုန်းက ကိုယ့်ကိုယ်ကိုယ် လက်လျင်ပြီဟု ထင်ခဲ့သော်လည်း မလုံမလဲနှင့် လုမန် မြင်သွားမှာကို စိုးရိမ်နေခဲ့တာဖြစ်သည်။

ထိုနေ့က ထိုကိစ္စနှင့်ပတ်သက်ပြီး လုမန်ပါးစပ်က ဘာမှ ထွက်မလာခဲ့သဖြင့် သိုက်ယီးရန်က လုမန် မမြင်လိုက်ဘူးဟုပဲ တွေးကာ စိတ်အေးခဲ့ရ၏။ 

ဒါပေမယ့် ခုကျမှ ပေါ်တင်ပြောလာမယ်လို့တော့ ဘယ်ထင်ထားမလဲ။ သိုက်ယီးရန်မျက်နှာရဲတွတ်သွားကာ ခုချိန် ရုံးခန်းထဲမှာ တခြားသူ ဘယ်သူမှရှိမနေတာကိုပဲ ကြံဖန်ကျေးဇူးတင်မိသည်။

“ မဟုတ်တာတွေလျှောက်မပြောနဲ့ .. နင့်ကြောင့် ငါ့နာမည်မှာ အမည်းစက်ထင်သွားဦးမယ်! ”
သိုက်ယီးရန် စိတ်ငြိမ်အောင် လုပ်လိုက်ပြီးမှ
“ နင်ပြောတဲ့ကိစ္စကို မြင်တဲ့သူ ဘယ်သူရှိလို့လဲ။ တန်ဖိုးမရှိတဲ့စကားတွေကို ပြောနေတာက နင်ပဲ။ ဒါပေမယ့် သူဌေးကို နင် သွားဖြားယောင်းတယ်ဆိုတာမှာ မြင်လိုက်တဲ့သူရှိတယ် ”

“ ယဲ့ရွှမ်းရွှမ်းမလား .. သူဌေးရုံးခန်းထဲကနေ ကျွန်မထွက်လာတာကိုပဲ သူမြင်လိုက်တာလေ၊ မဟုတ်တာဘာတွေမြင်လိုက်လို့လဲ၊ ဒါလေးမြင်လိုက်တာကို ဖြားယောင်းတယ်လို့ ဘယ်လိုများ လွယ်လွယ်ပြောထွက်သလဲ ”

“ ဟွန်း.. နင့်အကြံတွေကို မသိဘူးထင်နေလား၊ လုမန် .. လူဆိုတာ ကိုယ့်အခြေအနေကိုယ်သိရတယ်ဟဲ့၊ မနေ့တုန်းက အစ်ကိုဟန် နင့်ကို စကားနည်းနည်းပြောလိုက်တာနဲ့ ဒါ အခွင့်အရေးပဲလို့ မတွေးလိုက်နဲ့၊ အစ်ကိုဟန့်ဘက်ကနေပြောရရင် နင့်လိုလူမျိုးက သူ့ရဲ့ဘောင်းဘီအောက်စကိုတောင် ထိနိုင်မှာ မဟုတ်ဘူး ”

လုမန် တော်တော် စိတ်တိုနေပြီ ဖြစ်သည်။ ဒီနေ့ အလုပ်တွေများပေမယ့် အမြန်ပြီးအောင်လုပ်ပြီး ရှချင်းဝေ အဖော်ရအောင် ဆေးရုံကို သွားချင်တာဖြစ်သည်။ 

ဒါပေမယ့် သိုက်ယီးရန်က ဒီလိုအရေးမပါသည့်ကိစ္စအပေါ်မှာ 'ရမယ်´ရှာပြီး သူမအလုပ်လုပ်နေတာကို နှောင့်ယှက်လာခဲ့၏။

ကိုယ့်အခြေအနေကိုယ် သိရတယ်မှန်း နားလည်နေတယ်ဆိုရင်လည်း ဟန်ကျိုးလီက အစ်ကိုဟန်လို့ ခေါ်ခွင့်မပေးတာကို ဘာဖြစ်လို့ နည်းနည်းမှ ပြောင်းမခေါ်တာလဲ ..

အဲ့ဒီအချိန်တွေမှာ ကိုယ့်အခြေအနေကိုယ်သိတတ်တာတွေက ဘယ်ရောက်သွားသလဲ..

