711 - 715

163 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၁၁ ..... ကြီးစွာသော ဒုက္ခ

အခြားအစောင့်ငါးယောက်သည်လည်း ဒေါသထွက်နေသည့် မျက်နှာများဖြင့် မတ်တပ်ရပ်လာကြသည်။ သို့သော် မြေပြင်၌ ကပ်တွယ် ပြားချပ်နေသည့် အသားပြားကြီးကို မြင်လိုက်ချိန်တွင်တော့ သူတို့၏ ခန္ဓာကိုယ်များသည် တောင့်ခဲသွားရပြီး တစ်ချက်မျှ ရွေ့လျားရန်ပင် ကြောက်ရွံ့သွားကြသည်။
သေရန်မကြောက်သည့်သူမှာ အရူးနှင့် ငကြောင်များသာ ရှိပေလိမ့်မည်။
သို့သော် အရူးနှင့် ငကြောင်များသည် ဘယ်တော့မှ ရှားပါးသွားမည်မဟုတ်ပေ။
ယင်းမိသားစု အစောင့်ငါးယောက်ထဲမှ တစ်ယောက်သည် မကြာခင်မှာပင် တုန်လှုပ်မှုကို ဖုံးကွယ်လိုက်ချေပြီး ရှောင်လုံကို လက်ညှိုးထိုးကာ မောက်မာထောင်လွှားသည့် အသံဖြင့် အပြစ်တင်လိုက်သည်။
"ဟောင်ရှောင်လုံ...မင်း လုပ်ရပ်ရဲ့ အကျိုးဆက်ကို သိရဲ့လား?!မင်းက သူတို့ကို မသေခင် ဝေဒနာခံစားရအောင် လုပ်နေတာပဲ...ငါ မင်းကို ပြောရမှာ မကြောက်ဘူး...ဒီတစ်ခေါက် ငါတို့ ယင်းမိသားစုက ဒီနေရာကို မဟာအကြီးအကဲ ဆယ့်ခြောက်ယောက် လွှတ်လိုက်တယ်...မင်း ဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး!"
"မင်း အသက်ရှင်ချင်သေးတယ်ဆိုရင်...ငါတို့နောက်ကနေ နာနာခံခံ နဲ့ ငါတို့ရဲ့ မဟာအကြီးအကဲ ယင်းချောင်ထျန်းကို တွေ့အောင် လိုက်ခဲ့စမ်း...ဒူးထောက်ကန်တော့ပြီးတော့ မဟာအကြီးအကဲယင်းချောင်ထျန်း ရှေ့မှာ မင်းအပြစ်တွေအားလုံးကို ဝန်ခံရမယ်...မင်းကိုယ်မင်း ငါတို့ ယင်းမိသားစုဆီ အညံ့ခံလိုက်!"
ထိုအစောင့်၏ ပါးစပ်မှ ထွက်လာသော သောက်အဓိပ္ပါယ်မရှိသည့် စကားများကို ကြားလိုက်ရသည်နှင့် ကျို့ရှု၊ကျန့်ဖူနှင့် အခြား ရှောင်လုံတို့အုပ်စုရှိ လူများသည် မဟန်နိုင်ဘဲ ရယ်မောလိုက်မိကြသည်။ ဂိုရှောင်ဖန်နှင့် လီထျန်းတို့၏ ရယ်သံများမှာ အကျယ်လောင်ဆုံး ဖြစ်သည်။
ရှောင်လုံ သူ့ခေါင်းကိုသာ စိတ်ပျက်လက်ပျက် ယမ်းလိုက်မိသည်။ ဤ ယင်းမိသားစု၏ အစောင့်သည် အခြေအနေကို နားလည်သဘောပေါက်ရာတွင် အဘယ့်ကြောင့် နှေးကွေးနေရသနည်း။
သို့သော် ဒီအချိန်၌ သူသည် ထို အစောင့်ကို အဖက်လုပ်ရန်ပင် ပျင်းရိလို့နေသည်။ သူက သူ့အောက်ရှိ အမြီးကိုးချောင်း တောက်ပအလင်းကျားကို ညင်ညင်သာသာ တို့ထိလိုက်သည်။
