701 - 705

195 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၀၁ ..... ရှန်းမင်ကျီက ဆေးသန့်စင်ခြင်း အောင်မြင်သွားပြီ

ဘိုးဘေးတောင်ဆိတ်နှင့် ဟဲ့ဖေးတို့လည်း ထိတ်လန့်သွားကြသည်။ သို့သော်လည်း သူတို့ မည်မျှပင် ကြိုးပမ်းစေကာမူ ထူးကဲယင်အလင်းမီးတောက် နှင့် မူလယန်စကြာဝဠာမီးတောက် တို့၏ တောက်ပသည့်အလင်းကို ပြန်လည်ရရှိအောင် လုပ်နိုင်စွမ်း မရှိပေ။
သူ့၏ မိုးပြာရောင်နဂါးနတ်မီးတောက်၏ အကျိုးသက်ရောက်မှုကို ကြည့်ရင်း ရှန်းမင်ကျီ၏ မျက်နှာထက်၌ အားရကျေနပ်နေဟန်တို့ အတိုင်းသား ပေါ်လာလေသည်။ သူ့၏ မိုးပြာရောင်နဂါးနတ်မီးတောက် သည် မီးတောက်တို့၏ အရှင်သခင် ဖြစ်သည်။ ဤမြေကွက်လပ်အတွင်း၌သာမက လီတစ်ထောင်အတွင်းရှိ မီးများနှင့် မီးတောက်များသည်ပင် သူ့၏ မိုးပြာရောင်နဂါးနတ်မီးတောက် မှ ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။
ဖိနှိပ်ခံထားရချိန်၌ ထိုမီးတောက်များသည် ၎င်းတို့ စွမ်းအား၏ ၇၀ ရာခိုင်နှုန်းကိုသာ အများဆုံး ထုတ်ပြနိုင်ပေလိမ့်မည်။
ရှန်းမင်ကျီက မိုးပြာရောင်နဂါးနတ်မီးတောက်ကို ဆင့်ခေါ်လိုက်ပြီးနောက် ချက်ချင်း ဆေးသန့်စင်ရန် အလျင်လို မနေပေ။ သူက ရှောင်လုံက ရန်စသလို ကြည့်လိုက်ချေသည်။
"ဟောင်ရှောင်လုံ...မင်းရဲ့ အားကောင်းလွန်းတဲ့ မီးတောက်ကို ထုတ်လိုက်စမ်း...မင်းရဲ့ အမည်မရှိ မီးတောက်ကပဲ သန်မာမလား...ငါ့ရဲ့ မိုးပြာရောင်နဂါးနတ်မီးတောက် ကပဲ အင်အားကြီးမလား...ကြည့်ကြတာပေါ့! "
သူ့စကားလုံးများထဲ၌ လှောင်ပြောင် သရော်လိုမှုများ အပြည့်အဝ ပါဝင်နေသည်။
ရှန်းမင်ကျီသည် ရှောင်လုံ၏ မီးတောက်အား အခြားသူများ၏ မီးတောက်ကဲ့သို့ မိုးပြာရောင်နဂါးနတ်မီးတောက်၏ ဖိနှိပ်ခံရမည်ကို မြင်ချင်နေခြင်း ဖြစ်သည်။
ရှန်းမင်ကျီ၏ လှောင်ပြောင်သရော်နေသည့် မျက်နှာကို ကြည့်ရင်း ရှောင်လုံ၏ အမူအရာက အေးစက်လာသည်။ သူ့ ဒန်တျန်ထဲရှိ အစစ်အမှန် အင်မော်တယ် အဆီအနှစ်ကို လှည့်ပတ်လိုက်ကာ လက်တစ်ချက် အလှုပ်တွင် အစစ်အမှန်အင်မော်တယ် မီးတောက်က ပျံသန်းထွက်ပေါ်လာသည်။
စက္ကန့်ပိုင်းအတွင်း လူတိုင်း၏ မျက်လုံးရှေ့၌ အလင်းရောင်တစ်ချက် တိုးဝင်လာသည်မို့ ချက်ချင်း မျက်လုံးမှိတ်လိုက်ကြရသည်။
အစစ်အမှန်အင်မော်တယ် မီးတောက်သည် ရွှေဖြူရောင်အဆင်းရှိပြီး နဂါးတစ်ကောင်သဏ္ဍာန်ဖြင့် လေထဲသို့ ပျံတက်သွားကာ မိုးပြာရောင်နဂါးနတ်မီးတောက် နှင့် ဆန့်ကျင်ဘက်၌ ရပ်လိုက်သည်။ အားလုံးကို အံ့အားသင့်သွားစေသည်မှာ ရှောင်လုံ၏ အမည်မဲ့မီးတောက်သည် အရှေ့ရှိ မိုးပြာရောင်နဂါးနတ်မီးတောက်၏ အကျိုးသက်ရောက်မှုကို နည်းနည်းလေးမှ မခံစားရပေ။
"ဒါ လုံးဝ မဖြစ်နိုင်ဘူး!"
