716 - 720

168 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၁၆..... ငြိမ်းချမ်းခြင်းအင်ပါယာ ကမ္ဘာသို့

ယင်းလုနှင့် ကျန်သည့် ယင်းမိသားစု သိုင်းပညာရှင်များသည် ရှောင်လုံ ယင်းဖေး၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံးကို လက်ဝါးတစ်ချက် ထဲဖြင့် ရိုက်ချိုးလိုက်သည်ကိုအား ကြောက်ကြောက်ရွံ့ရွံ့ ကြည့်လိုက်ရသည်။ ယင်းဖေး၏ မျက်နှာက အလွန်အမင်း ဖြူရော်သွားပြီး နာနာကျင်ကျင် အော်ဟစ်လိုက်ရလေသည်။ အသက်ချမ်းသာပေးရန် ဗလုံးဗထွေး တောင်းဆိုသံများသည် သူ့၏ အော်သံများအကြားမှ ထွက်ပေါ်လာပြီး ရှောင်လုံကို သူ့အား ခွင့်လွှတ်ပေးရန် တောင်းပန်နေလေသည်။
ယင်းလုနှင့် အခြားသူများသည်လည်း ခွင့်လွှတ်ပေးရန် အလျှင်အမြန် တောင်းပန်လိုက်ကြသော်ငြား ရှောင်လုံက မပြောင်းမလဲ ရှိနေပေသည်။ နောက်ထပ်ရိုက်ချက်တစ်ခုတွင် ယင်းလုနှင့် အခြားသူများသည် ယင်းဖေးနှင့် ဘဝတူ ဖြစ်သွားကြပြီး သူတို့ ကိုယ်ရှိ အရိုးတစ်လက်မစီတိုင်း အပိုင်းပိုင်းအစစ ကြေမွသွားလေသည်။
ထို့နောက် ရှောင်လုံက အလောင်းစား အဆိပ်ပိုးကောင်အုပ်ကို ထုတ်ယူလိုက်လေသည်။ ရှောင်လုံက နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုလာပြီးနောက် အလောင်းစားအဆိပ်ပိုးကောင်များသည် အရင်ကထက် အဆများစွာ ကြောက်မက်ဖွယ် ကောင်းအောင် ကြီးထွားလာကြသည်။
ယင်းဖေး၊ ယင်းလုနှင့် အခြားသူများ၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများပေါ်လာပြီး သူတို့ကိုယ်ပေါ်သို့ တွယ်တက်လာသည့် နက်မှောင်လှသော ပိုးကောင်များကို ကြည့်နေရုံသာ တတ်နိုင်လေသည်။
ဆိုးရွားလှသော အော်ဟစ်သံများက ခန်းမဆောင်ထဲ၌ ပဲ့တင်ထပ်သွားလေသည်။
ရှောင်လုံက အလောင်းစားအဆိပ်ပိုးကောင်များကို သူတို့ပေါ်သို့ တွားသွား တက်သွားစေပြီး သူတို့ကို စက္ကန့်ပိုင်းအတွင်း မျိုချပစ်စေမည့်အစား ဖြည်းဖြည်းချင်း ကိုက်ခဲနေစေသည်။
တစ်ခဏအကြာ၌ ဟောင်ပန်၊စုယန်၊ ဟောင်ရှောင်ဟိုင် နှင့် ကျန်သည့်သူများသည် ခန်းမထဲသို့ ရောက်လာကြသည်။ ယင်းမိသားစု အစောင့်များနှင့် စစ်သည်များ သေဆုံးသွားပြီ ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