တုန့်ပြန်လိုက်သည့်အနေဖြင့် အမြီးကိုးချောင်း တောက်ပအလင်းကျားက သူ့ရှေ့ ခြေချောင်းကို မလိုက်ကာ ရိုက်ချလိုက်သည်မို့ မြေပြင်ကို အကြီးအကျယ် တုန်ခါသွားစေသည်။ မြေပြင်ပေါ်တွင် ကြီးမားလှသည့် ကျားခြေရာကြီးသာ ထင်ကျန်ရစ်ခဲ့သည်။
ဒုတိယမြောက် ယင်းမိသားစု အစောင့်သည်လည်း အရင်တစ်ယောက်ကဲ့သို့ပင် မြေပြင်သို့ ရိုက်ချခံရကာ အဆုံးသတ်သွားလေသည်။ သို့သော် အသားပြား ဖြစ်သွားရမည့်အစား ဒုတိယ အစောင့်သည် အသွေးအသားပုံကြီး ဖြစ်သွားရပြီး သူ့ခေါင်းနှင့် ခြေထောက်ကိုပင် ခွဲခြား၍ မရနိုင်တော့ပေ။
ကျန်ရှိနေသည့် ယင်းမိသားစု အစောင့်လေးယောက်သည် ယခုတွင် သွေးဆုတ်သွားကြပြီ ဖြစ်သည်။ ဆိုးရွားလွန်းလှ၍ ပတ်ပတ်လည်မှ ယင်းမိသားစု စစ်သည်များသည် သေးပေါက်ချမိတော့မတတ် ဖြစ်သွားကြသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ယခု အကျဉ်းသားများ ဖြစ်နေရရှာသည့် သိုင်းဝိညာဉ်ကမ္ဘာမှ တပည့်များနှင့် အကြီးအကဲများသည် ပို၍ပင် ကျယ်ကျယ်လောင်လောင် ကြွေးကြော်လိုက်မိကြသည်။
"ဒီ ယင်းမိသားစုရဲ့ စစ်သည်တွေနဲ့ တပည့်တွေကို တစ်ယောက်မှ အရှင်မထားနဲ့..."
ရှောင်လုံက ပုခုံးကို လှည့်လိုက်ပြီး သူ့နောက်ရှိ လူစုကို ပြောလိုက်သည်။ ဘာမဟုတ်သည့် ကိစ္စလေးကို ပြောနေသည့်နှယ် သူ့အသံသည် ထူးမခြားနားဟန်ဖြင့် အေးစက်နေပေသည်။
ဤ ယင်းမိသားစု၏ တပည့်များနှင့် စစ်သည်များ
အတွက်မူ ရှောင်လုံ အနည်းငယ်မျှပင် သက်ညှာမှု မပေးနိုင်ပေ။
ယင်းမိသားစုသည် သူ့၏ အောက်ဆုံးစည်းကို ထိပါးလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
သူ ဒီနေရာသို့ အလျင်စလို လာရာတွင် သူဖြတ်သန်းခဲ့သမျှ ကျေးရွာများနှင့် မြို့များ အားလုံးသည် လူသူ ကင်းမဲ့နေပေသည်။ သူ မြင်ခဲ့ရသမျှ နေရာတိုင်း၌ သေခြင်းအငွေ့အသက်များ ဖြာထွက်နေပြီး လေထုထဲတွင် ခါးသီးမှုများသာ ပြည့်နှက်နေသည်။ ဤသည်မှာကား ယင်းမိသားစုသည် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် များပြားလှသည့် သာမန်လူများအားလုံး သတ်ဖြတ်ခဲ့သည်ကို သိသာထင်ရှားသွားစေသည်။
သူ လမ်းတစ်လျှောက်လုံး ခံစားခဲ့ရသည့် သေခြင်းအငွေ့အသက်များ နှင့် ခါးသီးမှုများသည်မရှိလျှင် ဤမျှအထိ ဒေါသထွက်နေမည် မဟုတ်ပေ။
"ဟုတ်ကဲ့ပါ...ဂိုဏ်းချူပ်!"