“ အဆင့်အတန်းတွေ အခြေအနေတွေကို ကြည့်တယ်ဆိုတာ ဒိတ်အောက်နေပြီ ခုချိန်မှာ လူတွေ လွတ်လပ်စွာ ချစ်နေကြတာပဲ ဆိုတာမျိုးတော့ လာမပြောနဲ့နော်၊ အဲ့ဒီဟာတွေက နားထောင်လို့ပဲ ကောင်းတယ်၊ တကယ်က ဘာမှမဟုတ်ဘူး၊ တစ်ဦးနဲ့တစ်ဦး သင့်တော်ရဲ့လား လိုက်ဖက်ရဲ့လား သိရအောင် ကိုယ့်လက်တွဲဖော်ရဲ့အဆင့်အတန်း ဘယ်လိုရှိတယ်ဆိုတာကို ကြည့်ဖို့လိုတယ် ဒါ အမှန်တရားပဲ။ ငါ့အဆင့်အတန်း ငါ့အခြေအနေက မွေးကတည်းကနေ အခုထိကို အစ်ကိုဟန်နဲ့ လိုက်ဖက်ညီပြီးသား၊ နင်ကတော့ အမြီးအမောက်တည့်ဖို့တောင် အဝေးကြီး ”

လုမန် နားထောင်နေပေမယ့် သိုက်ယီးရန်စကားတွေက ရင်ထဲကိုမရောက်။ ရင်ထဲကိုရောက်နေတာက စားပွဲပေါ်မှာ ပုံနေသည့် စာရွက်စာတမ်းဖိုင်တွေပဲ ဖြစ်သည်။

“ ရှင်ပြောလို့ပြီးပြီလား ”
သိုက်ယီးရန်အသံတွေ ထပ်မကြားရတော့သည့်အခါမှ လုမန် စိတ်ကို ပြန်စုစည်းလိုက်သည်။
“ ပြောလို့ပြီးရင် မြန်မြန်ပြန်ပါတော့၊ ကျွန်မက အလုပ်လုပ်ဖို့ ဒီမှာ ကျန်ခဲ့ရမှာ.. ဒီအလုပ်တွေအားလုံးကို မြန်မြန်ပြီးအောင်လုပ်ဖို့ လိုတယ် ”

“ လုမန် နင်က တကယ်နားမလည်တာလား .. ပိန်းတာလား ”


အခန်း [ ၁၄၀ ]

သိုက်ယီးရန်က စားပွဲပေါ်မှာ ပုံနေတာတွေကို လက်ညှိုးထိုးလိုက်ကာ
“ ဒါမျိုးတွေကိုပြောတာ.. ယဲ့ရှောင်ရှင်းက နင့်ကို ဘာဖြစ်လို့ အလုပ်တွေအားလုံး ပေးလဲ သိလား၊ နင်ကအနိုင်ကျင့်ဖို့လွယ်လို့ ဘာနောက်ခံမှမရှိလို့၊ နင့်ကို အနိုင်ကျင့်တဲ့အခါ ဘာကိုမှကြောက်နေစရာမလိုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နင့်မှာ သူ့ကို လက်တုံ့ပြန်နိုင်စွမ်း မရှိတာမို့လို့ပဲ။ ပြီးတော့ ဘယ်သူမှ နင့်ဘက်က ရပ်တည်ပေးဖို့ဆန္ဒမရှိဘူးဆိုတာက သူတို့တွေ ငါ့ကို ရှိန်နေတာကြောင့်ပါ၊ တကယ်ဆို အဲ့ဒီလူတွေက ငါ့ကို မျက်နှာလုပ်ချင်နေကြတာလေ၊ နင်နဲ့ငါ ဘာကွာလဲဆို အဲ့ဒါတွေပဲ နားလည်လား ”

“ နားလည်တာမို့ ရှင် အခု သွားလို့ရပါပြီ ”
လုမန်က နည်းနည်းမှ ဂရုမစိုက်သလို ပြော၏။

“ နင်တမင်လုပ်နေတာမလား!! ”
သိုက်ယီးရန် လုမန်နှာခေါင်းကို လက်ညှိုးထိုးပြီး စွပ်စွဲပစ်လိုက်သည်။ ဒေါသဖြစ်သွားသည်မို့ သူမလက်ချောင်းလေးတွေပင် တဆတ်ဆတ်တုန်နေခဲ့၏။