တစ်ရက်ကြာပြီးနောက် နွေဦးမာန်ချီကမ္ဘာမှ လီထျန်း ပြန်လာလေသည်။ ကျို့ရှု၊ကျန့်ဖူနှင့် ကျန်သူများသည်လည်း သူတို့အလုပ်များ ပြီးသွားသည်နှင့် ဟောင်မိသားစုအိမ်တော်သို့ ရောက်ရှိလာကြသည်။
နွေဦးမာန်ချီကမ္ဘာ နှင့် အခြားနေရာများရှိ ယင်းမိသားစု အစောင့်များနှင့်စစ်သည်များမှာကား လီထျန်း၊ ဟောင်ရှောင်ယွန်နှင့်ကျန်သူများ၏ လက်တစ်ချက် ဝှေ့စာမျှသာ ရှိပေသည်။ သူတို့ လမ်းတစ်လျှောက် ဖြတ်သန်းလာကြသည့် နိုင်ငံများအတွက်မူ အချိန်အနည်းငယ်သာ သုံးခဲ့ရသည်။
ဟောင်မိသားစုအိမ်တော်၌ အားလုံး စုမိသွားပြီးနောက် သူတို့၏ သိုလှောင်လက်စွပ်များထဲတွင် အဆင့်မြင့် စကြာဝဠာအဆင့်မှ အလယ်အဆင့်နှင့် အစောပိုင်းအဆင့်အထိ ရှိသည့် ယင်းမိသားစု စကြာဝဠာတပည့်များ၏ အလောင်းများဖြင့် ပြည့်နေလေသည်။
အကြောင်းရင်းမှာကား ရှောင်လုံက သူတို့ကို ထိုသို့ လုပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ နဂါးအင်ပါယာအောင်းတိုင်ရီ ပြောကြားချက်အရ စကြာဝဠာအဆင့် သိုင်းပညာရှင်များ၏ အလောင်းသည် အနည်းငယ် အသုံးဝင်သည် ဆိုသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ရှောင်လုံက စကြာဝဠာအဆင့် နှင့် အထက် ကျင့်ကြံသူများ၏ အလောင်းများကို သိမ်းဆည်းထားစေခြင်း ဖြစ်သည်။
နဂါးအင်ပါယာအောင်းတိုင်ရီက ထိုအလောင်းများအား ဘာလုပ်ရန် ကြံစည်နေသည်ကို သူမသိသော်ငြား အကြောင်းရင်းရှိ၍သာ ပြောခြင်းဖြစ်မည်ဟု သူ ယုံကြည်ပေသည်။
ဟုတ်ပေသည်။ ရှောင်လုံ ဟောင်မိသားစုအိမ်တော်ရှိ ယင်းဖေး၊ယင်းလုနှင့်ကျန်သူများကို အလျှင်အမြန် အလွယ်တကူသေဆုံးခွင့် ပြုမည်မဟုတ်ပေ။ ထို့ကြောင့် သူက သူတို့ကို လော်တုံတော်ဝင်မြို့တော် ဂိတ်ဝတွင် ဇောက်ထိုးချိတ်ထားပြီး အလောင်းစားအဆိပ်ပိုးကောင်များဖြင့် ဆယ်ရက်ကြာ ညှင်းပန်းနှိပ်စက်ပြီးမှသာ သေဆုံးသွားစေပေမည်။