ကျို့ရှု နှင့် ကျန့်ဖူတို့သည် ရှောင်လုံ၏ အမိန့်ကို ရိုသေလေးစားမှုအပြည့်ဖြင့် နားလည်ကြောင်း ပြောလိုက်သည်။
နှစ်ပေါင်းများစွာ ကြာပြီးသော်ငြား သူတို့နှစ်ယောက်သည် ရှောင်လုံကို နတ်တံခါးဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ်သာ တလေးတစား ခေါ်ဝေါ်နေကြဆဲ ဖြစ်သည်။ ထို့ပြင် ရှောင်လုံသည်လည်း သူတို့ကို ပြောင်းလဲခေါ်ဝေါ်စေရန် လိုအပ်သည်ဟု မခံစားမိပေ။
ရှောင်လုံ၏ အမိန့်ကို နားလည်ကြောင်း ပြောပြီးနောက် ကျို့ရှုနှင့်ကျန့်ဖူ တို့သည် မြေပြင်ပေါ်သို့ ပျံသန်းဆင်းသက်လိုက်ပြီး သူတို့၏ အလုပ်ကို စတင်လိုက်ကြသည်။ လက်တစ်ဖက်ကို ကျန်ရှိနေသည့် ယင်းမိသားစု အစောင့်လေးယောက်ဆီသို့ ဆန့်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလို ရွှေရောင်လက်ဝါးရာကြီးက ကောင်းကင်ထက်၌ အရိပ်ထင်လာလေသည်။
သူတို့၏ နတ်ဘုရားအဆင့် ၂ စွမ်းအားနှင့် ဆိုပါက ကျို့ရှုနှင့် ကျန့်ဖူတို့သည် နတ်ဘုရားအဆင့် ၁ များဖြစ်ကြသည့် ယင်းမိသားစု၏ အစောင့်လေးယောက်ကို ကိုင်တွယ်ရန်မှာ လုံလောက်သည်ထက် ပိုပေသည်။
သူတို့နှစ်ယောက်လုံးအသုံးပြုလိုက်သည့် သိုင်းပညာရပ်ကို ရွှေရောင်မီးတောက် လက်ဝါးသိုင်းဟု ခေါ်ပေသည်။
ထို ရွှေရောင်မီးတောက်လက်ဝါးသိုင်းသည် ရှေးဟောင်း ရွှေရောင်မီးတောက်ဂိုဏ်း၏ အမွေအနှစ် သိုင်းပညာရပ်ဖြစ်ပြီး လမင်းဆင်းသက်ခြင်းအဘိုးအိုက ရှောင်လုံကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ရှောင်လုံ ထိုသိုင်းပညာရပ်ကို လေ့ကျင့်ခဲ့ပြီးနောက် ကျို့ရှုနှင့်ကျန့်ဖူတို့နှင့် သင့်တော်လှကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက ထိုပညာရပ်အား သူတို့ကို သင်ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းမိသားစု၏ အစောင့်လေးယောက်သည် သူတို့အထက် ကောင်းကင်ပေါ်မှ ကျဆင်းလာသည့် ရွှေရောင်လက်ဝါးကြီးကို ကြည့်ရင်း ကြက်သေသေသွားတော့သည်။ ထိုအစောင့်များ၏ မျက်နှာသည်လည်း သေလုမတတ် ဖြူဖျော့သွားလေသည်။ သို့သော် သူတို့ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်တွင် ဂိုရှောင်ဖန်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"အဲ့ဒီ လေးယောက်က ကျွန်တော့်ဟာတွေ!"