ရှန်းမင်ကျီ၏ စူးစူးဝါးဝါးငြင်းဆိုသံက မြေကွက်လပ်ထဲ၌ ထွက်ပေါ်လာသည်။
မြေကွက်လပ်ထဲ၌ ရပ်နေသည့် မိုးပြာရောင်နဂါးတက္ကသိုလ် ကျောင်းအုပ်ကြီး ချင်ယီသည်လည်း အံ့သြမှင်သက်သွားလေသည်။ အခြား နတ်မီးတောက် သုံးမျိုးသည်ပင် မိုးပြာရောင်နဂါးနတ်မီးတောက်၏ ရှေ့၌ ဖိအားသက်ရောက်ခံရပေလိမ့်မည်။ ရှောင်လုံ ကိုယ်မှ ထွက်ပေါ်လာသည့် မီးတောက်သည် အဘယ့်ကြောင့် သက်ရောက်မှု မခံရသနည်း။
"ဒါက ဘာမီးတောက်လဲ?"
ချင်ယီ နောက်၌ ရပ်နေသည့် အကြီးဆုံးတပည့် စမ့်ချူ က ရေရွတ်လိုက်မိသည်။
ချင်ယီက ပြန်မဖြေပေ။ အမှန်အတိုင်း ပြောရလျှင် သူ့၏ ဗဟုသုတအသိပညာနှင့်ပင် ရှောင်လုံပိုင်ဆိုင်ထားသည့်မီးတောက်ကို ခွဲခြားသိမြင်နိုင်စွမ်းမရှိပေ။ သူ့၏ အသိပညာများနှင့်ပင် ရှောင်လုံဆီမှ မီးတောက် အမျိုးအစားကို မခွဲခြားနိုင်ခြင်းသည် မည်သို့သော အဓိပ္ပာယ်ပေနည်း။ ဤသည်ကား ကြယ်စင်စုလေးစု၏ မည်သည့် မှတ်တမ်းများတွင်မှ ထိုမီးတောက်အကြောင်း မပါရှိကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။
ရှောင်လုံက သူ့ပတ်ပတ်လည်ရှိ အံ့အားသင့်မှုများ၊ တုန်လှုပ်မှုများကို လျစ်လျူရှုလိုက်သည်။ သူ လက်တစ်ချက် အဝှေ့တွင် မြေပြင်ပေါ်ရှိ ဆေးပင်များက အတန်းလိုက် ပျံတက်လာပြီး ရှေးဟောင်း ကောင်းကင်သားရဲများ အသွင် ပြောင်းလဲသွားတော့သည်။
ရှေးဟောင်း ကောင်းကင်သားရဲများသည် မတူညီသည့် အသွင်သဏ္ဍာန်အသီးသီး ရှိကြပြီး အကောင်ပေါင်း တစ်ရာ အတိအကျ ရှိပေသည်။
ဤသည်ကို ကြည့်၍ ချန်းယဲ့၊ လင်းပင်းဟိုင် နှင့် အဖွဲ့အစည်း၏ အကြီးအကဲများသည် အံ့အားသင့်မှင်သက်နေသည့် အမူအရာများ ဖြစ်သွားကြတော့သည်။
"ဒါက ကောင်းကင်သားရဲ ပုံရိပ် ဆေးသန့်စင်ခြင်း မလား?!"