အဆုံး၌ နှင်းလေတိုက်ကြီး ရှိ ယင်းမိသားစု အစောင့်များနှင့်စစ်သည်များသည် သတ်ဖြတ်ခံလိုက်ရပေသည်။ ရှောင်လုံက မိသားစုကြီးများ၏ ခေါင်းဆောင်များ၊ နိုင်ငံတိုင်း၏ တော်ဝင်မိသားစုများ၊ အင်ပါယာအားလုံး၏ မူလအင်ပါယာ မိသားစုများကို နှင်းလေတိုက်ကြီး အား ပိတ်ဆို့ထားပြီး မည်သည့်သတင်းမှ ပျံ့နှံ့မသွားအောင် ကာကွယ်ရန် အမိန့်ပေးလိုက်သည်။
ရှောင်လုံ ဆီမှ အမိန့်တစ်ခုသည် နှင်းလေတိုက်ကြီး တစ်ခုလုံးကို လိပ်ခွံထဲသို့ ပြန်ဆုတ်သွားစေသည်။
အတိတ်တစ်ခါက ရှောင်လုံသည် သိုင်းဝိညာဉ်ကမ္ဘာ၏ အရှင်သားရဲနတ်ဘုရား ဖြစ်လျှင် ယခုအခါမူ မိသားစုတိုင်း ၊ နိုင်ငံတိုင်းနှင့် အင်ပါယာတိုင်း အတွက် ရှောင်လုံသည် သူတို့၏ ပြိုင်ဘက်ကင်းနတ်ဘုရား ဖြစ်နေပေသည်။
ရှောင်လုံ၏ အမိန့်သည် အနှိုင်းမဲ့အမိန့် ဖြစ်သည်။
နှင်းလေတိုက်ကြီး ကို ပိတ်ဆို့ပြီးနောက် ရှောင်လုံနှင့် ကျန်သူများသည် ဟောင်မိသားစုအိမ်တော်၌ အချိန်ဆွဲမနေပေ။ တစ်နေ့တည်းမှာပင် သူတို့က နှင်းလေတိုက်ကြီးဆီမှ ထွက်လာပြီး ကြယ်တိမ်တိုက်ကြီး ဆီသို့ ဦးတည်လိုက်ကြသည်။
ယင်းနှင့် ကျိုးမိသားစုများအနေဖြင့် ဘာဖြစ်သွားသည်ကို နားမလည်နိုင်လိုက်သေးမီ ရှောင်လုံက သူတို့အားလုံးကို သတ်ဖြတ်ပစ်လိုခြင်း ဖြစ်သည်။
အချိန် ငါးရက်အတွင်း ရှောင်လုံတို့အုပ်စုက ကြယ်တိမ်တိုက်ကြီး ၊ ဗရမ်းဗတာနယ်မြေနှင့် အရပ်ဆယ်မျက်နှာတိုက်ကြီး တို့ကို မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များအား လေဝဲနှင့် လှည်းကျင်းလိုက်သည့်နှယ် သန့်ရှင်းပစ်လိုက်လေသည်။ ယင်းနှင့် ကျိုးမိသားစု မဟာအကြီးအကဲများ၊ တပည့်များနှင့် စစ်သည်များကို သတ်ဖြတ်ပစ်ခဲ့ကြခြင်း ဖြစ်သည်။
ရှောင်လုံက ပိတ်ဆို့ထားရန် အမိန့်ပေးထားစေကာမူ သိုင်းဝိညာဉ်ကမ္ဘာသို့ သူ ပြန်ရောက်လာသည့်သတင်းသည် မိသားစုနှစ်ခုလုံး၏ များစွာသော မဟာအကြီးအကဲများဆီ ရောက်ရှိသွားဆဲ ဖြစ်သည်။
ယင်းနှင့်ကျိုးမိသားစု၏ မဟာအကြီးအကဲ သုံးဆယ့်နှစ်ယောက်တွင် ရှောင်လုံက နှစ်ဆယ့်ခုနစ်ယောက်သာ သတ်ရသေးသည်။
ဥပမာဆိုရသော် ရှောင်လုံက မဟာအကြီးအကဲ ညီအစ်ကို လေးယောက်တွင် ယင်းဖေး၊ယင်းလုနှင့် တတိယအစ်ကိုတို့ကိုသာ သတ်ဖြတ်ရသေးသည်။ စတုတ္ထညီ ဘယ်အရပ်သို့ ပျောက်သွားသည်ကိုတော့ ဘယ်သူမှ မသိပါပေ။
.....
