81

2.5K 527 13
                                    

၈၁။ အရမ်းခါးတယ်

ရှောက်သီးတစ်လုံးစာလောက်ရှိသည့် မြွေသည်းခြေကို လင်းချင်းသည် ပါးစပ်ကျယ်ကျယ်ဟကာ မြိုချလိုက်သည်။ ထို့နောက် သူမသည် တွေဝေမှုမရှိစွာ သူမ၏သွားစွယ်ဖြင့် ကိုက်လိုက်သည်။ သည်းခြေရည်များသည် သူမ၏ပါးစပ်ထဲမှာ ပေါက်သွားသည့်အခါ သူမတောင့်သွားသည်။

"ဂါး!"
သူမသည် ပါးစပ်ကို လက်ဖြင့်ကာရင်း အော်လိုက်သည်။ သူမ၏မျက်နှာတစ်ခုလုံးမှာ မဲ့ရွဲ့နေသည်။ ထို့နောက် သူမသည် ကန်ဘေးသို့အမြန်သွားလိုက်ရသည်။

"ဂါး?"
လင်းချင်း၏အော်သံကြောင့် ကျွင်းကျွင်းသည် နယ်မြေထဲမှနေ ဘာဖြစ်သလဲကို ထွက်ကြည့်လာသည်။ လင်းချင်းသည် ကန်ဘေးမှာလဲနေကာ မျက်နှာတစ်ခုလုံးကို ကန်ရေထဲသို့ နှစ်ထားသည်ကို တွေ့လိုက်ရသည့်အခါ ဘာဖြစ်သလဲ ခန့်မှန်း၍မရပေ။

လင်းချင်းသည် ကန်ထဲကို မျက်နှာနှစ်ကာ ရေကိုသောက်လိုက်သည်။ ခေါင်းပြန်မော့လာသည့်အခါ ရေတွေကိုငုံထားပြီး နာကျင်နေသည့်ရုပ်ဖြင့် ဖြစ်သည်။ ထို့နောက် သူမသည် ကန်ဘေးတွင်ထိုင်လိုက်ကာ လက်ဆေးလိုက်သည်။

မြွေသည်းခြေသည် အလွန်ဆိုးဝါးလွန်းအောင်ကို ခါးလွန်းသည်။ အခုတော့ သူမ၏လျှာတစ်ခုလုံးတွင် ခါးသက်မှုဖြင့် ပြည့်နေသည်။ သူမသည် ဆေးခါးများကို သောက်ဖူးသော်လည်း ဒီသည်းခြေလောက်တော့ မခါးပေ။

သူမသည် လက်ဆေးပြီးသည့်အခါ လက်ဖြင့်ရေကို ထပ်ခပ်သောက်လိုက်သည်။ ထို့နောက်တွင် သူမသည် နေရသည်မှာ အနည်းငယ်သက်သာလာသော်လည်း သူမ၏ပါးစပ်ထဲက ခါးသက်သည့်အရသာကတော့ မပျောက်သေးပေ။

သူမသည် မျက်ခုံးကိုကျုံ့လိုက်ကာ ရှုံ့မဲ့နေသည့် မျက်နှာဖြင့် ကန်ကိုကြည့်လိုက်သည်။ ရုတ်တရက် သူမအတွေးတစ်ခုရသွားသည်။ ကန်ရေတွင် မှော်ဆန်သည့်အကျိုးများရှိနေသဖြင့် သူမသာ မြွေ၏ကျန်သည့်အပိုင်းကို ရေစိမ်ထားလျှင် ဘယ်လိုဖြစ်မလဲ သိချင်သွားသည်။ ကန်ရေက အသားကို လတ်ဆက်အောင် ထိန်းထားပေးနိုင်မလား?

ဒီအတွေးဖြင့် သူမသည် မြွေဆီသို့သွားကာ သူမစားထား၍အမြီးမှ အရိုးများသာကျန်သည့်အပိုင်းကို လက်သည်းဖြင့် ဖြတ်ထုတ်လိုက်သည်။ မြွေအပေါ်ပိုင်းသည် အောက်ပိုင်းနှင့်ပြတ်သွားသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now