“ မသွားသေးဘူးဆိုရင် တစ်လက်စတည်း ရှင်းသွားအောင် ပြောပြချင်တယ်၊ သူဌေးအပေါ်မှာ ဘယ်လိုစိတ်မျိုးထားပါဆိုပြီးတော့ ကျွန်မကို ရှင် အမိန့်ပေးလို့်မရဘူးနော်၊ သူဌေး ကျွန်မကို လက်ခံခြင်း လက်မခံခြင်းက ကျွန်မ ထိန်းချုပ်လို့ မရတဲ့ ကိစ္စပဲ၊ ကျွန်မဘာသာ သူဌေးကို ကြိုက်သည် ဖြစ်စေ သဘောကျသည် ဖြစ်စေ အဲ့ဒါ ကျွန်မရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပါ။ ရှင်တောင်မှ သူဌေးက မကြိုက်ပါဘူး မသိပါဘူးလို့ အပြတ်ပြောထားတာတောင် အစ်ကိုဟန်လို့ ခေါ်မြဲမပြတ်ခေါ်ပြီး အရေထူဖို့ ရွေးချယ်ခဲ့တာပဲလေ၊ အဲ့ဒီလိုမျိုးပေါ့၊ ဒီလိုကိစ္စမျိုးက အဆင့်အတန်းတွေ ရာထူးတွေနဲ့ ဘာမှမဆိုင်ဘူး ဟုတ်တယ်ဟုတ်။ ရှင်လုပ်နိုင်ရင် ကျွန်မလည်း လုပ်နိုင်ရမယ်။ သူဌေးက ကျွန်မ သူ့အနားကပ်တာကို မကြိုက်ရင် အလုပ်ထုတ်ပစ်လို့ရနေတာပဲ၊ သူတောင်မှ ဘာမှမဖြစ်တာကို ရှင်က ဘာတွေပူနေတာလဲ ”

အိုးကမပူ စလောင်းကပူ, မြင်းကမလှုပ် ခုံကလှုပ် ဆိုတာ ဒါမျိုးလား..

နောက်ပြီး သူမက ဟန်ကျိုးလီကို ဖြားယောင်းချင်တဲ့ သူမှမဟုတ်တာ..

ဟန်ကျိုးလီကမှ သူမကို ဖြားယောင်းနေတာ!

အရှင်းကြီးပဲ သိလား!!

သိုက်ယီးရန် အမျက်ထွက်သွားသည်။ သူမကို ပြက်ရယ်ပြုရအောင် လုမန်က ဘာမို့လို့လဲ ..?

“ ဟွန်း ငါနဲ့လာမယှဥ်နဲ့ လုမန်၊ မတူရင် မတုနဲ့တဲ့၊ ငါက နင်အရှက်ကွဲမှာစိုးလို့ လာပြောပေးနေတာ နင်.. ”

“ ဘာတွေဖြစ်နေကြတာလဲ ”
ဒေါသတွေပါနေသော အေးစက်ခက်ထန်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

သိုက်ယီးရန် ဦးလှည့်ကြည့်လိုက်ကာ ခြေလှမ်းကျဲကြီးတွေနှင့် လျှောက်လာသည့် ဟန်ကျိုးလီကို မြင်ပြီး အံ့သြသွားသည်။ သူ့အနောက်မှာတော့ အနုပညာဌာနမှ မန်နေဂျာ ..။

“ အ...အစ်ကိုဟန် ဒီကို ဘာဖြစ်လို့ ”
သိုက်ယီးရန် မလုံမလဲဖြစ်ပြီး မျက်နှာလေး ဖြူဆုတ်သွား၏။

“ မန်နေဂျာဟောင်နဲ့ စကားပြောနေတာ ဒီကနေ ထွက်လာတဲ့အသံတွေကို ကြားလိုက်လို့ မင်းက ဘာလုပ်နေတာလဲ ”
ဟန်ကျိုးလီက မကြည်သာစွာနဲ့ မေးခွန်းထုတ်သည်။