ညအမှောင်က ကောင်းကင်ထက်၌ ဖြည်းဖြည်းချင်း နေရာယူလာသည်။
ရှောင်လုံက ဟောင်မိသားစုအိမ်တော် နောက်ဘက်ရှိ တောင်ထိပ်ပေါ်၌ ရပ်နေလေသည်။ တောင်အောက်ခြေရှိ အလင်းရောင်တောက်ပနေသော ဟောင်မိသားစုအိမ်တော်ကို ကြည့်ရင်း သူမျက်ခုံးများက နက်ရှိုင်းစွာ ကျုံ့သွားသည်။
ယနေ့သည် သူတို့ သိုင်းဝိညာဉ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် ခြောက်ရက်အကြာ ဖြစ်သည်။ အမှန်တွင် ဤနေရာသို့ ရောက်ရှိလာသမျှ ကျိုးနှင့် ယင်းမိသားစုဝင်များအားလုံးကို သတ်ဖြတ်ပြီးရင်း သတ်ဖြတ်ခဲ့ပေသည်။ သို့သော် ယခု ရှောင်လုံကို မျက်မှောင်ကြုတ်စေပြီး ခေါင်းကိုက်နေစေသည်မှာကား ထိုမိသားစုနှစ်စု လုပ်သွားသည့် သိုင်းဝိညာဉ်ကမ္ဘာက ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်ရန် ဖြစ်သည်။
သိုင်းဝိညာဉ်ကမ္ဘာ၏ အရင်းအမြစ်များကို ဆယ်စုနှစ်များစွာအကြာထိ အကြောင်းမဲ့ ဂုတ်သွေးစုပ်ပစ်ခဲ့ပြီးနောက် မြေဆီလွှာကောင်းမွန်သည့် နယ်မြေများသည် အသက်မဲ့ကုန်းမြေများ ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သည့် သတ္ထုကြောများသည်လည်း အပြည့်အဝ တူးဖော်ခံလိုက်ရပြီး ဆေးပင်များသည်လည်း အမြစ်မှ တူးနှုတ်ခံလိုက်ရသည်။ သားရဲများကို ဖမ်းဆီးပြီး မြို့နှင့် ရွာများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရပေသည်။
သိုင်းဝိညာဉ်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအင် အရင်းအမြစ်သည် အလွန်အမင်း ထိခိုက် ပျက်စီးနေပြီ ဖြစ်သည်။ သူက သိုင်းဝိညာဉ်ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်လည် သိုလှောင်ရန် မည်သို့လုပ်ရမည်နည်း။ မည်သည့်နည်းလမ်း ရှိနေလေသနည်း။
ရှောင်လုံ၌ အင်မော်တယ်အဆင့် နှင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ မည်မျှပင် ရှိနေစေကာမူ သိုင်းဝိညာဉ်ကမ္ဘာကို အချိန်တိုအတွင်း ပြန်လည်ထိန်းသိမ်းပေးရန် မဖြစ်နိုင်ပေ။
ရှောင်လုံ ပိုမို စဉ်းစားမိလေ၊ ပို၍ပင် ဒေါသထွက်လာလေ ဖြစ်သည်။ ဒီအချိန်၌ သိုင်းဝိညာဉ်ကမ္ဘာထဲရှိ ကိစ္စ အမြောက်အမြားကိုသာ သူ ဂရုစိုက်ဖို့ မလိုအပ်လျှင် သူသည် ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာနှင့် အာကာသအမွှာကမ္ဘာသို့ သွားရောက်ကာ ယင်းနှင့် ကျိုးမိသားစု နှစ်စုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မိပေလိမ့်မည်။
"သိုင်းဝိညာဉ်ကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အချိန်တိုအတွင်း ပြန်လည်ထိန်းသိမ်းဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
နဂါးအင်ပါယာအောင်းတိုင်ရီက ပြောလိုက်သည်။
ရှောင်လုံ တစ်ခဏမျှ ကြောင်သွားပြီးနောက် အပြုံးကြီးကြီးဖြင့် ပြန်တုံ့ပြန်လာသည်။
"နဂါးအိုကြီး...ခင်ဗျားမှာ နည်းလမ်း ရှိနေတာလား?"
