706 - 710

172 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၀၆..... လိပ်နက် နတ်မီးတောက် တည်ရှိရာနေရာ အတွက် သဲလွန်စ

သူ့တပည့်၏ အားမလိုအားမရဖြစ်စေသည့် တုံ့ပြန်ပုံကြောင့် လမင်းဆင်းသက်ခြင်းအဘိုးအိုက မခံမရပ်နိုင် ဖြစ်ကာ ရှောင်လုံကို စိုက်ကြည့်လိုက်လေသည်။
"ကောင်းပြီလေ...ဒီအဘိုးကြီးကလည်း ဆက်ပြောရမှာ ပျင်းလွန်းလို့! "
သူ့လက်က တော်ဝင်ဆေးအရက်ဝိုင်အိုး ဆီသို့ ရောက်သွားကာ ဆုပ်ကိုင်လိုက်ပြီး ငေါက်လိုက်လေသည်။
"သောက်!"
ဝိုင်အိုးဆီမှ မူးယစ်ရီဝေစေသည့် သင်းရနံ့ကပျံ့နှံ့လာသည်။
လမင်းဆင်းသက်ခြင်းအဘိုးအို က ဆက်ပြောရန် ပျင်းသွားပြီဟု ပြောသော်ငြား ဆရာတပည့်နှစ်ယောက်သား အရက်သောက်ချိန်တွင် သူက အရက်ဝင်သွားသည်နှင့် နားပူနားဆာ လုပ်တော့သည်။ ရှောင်လုံက မဟာကံကောင်းခြင်းများနှင့် ပြည့်နှက်နေသူဖြစ်ကြောင်း၊ ထို့ကြောင့် သူက နတ်မီးတောက်သုံးမျိုးလုံးကို ရှာရန် အားများစွာ စိုက်ထုတ်ရန် မလိုကြောင်း ပြောနေလေသည်။
ရှောင်လုံခမျာ တစ်ချိန်လုံး ခေါင်းသာ ညိတ်ပြနေရသည်။
နာရီအနည်းငယ် ကြာပြီးနောက် ရှောင်လုံ လမင်းဆင်းသက်ခြင်းအဘိုးအို၏ ခြံဝန်းထဲမှ ပြန်ထွက်လာခဲ့သည်။ သူ ရှောင်ဖေး၏ ခြံဝန်းထဲသို့ ရောက်ချိန်တွင်တော့ အစေခံတစ်ယောက်က ရှောင်ဖေးသည် ချန်းယဲ့၏သမီး ချန်းလင်းနှင့်အတူ မနက်စောစောကတည်းက ထွက်သွားကြောင်း သိလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ရှောင်လုံသည် လမင်းဆင်းသက်ခြင်းအဘိုးအို၏ ခြံဝန်းဆီသို့ အရင်ဆုံး သွားလိုက်မိ၍ ကပ်ဘေးမှ လွတ်မြောက်သွားသည့်အတွက် ကျေးဇူးတင်လိုက်မိသည်။
အချိန်ကား ပျံသန်းသွားသည့်နှယ် မျက်တောင်တစ်ခတ်အတွင်းမှာပင် လတစ်ဝက်ကုန်သွားလေသည်။
ရှောင်လုံ၊ ရှောင်ဖေးနှင့် လမင်းဆင်းသက်ခြင်းအဘိုးအို တို့သည် တော်ဝင်ဆေးမြို့တော်၌ နေထိုင်ခဲ့သည်မှာ လတစ်ဝက်မျှပင် ရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ရှောင်လုံက အနက်ရောင်သူရဲကောင်းတက္ကသိုလ် ဆီသို့ ပြန်ရန် အချိန်ကျပြီဖြစ်ကြောင်း ခံစားမိလိုက်ပေသည်။
သို့သော် လမင်းဆင်းသက်ခြင်းအဘိုးအိုက ရှောင်လုံနှင့် ရှောင်ဖေးတို့နှင့်အတူ ပြန်မလိုက်ပေ။ အဘိုးအို အပြောအရ သူသည် တော်ဝင်ဆေးမြို့တော်သို့ နေ့တိုင်း ရောက်မလာနိုင်သည်မို့ အချိန်ခဏလောက် ထပ်နေချင်နေပေသေးသည်။