ဂိုရှောင်ဖန်က နောက်မဆုတ်ဘဲ ထိုးနှက်လိုက်သည်။ ကြယ်ကြွေသည့်နှယ် လက်သီးရိပ်များက လေထုကို လှစ်ခနဲ ဖြတ်သန်းသွားပြီး ကျို့ရှုနှင့်ကျန့်ဖူ တို့၏ တိုက်ခိုက်မှုနှင့် အတူ ယင်းမိသားစု၏အစောင့်လေးယောက်ကို အမြစ်ပျက် သုတ်သင်လေတော့သည်။
သို့သော်လည်း သူတို့သုံးယောက်ထက် ပိုမို မြန်ဆန်သည့်သူ ရှိနေပေသည်။
ကောင်းကင်ဝါးမြိုသားရဲလီထျန်း က သူ့ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်ကာ ပြင်းပြင်းထန်ထန် ရှုသွင်းလိုက်လေသည်။ ယင်းမိသားစု၏ အစောင့်များသည် ဝက်များကဲ့သို့ အော်ဟစ်လိုက်ကြကာ အားကောင်းလှသည့် စုပ်အားက သူတို့ကို လီထျန်းဆီသို့ ဆွဲခေါ်သွားသည်။ လီထျန်းက အားလုံးကို ဗိုက်ထဲသို့ မျိုချပစ်လိုက်သည်။ ယင်းမိသားစု၏ အစောင့်လေးယောက်သည် လီထျန်း၏ အစာများ ဖြစ်သွားကြသည်။
လီထျန်း၏ ကျင့်ကြံမှုအမြန်နှုန်းသည် ကြောက်မက်ဖွယ် ကောင်းလှပြီး သန့်စင်ဉာဏ်အလင်းဗုဒ္ဓခန္ဓာကိုယ် နိုးထသွားသည့် ရှောင်ဖေးသည်ပင် သူ့ထက် ရှေ့သို့ ရောက်သည်ဆိုရုံမျှသာ ရှိပေသည်။လီထျန်းက နတ်ဘုရားအဆင့် ၃ နောက်ပိုင်း အထွတ်အထိပ်အဆင့် ရောက်သွားပြီး ဖြစ်သည်။
လီထျန်းလည်း ပါဝင်လာကြောင်း တွေ့လိုက်ချိန်၌ ခရမ်းရောင် စိတ်ဝိညာဉ်ဝါးမြိုမျောက်ဟောင်ရှောင်ယွန် သည် အငြိမ်မနေနိုင်တော့ပေ။
သူ့ပါးစပ်ကို ဖွင့်လိုက်လေပြီး မြေပြင်ကို ကွဲအက်သွားစေမည့် အော်သံကို ထုတ်ဖော်လိုက်လေသည်။ အော်သံက အသံလှိုင်းမုန်တိုင်းအသွင် ပြောင်းသွားပြီး ပတ်ပတ်လည်ကို တိုက်ခိုက်မွှေနှောက်သွားသည်။ ထိုလမ်းကြောင်းရှိ ယင်းမိသားစု၏ စစ်သည်တိုင်းသည် သွေးမိုးများ ရွာသွန်းသွားသည်ထိ ကြိတ်ခြေခံလိုက်ရသည်။သူတို့ အော်သံတစ်ချက်မှ မထွက်လိုက်နိုင်မီ မြေပြင်ပေါ်သို့ ရာချီသော အပိုင်းအစများအသွင် ကျဆင်းသွားလေတော့သည်။
ဟောင်ရှောင်ယွန်၏ ကျင့်ကြံမှု တိုးတက်နှုန်းက လီထျန်းနှင့် နှိုင်းယှဉ်နိုင်ပေသည်။ သူသည်လည်း နတ်ဘုရားအဆင့် ၃ နောက်ပိုင်း အထွတ်အထိပ်အဆင့် သို့ ရောက်နေပြီ ဖြစ်သည်။ 
ဂိုရှောင်ဖန်၊ လီထျန်း နှင့် ဟောင်ရှောင်ယွန် တို့က တိုက်ပွဲတွင်းသို့ ခုန်ဝင်လိုက်ကြပြီး မြင့်မြတ်သောဗုဒ္ဓ အင်ပါယာ ၊ ရှဲ့ပူတိ နှင့် အခြားသူများသည်လည်း လှုပ်ရှားလိုက်ကြကာ ဟောင်ရှောင်ဟိုင်၊ ဟောင်မင်း တို့လည်း ပါဝင်လေသည်။ ဟောင်ပန်နှင့် စုယန် သည်ပင် နောက်ကျန်မနေခဲ့ဘဲ ထွက်ပြေးရန် ကြိုးစားနေကြသည့် ယင်းမိသားစု၏ စစ်သည်များကို အလျှင်အမြန် သတ်ဖြတ်လိုက်ကြသည်။