နဂါးအင်ပါယာအောင်းတိုင်ရီက ပြုံးကာပြောလိုက်သည်။
"ဟုတ်တာပေါ့ဟ...မင်း သုံးလို့ရတဲ့ သွေးစတေးခြင်း နိယာမ ကို ငါသိတယ်...ယင်းနဲ့ ကျိုးမိသားစုဝင် အလောင်းတွေကို သွေးစတေးလိုက်ရင်...  သူတို့ရဲ့ အသွေးအသားတွေက သိုင်းဝိညာဉ်ကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်...စကြာဝဠာအဆင့် နဲ့ နတ်ဘုရားအဆင့် အလောင်းတွေ ဆိုရင်ကိုပဲ လုံလောက်နေပြီ...သိုင်းဝိညာဉ်ကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအင်က သိပ်မကြာခင် ပြန်ကောင်းသွားလိမ့်မယ်"
ရှောင်လုံက အံ့သြမှင်သက်သွားလေသည်။
"ယင်းနဲ့ ကျိုးမိသားစု အလောင်းတွေက သွေးစတေးခြင်းမှာ သုံးဖို့လား?"
နဂါးအင်ပါယာအောင်းတိုင်ရီက ခေါင်းညိတ်ပြလိုက်သည်။
"မဟုတ်ရင်...ငါက ဘာလို့ မင်းကို ယင်းနဲ့ကျိုးမိသားစုရဲ့ စကြာဝဠာအဆင့် နဲ့ နတ်ဘုရားအဆင့် အလောင်းတွေကို စုခိုင်းထားရမှာတုန်း?"
ထို့နောက် နဂါးအင်ပါယာအောင်းတိုင်ရီက ရှောင်လုံကို သွေးစတေးခြင်း နိယာမအကြောင်း အသေးစိတ် ရှင်းပြလိုက်သည်။
နဂါးအင်ပါယာအောင်းတိုင်ရီက သွေးစတေးခြင်း နိယာမအကြောင်း ရှင်းပြပြီးချိန်၌ ရှောင်လုံသည် ဒီနည်းလမ်းဖြင့် သိုင်းဝိညာဉ်ကမ္ဘာက စိတ်ဝိညာဉ်စွမ်းအင်များကို အချိန်တိုအတွင်း ပြန်စုစည်းနိုင်လိမ့်မည်ကို နားလည်သွားလေသည်။
စဉ်းစားကြည့်လျှင် မည်သည့် စကြာဝဠာအဆင့် သိုင်းပညာရှင်သည် မရေမတွက်နိုင်သည့် ဆေးပင်များ၊ စိတ်ဝိညာဉ်ဆေးလုံးများကို နှစ်ရာပေါင်းများစွာအတွင်း မသောက်သုံးဖူးဘဲ နေမည်နည်း၊ နှစ်ထောင်ချီ၍ ကျင့်ကြံပြီးမှသာ စကြာဝဠာအဆင့် ရောက်သွားသူများလည်း ရှိသည် မဟုတ်ပါလား။
သူတို့၏ သွေးသားများထဲ၌ ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေပေသည်။
နတ်ဘုရားအဆင့်အလောင်းများ ဆိုလျှင် ပို၍ပင် များပြားလှသည်။ နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်၏ သွေးအဆီအနှစ်တစ်စက်သည် သာမန် မြစ်ငယ်လေးထဲသို့ ကျဆင်းသွားပါက စိတ်ဝိညာဉ်စွမ်းအင် မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားရန်ပင် လုံလောက်သည်။
ထို့ပြင် သွေးစတေးခြင်း နိယာမက ထို စွမ်းအားကြီးသည့် အလောင်းများ၏ အသွေးအသားများကို သိုင်းဝိညာဉ်ကမ္ဘာထဲသို့ စုစည်းပစ်မည် ဖြစ်သည်။ သူတို့၏သွေးအဆီအနှစ်နှင့် စိတ်ဝိညာဉ်စွမ်းအင်များကို သုံးကာ သိုင်းဝိညာဉ်ကမ္ဘာ၏ လျော့ပါးသွားသော စွမ်းအင်များကို ပြန်ဖြည့်တင်းပေးပေလိမ့်မည်။