သဘာဝကျစွာပင် လူတိုင်းက လမင်းဆင်းသက်ခြင်းအဘိုးအို တော်ဝင်ဆေးမြို့တော်၌ ဆက်နေချင်နေရခြင်း၏ တကယ့်အကြောင်းရင်းကို သိကြပေသည်။
လမင်းဆင်းသက်ခြင်းအဘိုးအိုကသာ တော်ဝင်ဆေးမြို့တော်၌ ဆက်နေချင်လျှင် ရှောင်လုံလည်း ဘာမှ မတတ်နိုင်ပေ။ နားပူနားဆာလုပ်မှုများဖြင့် နှုတ်ဆက်ခံလိုက်ရပြီးနောက် သူနှင့် ရှောင်ဖေးတို့သည် တော်ဝင်ဆေးမြို့တော်မှ အနက်ရောင်သူရဲကောင်းတက္ကသိုလ် သို့ ထွက်ခွာလိုက်ကြသည်။
သူတို့နှစ်ယောက်သည် အလျှင်မလိုသည်မို့ ပုံမှန်သာ ခရီးနှင်လာကာ လမ်းတစ်လျှောက် ကျင့်ကြံလာကြသည်။ သူတို့ နေထိုင်၍မရသည့် ဂြိုဟ်များကို ဖြတ်သွားသည့်အခါတိုင်း တစ်ရက် သို့မဟုတ် နှစ်ရက် နားလိုက်ကြသည်။
နှစ်လကြာပြီးနောက်တွင်တော့ ရှောင်လုံနှင့် ရှောင်ဖေးတို့သည် ရွှေရောင်နဂါးတောင်ထွတ်သို့ ပြန်လည် ရောက်ရှိသွားကြသည်။
ရှောင်လုံ နှင့် ရှောင်ဖေးတို့ ရောက်ရှိသွားပြီး သိပ်မကြာမီတွင် ဆရာတူအစ်ကိုကြီး လျှိုယွင် နှင့် ဆရာတူအစ်မ ၃ ချီဝမ်တို့က ရွှေရောင်နဂါးတောင်ထွတ်ဆီ ရှောင်လုံကို ဂုဏ်ပြုရန် ရောက်လာကြသည်။
မဟာဆေးပညာရှင်ပြိုင်ပွဲ အတွင်း ရှောင်လုံက သူ့၏ ဆေးပညာစွမ်းရည် ဖြစ်သည့် ကောင်းကင်သားရဲပုံရိပ်ဆေးသန့်စင်ခြင်း ကို သုံးကာ ကပ်ဘေးအဆင့် မဟာနတ်ဘုရင်ဆေးလုံးများကို သန့်စင်နိုင်ခဲ့သည်။ ဤသတင်းသည် အနက်ရောင်လိပ် ကြယ်စင်စုတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ လျှိုယွင်နှင့် ချီဝမ်တို့ နှစ်ယောက်လုံးသည်လည်း ရှောင်လုံ ပြန်အလာကို လည်တစ်ဆန့်ဆန့်ဖြင့် မျှော်နေကြသည်။
လျှိုယွင်နှင့်ချီဝမ်တို့က သူတို့၏ ဆရာတူညီငယ်လေး မဟာဆေးပညာရှင်ပြိုင်ပွဲတွင် အနိုင်ရရှိပြီး ဆေးဘုရင်ဘွဲ့ ရရှိခဲ့သည့်အတွက် အလွန်အမင်း ပျော်ရွှင်နေကြသည်။
လျှိုယွင်က အားပါးတရ ပြုံးလိုက်သည်။
"စုန်းမအိုကြီးဝမ်နာက ညီလေး ရှန်းမင်ကျီကို နိုင်သွားပြီး မဟာဆေးပညာရှင်ပြိုင်ပွဲ ရဲ့ ပထမဆုကို ရသွားမှန်းလည်း သိရော...သူမက အနားမှာ ရှိသမျှ ခွက်တိုင်းကို ခွဲပစ်တယ်တဲ့...သူမက သွေးအန်မတတ် ဒေါသထွက်နေတယ်လို့တောင် ငါကြားလိုက်ရသေးတယ်!"
ချီဝမ်ကလည်း ရယ်မောလိုက်သည်။
"ကျောင်းမိသားစုခေါင်းဆောင် ဆိုရင် သတင်းကြားပြီးတာနဲ့ သူ့ခြံဝန်းသူ ဖျက်ဆီးပစ်တယ်ဆိုပဲ...ဆိုးလိုက်တာ...သူက ဒေါသထွက်တာလေးနဲ့ အစောင့်အများကြီးကို သတ်ပစ်ခဲ့တယ်လေ!"