သို့သော်လည်း ဒါဇင်ကျော်သည့် နတ်ဘုရားအဆင့် သိုင်းပညာရှင်များက ယင်းမိသားစု၏စစ်သည်များ ပတ်ပတ်လည်၌ ဝိုင်းလာနေသည်မို့ သူတို့အနေဖြင့် မည်သို့ လွတ်မြောက်ရန် အခွင့်အရေး ရှိတော့မည်နည်း။
အသက်ရှုချိန် ဆယ်ကြိမ်မျှပင် မပြည့်သေးခင် မြို့တော်၏ တောင်ဘက်ဂိတ်၌ တပ်စွဲထားသည့် များပြားလှသော ယင်းမိသားစု၏ စစ်သည်တစ်သောင်းကျော်သည် အားလုံး အသတ်ခံလိုက်ရပေသည်။
ဖြစ်ပျက်သွားသည်များမှာ အလွန်တရာ မြန်ဆန်လှသည်မို့ သိုင်းဝိညာဉ်ကမ္ဘာ၏ လူများသည် သေဆုံးသွားသည့် ယင်းမိသားစု၏ စစ်သည်များကို မြင်လိုက်ကြချိန်၌ အံ့သြသွားကြလေသည်။ အားအနည်းဆုံးသော ယင်းမိသားစု၏စစ်သည်သည်ပင် စကြာဝဠာ တစ်ပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
စကြာဝဠာ တစ်ပိုင်းအဆင့် တစ်ယောက်သည် သိုင်းဝိညာဉ်ကမ္ဘာမှ အင်အားကြီးမိသားစုများအတွက်မူ အရေးကြီးလှသည်။
ထိုအချိန်၌ အကျဉ်းသားများထဲမှ ဂိုရှီဝမ် သည် ဂိုတိုင်နှင့် ဘေးရှိ ဂိုရှောင်ဖန်တို့ကို မြင်သွားလေသည်။ သူ့ မျက်ရည်များက ရပ်တန့်မရအောင် ကျဆင်းလာပြီး အသနားခံလာလေသည်။
"ဂိုတိုင်...ရှောင်ဖန်...မင်းတို့ နောက်ဆုံးတော့ ပြန်လာပြီပဲ...ငါတို့ ဂိုမိသားစု ဘာမှ မလိုတော့ဘူး! ငါတို့အားလုံးနဲ့ သေသွားတဲ့ မိသားစုတပည့်တွေအတွက် မင်းတို့ ကလဲ့စားချေပေးရမယ်နော်...သူတို့က ဂိုကျီနဲ့ ဂိုဖေးကို သတ်ပစ်လိုက်ကြပြီကွ..!"
ဂိုတိုင်နှင့် ဂိုရှောင်ဖန်၏ မျက်နှာများသည် တင်းမာသွားလေသည်။.
ရှောင်လုံက နောက်ဆုံးစကားကြောင့် တစ်ခဏမျှ တွေဝေသွားသည်။ ဂိုကျီနှင့် ဂိုဖေး ညီအစ်ကို နှစ်ယောက်ကို သူ မှတ်မိနေဆဲဖြစ်သည်။ သူတို့သည် ဂိုရှီဝမ်၏ သားများ ဖြစ်ပေသည်။ ရှောင်လုံ ဒေါင်ရမ်းတက္ကသိုလ်၌ ရှိစဉ်အခါက သူတို့နှစ်ယောက်နှင့် ပြဿနာ အနည်းငယ် တက်ခဲ့သေးသည်။ သူတို့နှစ်ယောက် သေဆုံးသွားလိမ့်မည်ဟု ရှောင်လုံ  မထင်ထားမိပေ။
အေးစက်စက် အလင်းတစ်ချက်က ရှောင်လုံ၏ မျက်ဝန်းထဲ၌ ဖြတ်သန်းသွားလေသည်။ သူ့၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီး ဒေါင်ရမ်းအင်ပါယာမြို့တော် တစ်ခုလုံးကို အုပ်မိုးလိုက်လေသည်။
"နတ်ဘုရားအဆင့် ၈ အလယ်အဆင့် တစ်ယောက် ၊ နတ်ဘုရားအဆင့် ၆ နောက်ပိုင်းအဆင့်တစ်ယောက် ၊ နတ်ဘုရားအဆင့် ၄ သုံးယောက် ၊ နတ်ဘုရားအဆင့် ၃ ရှစ်ယောက်!"