ချန်းယဲ့၏ အသံက တုန်ယင်နေလေသည်။
"ဒီနည်းစနစ်ကို လေ့ကျင့်အောင်မြင်သွားတဲ့သူ တစ်ကယ်ရှိနေတာပဲ!"
ကောင်းကင်သားရဲ ပုံရိပ်ဆေးသန့်စင်ခြင်း!
လူအုပ်ထဲရှိ နားလျင်သော လူအချို့က ချန်းယဲ့၏ တုန်ခါနေသော အသံကို ကြားလိုက်ကြရပြီး ဒဏ္ဍာရီလာ ကောင်းကင်သားရဲပုံရိပ်ဆေးသန့်စင်ခြင်း အကြောင်း ကြားဖူးသူတိုင်း အံ့အားသင့်သွားကြသည်။
ဤသို့ ဒဏ္ဍာရီ ဖြစ်ရခြင်းအကြောင်းမှာကား လူတစ်ယောက်၏ ဆေးပညာစွမ်းရည်သည် အထွတ်အထိပ် စိတ်ကူး၍မရနိုင်သည့်အဆင့်သို့ ရောက်သွားသည့်အခါတွင် ဆေးပင်များကို ကောင်းကင်သားရဲများအသွင် ပြောင်းလဲသွားအောင်ထိန်းချုပ်ပြီး ကောင်းကင်သားရဲပုံရိပ် အသွင် ဖော်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။
ဒဏ္ဍာရီ ဖြစ်ရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာကား ၎င်းကို အောင်မြင်သည့်သူ မရှိဖူးသောကြောင့် ဖြစ်သည်။ မဟာဆေးပညာရှင်အဖွဲ့အစည်း၏ အဆင့် ၁၀ မဟာဆေးပညာရှင် သည်ပင် မအောင်မြင်ခဲ့ပေ။
များပြားလှသည့် ဆေးပင်များကို ကောင်းကင်သားရဲ တစ်ရာအသွင် ပြောင်းလဲသွားစေရန် ထိန်းချုပ်နိုင်ခြင်းသည်ကား ရှောင်လုံ၏ ဆေးပင်များအပေါ် နားလည်တတ်ကျွမ်းမှုသည် ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်နေကြောင်း ပြနေပေသည်။
ချန်းယဲ့၏ စကားကို ကြားလိုက်ချိန်၌ ရှန်းမင်ကျီ အလွန်တရာ အံ့အားသင့်သွားလေသည်။ အမှန်တွင် သူသည်လည်း ဒဏ္ဍာရီလာ ကောင်းကင်သားရဲပုံရိပ်ဆေးသန့်စင်ခြင်း အကြောင်းကို ကြားဖူးပြီး ဖြစ်သည်။  ထို ဒဏ္ဍာရီလာ နည်းစနစ်အား ရှောင်လုံ ပြသလာသည်ကို မြင်ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့မိပေ။
ရုတ်ချည်းဆိုသလို သူ့နှလုံးသား အောက်ခြေဆီမှ သန်မာအားကောင်းလှသည့် စိုးရိမ်ပူပန်မှု ခံစားချက်တစ်ခု ထွက်ပေါ်လာလေသည်။
ဟောင်ရှောင်လုံ၏ ဆေးပညာအရည်အချင်းသည် တကယ့်ကို မြင့်မားလှသည်။
ထိုအချိန်၌ ဆေးပင် ကောင်းကင်သားရဲ တစ်ရာတို့သည် လေထဲ၌ စတင်ရွေ့လျားလာပြီး ပုံရိပ်ကြီးတစ်ခုအသွင် စုစည်းသွားကာ လင်းလက် တောက်ပနေလေသည်။