ရှောင်လုံ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"အဲ့ဒီ ဖောက်ပြန်နေတဲ့အတွဲက သေတဲ့ထိ ဒေါသထွက်သွားရင် ပိုတောင် ကောင်းသေးတယ်...ဒါဆိုရင် ကျွန်တော်တို့လည်း သူတို့ကို မြင်နေရလို့ ရွံရတာမျိုး ဖြစ်စရာမလိုတော့ဘူး!"
သုံးယောက်သား သံပြိုင် ရယ်မောလိုက်ကြသည်။
"ဆရာက တံခါးပိတ်ကျင့်ကြံနေတာ ဆိုးတာပဲ...မင်း မဟာဆေးပညာရှင်ပြိုင်ပွဲမှာ ပထမဆု ရတဲ့အကြောင်း သူသိသွားရင် တကယ့်ကို ပျော်သွားမှာကွ"
ရှောင်လုံလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
သူတို့စကားပြောနေကြရင်း ရှောင်လုံက သူတို့နှစ်ယောက်ဆီမှ အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ နောက်ဆုံးရသတင်းများကို မေးမြန်းစုံစမ်းလိုက်သည်။ အထူးသဖြင့် စုန်းမအိုကြီးဝမ်နာ၏ လှုပ်ရှားမှု မှန်သမျှကို ဖြစ်သည်။
လျှိုယွင်က သူ့ခေါင်းကို ယမ်းပြလာသည်။
"ဝမ်နာဘက်က ဘာသံသယ ဖြစ်စရာ လှုပ်ရှားမှုမှ မရှိဘူး...ဒါပေမယ့် သူမက မိစ္ဆာသားရဲကလန်နဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေတဲ့ပုံ ပေါ်တယ်"
"မိစ္ဆာသားရဲကလန်!"
ရှောင်လုံ၏ မျက်ခုံးတန်းက နဖူးထိတိုင် မြင့်တက်သွားလေသည်။
ချီဝမ်က ရှင်းပြလိုက်သည်။
"အဲ့ဒီသူက မိစ္ဆာသားရဲကလန်ရဲ့ ရွှေမျက်ခုံး သားရဲဘုရင်ပဲ"
ထိုအချိန်၌ ရှောင်လုံ၏ မျက်လုံးများက မှေးကျဉ်းသွားလေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာအကြာက... သူ လက်ရွေးစင်တပည့် ဖြစ်ပြီး မကြာခင်၌ မြောက်ဘက်ရေခဲကမ္ဘာ သို့သွားရန် အနက်ရောင်သူရဲကောင်းတက္ကသိုလ် မှ ထွက်ခွာခဲ့သည်။ လမ်းတွင် သူက မိုးပြာရောင်နဂါးတက္ကသိုလ် မဟာအကြီးအကဲ လီချင်မင်၏ ချုံခိုတိုက်ခိုက်ခြင်း ခံရပြီး မိစ္ဆာသားရဲကလန် ဘုရင်တစ်ယောက်၏ အမဲလိုက်ခြင်းကို ခံခဲ့ရပေသည်။
လီချင်မင်ကို သတ်ဖြတ်ပြီးနောက် ရှောင်လုံက သားရဲဘုရင်၏ လိုက်လံရှာဖွေမှုမှ လွတ်မြောက်ရန် နဂါးအင်ပါယာ အောင်းတိုင်ရီ၏ အကူအညီကို ယူလိုက်ရသည်။ နောက်တွင် သူ စုံးစမ်းရှာဖွေလိုက်ချိန်၌ အနှီ သားရဲဘုရင်၏ နာမည်သည် ရွှေမျက်ခုံးသားရဲဘုရင် ဖြစ်ကြောင်း သိလိုက်ရသည်။
ဤသတင်းအချက်အလက်များကို စုစည်းကြည့်လိုက်လျှင် သူ အနက်ရောင်သူရဲကောင်းတက္ကသိုလ်မှ ထွက်ခွာခဲ့သည့်နှစ်က ရွှေမျက်ခုံးသားရဲဘုရင် ကို သတင်းပေးလိုက်သည့်သူမှာ ဝမ်နာပင် ဖြစ်ပေလိမ့်မည်။ ဝမ်နာက အခုမှသာ မိစ္ဆာသားရဲကလန်နှင့် နီးကပ်နေသည်မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် နီးကပ်သည့် ဆက်ဆံရေး ရှိနေပြီးသား ဖြစ်သည်။
ဤသည်ကို တွေးလိုက်မိပြီးနောက် ရှောင်လုံက လျှိုယွင်နှင့်ချီဝမ်တို့ နှစ်ယောက်ကို ပြန်ပြောပြလိုက်သည်။ ဤသည်ကို ကြားလိုက်သည်နှင့် သူတို့နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။
"ဒီလိုသာဆိုရင် ဝမ်နာက မိစ္ဆာသားရဲကလန်နဲ့ အတွင်းကျိတ်ပြီး အကွက်ချစီစဉ်နေတာပေါ့!"