ရှောင်လုံက ချက်ချင်းဆိုသလို မြို့တော်ထဲရှိ ယင်းမိသားစု၏ နတ်ဘုရားအဆင့် သိုင်းပညာရှင်တိုင်း ၏ တည်နေရာကို မှတ်သားလိုက်လေသည်။
ထိုအချက်အလက်ကို စစ်ဆေးလိုက်ပြီးနောက် အစောက အစောင့်တစ်ယောက်ပြောသွားသည့် မဟာအကြီးအကဲ ယင်းချောင်ထျန်းဆိုသူသည် ယင်းမိသားစု၏ နတ်ဘုရားအဆင့် ၈ အလယ်အဆင့် သိုင်းပညာရှင် ဖြစ်ကြောင်း ရှောင်လုံ ခန့်မှန်းမိလိုက်သည်။ ထိုအစောင့်များ မောက်မာထောင်လွှားနေသည်မှာ အံ့အားသင့်စရာ မရှိပေ။ သူတို့၏ နောက်ခံသည် နတ်ဘုရားအဆင့် ၈ အလယ်အဆင့်သိုင်းပညာရှင် ဖြစ်နေပေသည်။
အခြား ယင်းမိသားစု၏ မဟာအကြီးအကဲများသည် မြို့တော်ထဲ၌ ရှိမနေကြသော်လည်း သူတို့သည် နတ်ဘုရားအဆင့် ၈ သိုင်းပညာရှင်များ ဖြစ်လိမ့်မည်ကို ရှောင်လုံ ကောက်ချက်ချနိုင်ပေသည်။
ယင်းမိသားစုက သူ့ကို အလွန်ပင် အရေးကြီးသည်ဟု တွေးထင်ထားဟန်ရသည်။ နတ်ဘုရားအဆင့် ၈ မဟာအကြီးအကဲ ဆယ့်ခြောက်ယောက်ကိုပင် သူ့ကို ဖမ်းရန် စေလွှတ်ဖို့ ဆန္ဒရှိနေလေသည်။
ရှောင်လုံက ကျို့ရှု၊ ကျန့်ဖူနှင့် ဟောင်မိသားစုများကို နောက်၌သာနေခဲ့စေကာ တိုက်ပွဲများကို ရှင်းလင်းနေစေခဲ့သည်။ လီထျန်းနှင့် ဟောင်ရှောင်ယွန် တို့ကိုမူ နတ်ဘုရားအဆင့် ၃ ရှစ်ယောက်အား သွားရောက်သတ်ဖြတ်ရန် တာဝန်ပေးလိုက်သည်။
ရှောင်လုံ ကိုယ်တိုင်မှာကား အမြီးကိုးချောင်းတောက်ပအလင်းကျားကို စီးနင်း၍ ယင်းမိသားစု၏ မဟာအကြီးအကဲ ယင်းချောင်ထျန်း ရှိရာဆီသို့ ပျံသန်းလိုက်လေသည်။
တောင်ဘက်ခြမ်း မြို့နံရံများထက်၌ ရပ်နေသည့် ယင်းချောင်ထျန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ စိတ်ထဲမှာ အန္တရာယ် ခံစားချက်သည်ကား ပိုမို သန်မာလာပေသည်။
"မဟာအကြီးအကဲ...တောင်ဘက် မြို့တော်ဂိတ်တွေမှာ ဒုက္ခအကြီးကြီး ရောက်နေပြီ!"
ယင်းမိသားစု၏အစောင့်တစ်ယောက်က ယင်းချောင်ထျန်းဆီ အသည်းအသန် ရောက်လာလေပြီး ဂါရဝပင် မပြုနိုင်တော့ဘဲ သူ့ပါးစပ်မှ စကားလုံးများ ထွက်ကျလာသည်။
ဒုက္ခအကြီးကြီး? ယင်းချောင်ထျန်း၏ နှလုံးသားက ကျွံဝင်သွားသည့်နှယ် ခံစားလိုက်ရသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now