ချက်ချင်းပင် အချိန် တစ်စက္ကန့်မျှ မဖြုန်းတီးတော့ဘဲ ရှောင်လုံက လေထဲသို့ ပျံတက်သွားသည်။ နဂါးအင်ပါယာအောင်းတိုင်ရီ အစောပိုင်းက ရှင်းပြသည့်နည်းအတိုင်း သူက ယင်းနှင့် ကျိုးမိသားစု အလောင်းများကို စတေးခံများအဖြစ် ပေးအပ်လိုက်သည်။
မိသားစုနှစ်ခုမှ တပည့်များ၏ အလောင်းများသည် ရှောင်လုံ ပတ်လည်ရှိ လေထုထဲ၌ မျောလွင့်နေလေသည်။ သူက ဂါထာတစ်ပုဒ် ရွတ်လိုက်ကာ လက်များကို အမူအရာတစ်ခုအသွင် လှုပ်ရှားလိုက်သည်။ ရှောင်လုံ လက်ညှိုးညွှန်လိုက်သမျှ အလောင်းတိုင်းသည် သွေးရောင်အလင်းကို တောက်ပစွာ ထုတ်လွှတ်လာကြသည်။
နောက်တစ်ခဏတွင် ထိုအလောင်းများသည် မြေကြီးထဲ နစ်ဝင်သွားပြီး ကမ္ဘာ့အနက်ရှိုင်းဆုံးအပိုင်းထိ တိုးဝင်သွားကာ သိုင်းဝိညာဉ်ကမ္ဘာ၏ အစိတ်အပိုင်း ဖြစ်လာကြသည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးများသည် စတင် မျောလွင့်လာလေသည်။
တစ်ရက်နှင့်တစ်ည ကြာပြီးနောက် ရှောင်လုံ၏ သွေးစတေးခြင်းနိယာမ အောက်တွင် အလောင်းများအားလုံးသည် သိုင်းဝိညာဉ်ကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း အပြည့်အဝ ဖြစ်သွားလေသည်။
ရှောင်လုံ ရပ်တန့်လိုက်သည့်အချိန်၌ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ပေသည်။ ဟောင်မိသားစုအိမ်တော်ကို ဗဟိုထားကာ ဒေါင်ရမ်းအင်ပါယာ၏ စိတ်ဝိညာဉ်စွမ်းအင်သည် ဆယ်ဆပိုမို သိပ်သည်းသွားပြီး အိမ်နီးချင်း အင်ပါယာများဆီသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားလေသည်။
ရှောင်လုံ ပြုံးပျော်သွားရလေသည်။ သွေးစတေးခြင်း နိယာမက ထိုမျှ အကျိုးသက်ရောက်နိုင်စွမ်းရှိမည်ဟု သူမထင်ထားမိပေ။
သို့သော် ထိုအလောင်းများသည် လုံလောက်ရန် လိုအပ်နေသေးပြီး နှင်းလေတိုက်ကြီး၏ အခြေအနေကို တစ်ဝက်မျှသာ ပြောင်းလဲပစ်နိုင်ပေသည်။
"ကြည့်ရတာ ငြိမ်းချမ်းခြင်းအင်ပါယာကမ္ဘာကို သွားရတော့မယ့် အချိန်ပဲ!"
အေးစက်စက် အလင်းတစ်ချက်က ရှောင်လုံ၏ မျက်လုံးထဲ၌လက်သွားသည်။ သူက ယင်းနှင့်ကျိုးမိသားစုများကို အမြစ်ပြတ်သုတ်သင်ပြီးနောက်၌ သိုင်းဝိညာဉ်ကမ္ဘာကို ကယ်တင်ရန် လုံလောက်သည့် အလောင်းများ ရရှိလာပေလိမ့်မည်။
ဟုတ်ပေသည်။ ထိုမိသားစု နှစ်ခုကို သတ်ဖြတ်ရန်အပြင် လိပ်နက်မီးတောက်သည်လည်း အရေးကြီးပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now