လူအုပ်ကြီးသည် မှင်သက်စွာ ကြည့်နေမိကြပြီး အသက်ရှုရန်ပင် မေ့နေကြသည်။ ရှန်းမင်ကျီကို အာရုံစိုက်နေကြသည့်သူများသည်လည်း ရှောင်လုံကို လှည့်မကြည့်ရ မနေနိုင် ဖြစ်သွားကြလေသည်။ မိုးပြာရောင်နဂါးတက္ကသိုလ် ကျောင်းအုပ်ကြီးချင်ယီသည်ပင် မရည်ရွယ်ဘဲ ရှောင်လုံကိုသာ အာရုံစိုက်နေမိသည်။
လူတိုင်းက ဒဏ္ဍာရီလာ ကောင်းကင်သားရဲပုံရိပ် ဆေးသန့်စင်ခြင်း၏ ထူးကဲပုံကို မျက်မြင်တွေ့ချင်နေကြသည်။
သူ့၏ စိတ်ပူပန်မှုကိုဖျောက်ဖျက်ပစ်လိုက်ပြီး အာရုံစူးစိုက်လိုက်သော်ငြား ရှန်းမင်ကျီ၏ မျက်လုံးထဲ၌ ကြောက်မက်ဖွယ်ရာ အလင်းတစ်ချက် ရှိနေပေသည်။ သူက ပတ်ပတ်လည်ရှိ ဆူညံသံများနှင့် ဟောင်ရှောင်လုံ အကြောင်း အတွေးများကို ထုတ်ပစ်ရန် အာရုံစိုက်လိုက်သည်။ သူ့လက်ကိုလှုပ်ရှားလိုက်ပြီး မြေပြင်ပေါ်ရှိ ဆေးပင်များကို လေထဲသို့ ငှက်အုပ်စု တစ်စုနှယ် လွင့်မျောသွားစေလိုက်သည်။
ဤသည်မှာ ငှက်တစ်ရာ ကိုယ်ထင်ပြခြင်း နည်းစနစ် ဖြစ်ပြီး ထင်ရှားကျော်ကြားသည့် ဆေးပညာနည်းစနစ် ဆယ်မျိုးအနက် တစ်မျိုး ဖြစ်သည်။
ထို့အပြင် သူ့၏ သိမ်မွေ့လှသော လှုပ်ရှားမှုများအရ ငှက်တစ်ရာ ကိုယ်ထင်ပြခြင်း နည်းစနစ်တွင် သူသည် ထိပ်တန်းအဆင့်ထိ အပြည့်အဝ တတ်ကျွမ်းသွားပြီ ဖြစ်ကြောင်း သိနိုင်ပေသည်။
ဘိုးဘေးတောင်ဆိတ် ၊ ဟဲ့ဖေးဖန်၊ ဝမ်ကျန့်ရှင်း နှင့် ကျန်သည့် ပြိုင်ပွဲဝင်များသည် ရှောင်လုံဆီမှ အကြည့်ခွာလိုက်ကြကာ သူတို့၏ ဆေးသန့်စင်ခြင်းကို ဆက်လက် လုပ်ဆောင်လိုက်ကြသည်။
ကောင်းကင်သားရဲပုံရိပ် ဆေးသန့်စင်ခြင်း ကို အောင်မြင်စွာလုပ်လိုက်နိုင်ကြောင်း မြင်လိုက်သည်နှင့် ရှောင်လုံက သူ့၏ အစစ်အမှန် အင်မော်တယ် အဆီအနှစ် မီးနဂါးကို ပုံရိပ်ကြီး၏ အလယ်ဆီသို့ ပို့လွှတ်လိုက်လေသည်။ ချက်ချင်းဆိုသလို အစစ်အမှန် အင်မော်တယ်အဆီအနှစ် မီးနဂါးက ကွင်းအသွင် ကွေးညွတ်သွားသည်။ ကောင်းကင်သားရဲပုံရိပ်ကြီး၏ အလယ်ဗဟို၌ နဂါးကွင်းသည် စည်းချက်ညီညီ လှည့်ပတ်နေလေသည်။
အစစ်အမှန်အင်မော်တယ်အဆီအနှစ် မီးနဂါး လှည့်ပတ်လိုက်ချိန်တိုင်း ပုံရိပ်ကြီးအတွင်းရှိ ကောင်းကင်သားရဲများသည် လင်းလက်သွားသည်။
