85

2.3K 533 44
                                    

၈၅။ မျက်လုံးနီဇွန်ဘီ

ဇွန်ဘီအုပ်ကြီးထဲက ထွက်လာသည့် ဇွန်ဘီမလေးသည် ရန်လိုမှုနှင့် ဒေါသများမပြပေ။ သူမသည် ဇွန်ဘီအုပ်ကြီးထဲမှ တည်ငြိမ်စွာထွက်လာကာ လင်းချင်းအား စပ်စုစွာဖြင့် ကြည့်လို့သာနေသည်။

လင်းချင်းသည် သူမအား ခေါင်းအစခြေအဆုံးကြည့်နေမိသည်။ သို့သော်လည်း ဒီဇွန်ဘီမလေး၏ ဘာအတွေးမှကို မကြားရပေ။ ကြည့်ရသည်မှာ တစ်ဖက်သား၏ အဆင့်သည် မြင့်လွန်းသောကြောင့် ဖြစ်မည်။ သွေးနီရောင်မျက်လုံးများကို မြင်သည့်အခါ လင်းချင်းသည် တစ်ကိုယ်လုံးတင်းကြပ်သွားသလို ခံစားလိုက်ရသည်။

သာမန်ဇွန်ဘီများ၏မျက်လုံးသည် မီးခိုးဖျော့ရောင် ဖြစ်သည်။ အဆင့်သုံးနှင့်အထက်သည် လုံးဝအနက်ရောင်ဖြစ်သည်။ လင်းချင်းတွေ့ခဲ့သည့် အဆင့်ငါးဇွန်ဘီတောင်မှ အနက်ရောင်မျက်လုံးထဲတွင် အနီရောင်ဖျော့ဖျော့လေးသာ မြင်ရသေးသည်။ သို့သော်လည်း သူမ၏အရှေ့မှ ဇွန်ဘီမလေးကတော့ လုံးဝကို နီနေပြီ။ ဗန်ပိုင်းယားတွေလို မျက်လုံးတစ်ခုလုံးအနီ မဟုတ်ဘဲ ဒီဇွန်ဘီမလေး၏ မျက်သားများသည် အနက်ရောင်တောက်ပနေသေးသည်။

လင်းချင်းသည် ကမ္ဘာပျက်ခေတ်တွင် နိုးလာတည်းက ဒီလိုဇွန်ဘီမျိုးကို မမြင်ဖူးသလို လုထန်ယု၏ မှတ်ညဏ်များထဲတွင်လည်း မတွေ့ရသေးပေ။ လုထန်ယု၏ မှတ်ညဏ်များအရဆိုလျှင် ဒီလိုဇွန်ဘီဆိုသည်မှာ မရှိပေ။ လင်းချင်းသည် ဇွန်ဘီမလေး၏ အဖြူရောင်ဂါဝန်ဖားဖားလေးကို ကြည့်ကာ သူမတွင်သာ မျက်လုံးနီများနှင့် မျက်တွင်းများသာကျမနေလျှင် လုံးဝလူသားလို ဖြစ်နေလောက်မည်ဟု တွေးနေမိသည်။

လင်းချင်းသည် ကားထဲတွင် ထိုင်ကြည့်နေစဉ်မှာ ဇွန်ဘီမလေးသည်လည်း ကားအရှေ့မှ လင်းချင်းကို လှမ်းကြည့်နေသည်။ သူတို့နှစ်ယောက်လုံးသည် တိတ်ဆိတ်နေသော်လည်း ဒီမြင်ကွင်းကတော့ ကို့ယို့ကားယားနိုင်လွန်းသည်။ လမ်းမထက်တွင် ကားတစ်စီးရပ်ထားက ထိုကားထဲတွင် စုတ်ပျက်နေသည့် အဝတ်စားဖြင့် ရုပ်ဆိုးသည့်ဇွန်ဘီတစ်ကောင်ရှိနေကာ ဇွန်ဘီအုပ်ကြီးရှေ့တွင်တော့ သန့်ပြန့်လှသည့် ဇွန်ဘီမလေးက ရပ်ကြည့်နေသည်။ ဒါကိုမြင်လို့ကတော့ လူတိုင်းက ဘာဖြစ်နေသလဲဟု တွေးမိမှာ အမှန်ပင်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now