လျှိုယွင်၏ မျက်လုံးထဲ၌ ထက်ရှသည့်အလင်းတစ်ချက် လက်သွားပြီး ပြောလိုက်သည်။ ဤသည်သာ အမှန်ဖြစ်လျှင် သူတို့အနေဖြင့် ဝမ်နာ၏ လှုပ်ရှားမှုများကို ယခုမှစ၍ ပိုမို သတိထားရပေလိမ့်မည်။
လျှိုယွင်နှင့်ချီဝမ်တို့သည် ရွှေရောင်နဂါးတောင်ထွတ်၌ နာရီပေါင်းများစွာ နေပြီးနောက် ပြန်သွားကြသည်။ သူတို့ ထွက်မသွားခင် ရှောင်လုံက သူတို့နှစ်ယောက်စလုံးအား တစ်ယောက်ကို မဟာနတ်ဘုရင်ဆေးလုံး တစ်ရာစီ ပေးလိုက်သည်။
ပြိုင်ပွဲ၏ ပထမအတွက် ရှောင်လုံ ရရှိသည့်ဆုလာဘ်ဖြစ်သည့် ဆေးလုံး သုံးထောင်ထဲမှ မဟာနတ်ဘုရင်ဆေးလုံးနှစ်ရာဆိုသည်မှာ နည်းပါးလှသည့် ပမာဏသာ ဖြစ်သည်။ သို့သော် လျှိုယွင်နှင့်ချီဝမ်တို့က ၎င်းဆေးလုံးများကို ရရှိလိုက်ချိန်တွင် ကျေနပ်ပီတိ ဖြစ်သွားကြသည်။
မဟာနတ်ဘုရင်ဆေးလုံးသည် အင်မော်တယ်အဆင့် ဆေးလုံးများအကြား၌ အဆင့်တစ်ချိတ်သည့် ဆေးလုံး ဖြစ်ကြောင်း လူတိုင်း နားလည်ပေသည်။ ဆေးလုံးတစ်လုံးက ရုပ်ခန္ဓာကို တိုးတက်သန်မာစေကာ ပြန်လည် မွေးဖွားလာနိုင်စွမ်းလည်း ရှိပေသည်။ ခွန်အားကိုလည်း တိုးပွားစေပြီး အရေးကြီးဆုံးအရာမှာကား သူတို့ကဲ့သို့ နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ အတွက် မဟာနတ်ဘုရားအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည့် အခွင့်အရေးသည် အကြီးအကျယ် တိုးပွားသွားပေလိမ့်မည်။
တိုးတက်မှုနည်းပါးသော်လည်း လျှိုယွင်နှင့် ချီဝမ်အတွက်မူ ဤဆေးလုံးများသည် တန်ဖိုးကြီးသည့် ရတနာများပင် ဖြစ်သည်။
သူတို့ကို လိုက်ပို့ပြီးနောက် ရှောင်လုံက နန်းတော်ကိုးခုအစီအရင် ရှိရာသို့ ပြန်သွားလိုက်သည်။
ရှောင်လုံက သူတို့နှစ်ယောက်ကို ဆေးလုံးတစ်ရာစီသာ ပေးလိုက်ခြင်းသည် နှမြောတွန့်တိုနေခြင်းကြောင့် မဟုတ်ပေ။ ၎င်းတို့ကို သန့်စင်ရန်အတွက် လိုအပ်သော ဆေးပင်များမှာ ရှားပါးလွန်းပြီး ရှာဖွေရန် အလွန်ခက်ခဲလှသည်။ ထို့အပြင် လက်ရှိ ဟောင်မိသားစု၏ အင်အားကလည်း အလွန်ပင် အားနည်းနေသည် ။ ထို့ကြောင့် ရှောင်လုံက သူတို့၏ စွမ်းအားနှင့် သိုင်းကျင့်စဉ်များ တိုးတက်ရေးအတွက် မဟာနတ်ဘုရင်ဆေးလုံးများ သုံးစွဲစေရန် စီစဉ်ထားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now