756 - 760

179 13 0
                                    

ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်

အပိုင်း ၇၅၆ ..... မင်းငါ့မျက်နှာကို ရိုက်ရဲတယ်ပေါ့

ဟောင်ဟုန်ထျန်းက သူ၏ဇာမဏီကိုးကောင် ကောင်းကင်မီးလက်ဝါး၏ အင်အားများကို ဘာမှ မကျန်တော့သည်အထိ ဝါးမျိုခံလိုက်ရသည်ကိုအား အရူးတစ်ယောက်နှယ် ကြည့်နေမိပြီး လွှတ်ခနဲ ရေရွတ်လိုက်မိသည်။

"အကုန်ဝါးမျိုခံလိုက်ပြီတဲ့လား "

ရှောင်လုံက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဟောင်ဟုန်ထျန်းကို ပုခုံးတွန့်ပြလိုက်သည်။

"ဟုတ်တယ်လေ "

ဟောင်ဟုန်ထျန်း၏ အကြည့်က ရှောင်လုံ၏ အပြုံးမျက်နှာပေါ်သို့ ကျရောက်သွားသည်။ဟောင်ဟုန်ထျန်း၏ မျက်နှာက စိမ်းဖန့်သွားလေပြီး သူ့ဇနီးသစ္စာဖောက်သည်ကို တွေ့ရှိသွားသည့် ယောက်ျား တစ်ယောက်ထက်ပင် ဒေါသထွက်နေပေသည်။

"မဟာနတ် ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်ကို ဆန့်ကျင်ရန်စခြင်းအတွက်... ဘယ်လိုကံဆိုးမိုးမှောင် ကျသွားရတတ်သလဲဆိုတာကို ...မင်းသိအောင်  ငါမင်းရဲ့ စိတ်ဝိညာဥ်ပေါ်မှာ ထွင်းထုပေးလိုက်မယ် "

ဟောင်ဟုန်ထျန်းက အံကိုကြိတ်လိုက်ရင်း ထိုသို့ပြောလိုက်လေပြီး သူ့၏အေးစက်သည့်အသံက အရိုးများထဲထိပင်  စိမ့်၀င်ထိုးဖောက်သွားနိုင်ပေသည်။

ဇာမဏီကလန်၏ မဟာအကြီးအကဲများသည် အေးစက်တုန်ယင်သွားကြပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထသွားကြသည်။

ထို့နောက် ဟောင်ဟုန်ထျန်းသည် ဇာမဏီကလန်ဌာနချုပ်၏ အဓိကခန်းမဆောင် အပြင်ဘက်သို့လှစ်ကခနဲ ထွက်သွားလိုက်လေသည်။ရှောင်လုံသည်လည်း လိုက်ပါသွားပြီး ခန်းမထဲမှအလျင်အမြန် ပျောက်ကွယ်သွားကာ လေထုထဲတွင်ပေါ်လာလေသည်။

သူတို့ဘယ်နေရာ၌ တိုက်ခိုက်သည်ဖြစ်ပါစေ ရှောင်လုံ့အတွက်တူတူသာဖြစ်သည်။သို့သော်လည်း ကြည့်ရသည်မှာ ဟောင်ဟုန်ထျန်းသည် သူ့၏ဇာမဏီအသွင် သဏ္ဍန်ကိုပြောင်းလဲ ဖြစ်တော့မည့်ဟန်ရသည်။

မျှော်လင့်ထားသည့်အတိုင်းပင် တောက်ပသည့်မီးရောင်များက ပြန့်နှံ့လာပြီး ဟောင်ဟုန်ထျန်းကို လွှမ်းခြုံသွားသည်။သူ့၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားပြီးနောက် တခဏ၌ သူ့၏ခန္ဓာကိုယ်သည် ကျက်သရေရှိလှသော ခုနှစ်ရောင်ခြယ်မီးတောက်များဖြင့် ဖုံးလွှမ်းနေသည့် မီတာ ၃၃၀၀၀၀ရှည်လျားသည့် ဇာမဏီငှက်တစ်ကောင်အသွင် ပြောင်းလဲသွားလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now