အစပိုင်းတွင် အစစ်အမှန်အင်မော်တယ်အဆီအနှစ် မီးနဂါးက နှေးကွေးစွာ လှည့်ပတ်နေပြီး ဖြည်းဖြည်းချင်း မြန်ဆန်လာလေသည်။ ဆယ်ပတ်မြောက်တွင် ၎င်း၏ အမြန်နှုန်းသည် နှစ်ဆ ဖြစ်သွားတော့သည်။ အပတ်ပေါင်း သုံးဆယ် ရောက်ချိန်၌ မှုန်ဝါးဝါး ပုံရိပ်ကိုသာ မြင်ရလေသည်။
"ဒါက နဂါးလက်ဟန်သဏ္ဍာန်ပြောင်းလဲခြင်း လား? နဂါးကိုးကောင် ကောင်းကင်သို့မြင့်တက်ခြင်း လား? ဒါမှမဟုတ် ကတိသစ္စာ လက်ဟန် လား?"
လူအုပ်ကြီး၏ ကြားထဲ၌ ရပ်နေသည့် အဖြူရောင်ကျားတက္ကသိုလ် မှ မဟာအကြီးအကဲ တစ်ယောက်သည် ရှောင်လုံ အသုံးပြုနေသည့် နည်းစနစ်ကို ခန့်မှန်းရန် ကြိုးစားနေလေသည်။
အမှန်တကယ်၌ ရှောင်လုံသည် သူသိသမျှ ထိပ်တန်း ဆေးပညာနည်းစနစ်များကို ပေါင်းစပ်လိုက်ပြီး ကိုယ်ပိုင်နည်းလမ်း ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အဖြူရောင်ကျားတက္ကသိုလ်၏ မဟာအကြီးအကဲက ရှောင်လုံ၏ နည်းစနစ်ကို ခွဲခြားနိုင်စွမ်း မရှိ ဖြစ်သွားရပေသည်။
အချိန်က စီးဆင်းသွားပြီး ပထမ နာရီဝက်သည် အလျှင်အမြန် ကုန်သွားသည်။
ရှောင်လုံနှင့် ရှန်းမင်ကျီတို့၏ ပြိုင်ပွဲတွင် နာရီဝက်သာ ကျန်ရှိတော့သည်။ အချိန်ကန့်သတ်ချက် တစ်နာရီသည် နီးကပ်သထက် နီးကပ်လာပြီး လူတိုင်းသည်လည်း စိတ်လှုပ်ရှားလာကြသည်။
ရှောင်လုံက ဒဏ္ဍာရီလာ ကောင်းကင်သားရဲပုံရိပ်ဆေးသန့်စင်ခြင်း ကို ထုတ်ဖော်လာခဲ့သော်လည်း လူအများစုက ရှောင်လုံအနေဖြင့် မဟာနတ်ဘုရင်ဆေးလုံးကို တစ်နာရီအတွင်း သန့်စင်နိုင်စွမ်း ရှိမရှိကိုအား အလွန်တရာ သံသယ ရှိနေကြဆဲ ဖြစ်သည်။
နှစ်ဆယ်မိနစ် ထပ်မံ ကုန်ဆုံးသွားပြီး ဆယ်မိနစ်သာ ကျန်ရှိတော့သည်။
ပတ်ပတ်လည်ရှိ လေထုစီးဆင်းမှုသည်ပင် နှေးကွေးသွားဟန် ရသည်။
ရုတ်တရက် တောက်ပသော အလင်းတစ်ချက်က ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ရှောင်လုံကို အာရုံစိုက်နေကြသူတိုင်း ကြောင်အသွားရသည်။ အလင်းတန်းလာရာဆီသို့ လှည့်ကြည့်မိလိုက်ချိန်တွင် ရှန်းမင်ကျီ၏ မိုးပြာရောင်နဂါးနတ်မီးတောက် အလယ်ရှိ သန့်စင်ပြီး ဆေးပင်များမှ ဆေးအဆီအနှစ်ရည်များသည် စတင် ပေါင်းစပ်နေကြောင်း သူတို့ တွေ့လိုက်ကြရသည်။ အတိအကျဆိုရလျှင် ၎င်းတို့သည် ဆေးလုံးအဖြစ်သို့ သိပ်သည်းနေကြခြင်း ဖြစ်သည်။