သိုက်ယီးရန် ဟန်လုပ်ပြုံးလိုက်ရကာ မန်နေဂျာဟောင်လည်း ရှိနေသဖြင့် အကြံတစ်ခုရသွားပြီး
“ ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်း လုမန်ကို သတိပေးချင်လို့လေ၊ ကုမ္ပဏီမှာ ကုမ္ပဏီဝန်ထမ်းတစ်ဦးလုပ်ရမယ့် အရေးအကြီးဆုံးအရာက အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့ပဲ၊ ကိုယ်ကျင့်တရားဖောက်ပြန်ပြီး ဖြတ်လမ်းနည်းတွေ မလိုက်ရဘူး၊ ဥပမာ အထက်လူကြီးနဲ့ ပတ်သက်စပ်ယှက်ဖို့လုပ်တာမျိုးတွေ မတွေးမိစေဖို့ပေါ့၊ ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ပြိုင်ဆိုင်တာမျိုးတွေရှိလာတာ အားလုံးအတွက် မကောင်းပါဘူး၊ ကျွန်မတို့အတွက်ရော ကျန်တဲ့သူတွေအတွက်ဆိုလည်း ဟုတ်တယ် ”

ဘေးမှာရှိနေသည့် လုမန်ကမူ ပျာပျာသလဲ ဝင်ရောက်ရှင်းပြခြင်းမရှိဘဲ ခပ်မဲ့မဲ့ ပြုံးနေခဲ့သည်။

လုမန်အမြင်မှာတော့ သိုက်ယီးရန်က သူ့စိတ်နဲ့နှိုင်းပြီး ပြောနေတာကိုး..

ဒါပေမယ့် မသိသည့်လူတွေကတော့ လုမန်ကပဲ ဝူလီကျဲအပေါ်မှာ မရိုးသားသည့်စိတ်တွေဝင်နေသည်ဟု ထင်သွားနိုင်ပေသည်။

သိုက်ယီးရန်ကလည်း အထက်လူကြီးဟုပဲပြောသွားကာ ဝူလီကျဲသည် လုမန်ကိုတိုက်ရိုက် အုပ်ချုပ်သည့် အထက်လူကြီး ဖြစ်နေ၏။

ထို့ပြင် အထက်လူကြီးဆိုတာနှင့် သာမန်လူတစ်ယောက် ပုံမှန်တုံ့ပြန်မိမည်က အလွှာတွေအဆင့်တွေအများကြီးကျော်လွှားပြီး ဟန်ကျိုးလီကို တန်းစဥ်းစားတာမျိုးမဟုတ်ဘဲ လုမန်နှင့် အနီးစပ်ဆုံး အထက်လူကြီး ဖြစ်သည့် ဝူလီကျဲကို တွေးမိတာပဲဖြစ်သည်။ 

ဘာကြောင့် သိုက်ယီးရန် ထိုသို့ ပြောရသည်ကို လုမန် နားလည်နေသည်။ နာမည်ဖျက်တာအပြင် ပိုအရေးကြီးတာက ဝူလီကျဲကို လုမန်ကြိုက်နေတာဆိုပြီး ဟန်ကျိုးလီ အထင်လွဲသွားအောင် လုပ်လိုက်ခြင်းပင်။

ဟန်ကျိုးလီကို ဖြားယောင်းဖို့ ကြိုးစားနေစဥ်မှာ ဝူလီကျဲကိုလည်း ဖြားယောင်းနေသည်ဆိုသည့် သဘောမျိုး ပါဝင်နေခဲ့၏။

ဒါဟာ သူမကို ဟန်ကျိုးလီ ရွံရှာပြီး မုန်းသွားအောင် လုပ်တာ..

သိုက်ယီးရန်မှာ ဒီလိုဦးနှောက်မျိုးရှိလိမ့်မယ်လို့ တကယ် မထင်ထားမိပေ။

ထိုအခိုက် မန်နေဂျာဟောင်မှာ ဘာလုပ်ရမည်ကိုမသိ၍ သိုက်ယီးရန်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် လုမန်ကို ကြည့်၏။ ပြီးတော့ ဘာမှမပြောတော့ဖို့ ဆုံးဖြတ်လိုက်လေသည်။ 

တကယ်က သူ အလုပ်ပြီးလို့ ပြန်ဖို့လုပ်တာမှာ သူဌေးက သူတို့ဌာနတံခါးပေါက်ကနေ ဖြတ်သွားရင်း တံခါးဘက်ကို လျှောက်လာသည့် သူ့ကို မြင်သွားပြီး လိုက်ခဲ့ဖို့ ပြောလို့ သူလိုက်လာခဲ့တာဖြစ်သည်။  

သို့တိုင် သူ ဘယ်ကို လိုက်နေမှန်းကား ခုထိ မသိသေးပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now