တောက်ပသည့်အလင်း၏ အောက်ခြေတွင် မိုးပြာရောင်နဂါးနတ်မီးတောက်၏ အလယ်ရှိ ဆေးလုံးများသည် ရွှေရောင်အလင်းစက်များ ဖြာထွက်နေလေသည်။
လူအုပ်ကြီးသည် တုန်လှုပ် မှင်သက်သွားကြသည်။
ရှန်းမင်ကျီကား အမှန်တကယ်ပင် အောင်မြင်သွားလေပြီ။ သူက မဟာနတ်ဘုရင်ဆေးလုံးကို တစ်နာရီအတွင်း သန့်စင်ဖော်စပ်နိုင်လိုက်ပြီ ဖြစ်သည်။
မဟုတ်ပေ။ ယခုမူ ဆယ်မိနစ် ကျန်ရှိသေးသည်မို့ တစ်နာရီပင် မပြည့်ဟု ပြောရပေမည်။
ပတ်ပတ်လည်တွင် တုန်လှုပ်စွာ ပင့်သက်ရှိုက်သံများ ဆူညံသွားပြီး အံ့အားသင့်မှုများ၊ မယုံကြည်နိုင်မှုများဖြင့် ပြည့်နေလေသည်။
ရှန်းမင်ကျီက မိုးပြာရောင်နဂါးနတ်မီးတောက်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး အညစ်အကြေး ချီကို မှုတ်ထုတ်လိုက်ကာ သူ့မျက်လုံးထဲ၌ အလင်းတစ်ချက် ဖြတ်သွားလေသည်။ ယခု ဆေးသန့်စင်ခြင်း တွင် သူက ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်ရှိသွားပြီး မဟာနတ်ဘုရင်ဆေးလုံးကို တစ်နာရီမပြည့်ခင် အောင်အောင်မြင်မြင် ဖော်စပ်နိုင်သွားခဲ့သည်။
သူက ရှောင်လုံဘက်သို့ အလျှင်အမြန် လှည့်ကြည့်လိုက်သည်တွင် လက်များ လှုပ်ရှားနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်မို့ ရှန်းမင်ကျီ၏ နှုတ်ခမ်းက လှောင်ပြုံးအသွင် တွန့်ကွေးသွားလေသည်။ သူ့၏ သရော်လိုမှု ကို ထိန်းချုပ်မထားတော့ဘဲ ရှန်းမင်ကျီက ကျယ်လောင်စွာ ပြောလိုက်သည်။
"ကောင်းကင်သားရဲပုံရိပ်ဆေးသန့်စင်ခြင်း ဟုတ်လား ဟားဟား...မင်းမှာ ကောင်းကင်သားရဲပုံရိပ်ဆေးသန့်စင်ခြင်း ရှိနေတော့ရော ဘာဖြစ်လဲ.....  ဟောင်ရှောင်လုံ...အနိုင်နဲ့ အရှုံးက သိသိသာသာကြီးကို ထင်ရှားနေပြီကွ...မင်း ငါ့ကို ဘိုးဘေးလို့ ခေါ်ပြီး အကြိမ်တစ်ထောင် ဂါရဝ ပြုမှာကို ငါ စောင့်နေတယ်!"
အဆုံးသတ်၌ ရှန်းမင်ကျီက ထိန်းချုပ်မနေတော့ဘဲ အားပါးတရ ရယ်မောလိုက်လေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now