776 - 780

164 10 0
                                    

အပိုင်း ၇၇၆ ..... ကျောင်းဟန်ကျီ
ရှောင်လုံ က အဝေးသို့ ပျံသန်းသွားသော ကျောင်းမိသားစုနှင့် ဂုဒူမိသားစု၏ လူများကို ကြည့်ရင်း သူ့မျက်လုံးထဲ၌ အေးစက်မှုများ တိုးပွားလာပေသည်။
"ကျောင်းဟန်ကျီ က လာမယ့် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ တံခါးပိတ်ကျင့်ကြံနေတယ်လို့ ငါကြားထားတာ....သူက စကြာဝဠာမိခင်ယောင့်ချီ ရဲ့ မွေးနေ့ပွဲကို တက်ရောက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး"
လျှိုယွင်က ရှောင်လုံ ကို ရန်စသွားသော အရပ်ရှည်ရှည်နှင့်လူငယ်၏ နောက်ကျောကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ကျောင်းဟန်ကျီက အဲ့စကားတွေကို တမင်သက်သက် ပြောသွားတာပဲ...ကြည့်ရတာ သိပ်မကြာခင် ရက်အနည်းငယ်အတွင်း တိုက်ပွဲစင်မြင့်ပေါ်မှာ သူက ဆရာတူမောင်လေးကို ဒုက္ခပေးဖို့ ကြိုးစားလိမ့်မယ်"
ချီဝမ်က နူးညံ့သိမ်မွေ့သော မျက်နှာထက်တွင် စိုးရိမ်နေသည့် အမူအရာဖြင့် ပြောလိုက်လေပြီး ရှောင်လုံဘက်သို့ စောင်းငဲ့ကြည့်လိုက်သည်။
"ဆရာတူမောင်လေး ၄...အဲ့ဒီ ကျောင်းဟန်ကျီ နဲ့ ရင်ဆိုင်ရတဲ့အခါကျရင် သေချာပေါက် ဂရုစိုက်ရမယ်နော်"
ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။
လျိုယွင် သည် ရှောင်လုံ၏ ပေါ့ပေါ့ပါးပါး အမှုမထားဟန် အမူအရာကို သတိထားလိုက်မိသည်မို့ ပြောလိုက်သည်။
"အဲ့ဒီ ကျောင်းဟန်ကျီက မဟာနတ်ဘုရားအဆင့် တက်ရောက်မှုစာရင်းရဲ့ အဆင့်ငါး ပဲ...သူက နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် ကို ရောက်နေတာ နှစ်ပေါင်းသုံးထောင်ကျော်ပြီ...သူက မဟာနတ်ဘုရားအဆင့် ကို အချိန်မရွေး ဝင်ရောက်သွားနိုင်တဲ့ အနေအထား ရှိတယ်...ဒီနှစ်တွေအတွင်း ဆရာတူညီလေးရဲ့ ခွန်အားက အကြီးအကျယ် တိုးတက်ခဲ့ပြီးတော့ နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် ရောက်နေပြီဆိုပေမယ့်...ကျောင်းဟန်ကျီ နဲ့ တိုက်ခိုက်ရရင်တော့ ခက်ခဲလိမ့်မယ်"
လျိုယွင်၏ ယူဆချက်အရ ရှောင်လုံ၏ ခွန်အားသည် အံ့အားသင့်ဖွယ် ကောင်းလှသော်ငြား ကျောင်းဟန်ကျီ၏ ပြိုင်ဘက်ဖြစ်ရန် ဝေးကွာနေပေသေးသည်။ ရှောင်လုံအတွက် ခက်ခဲသည့် ပြိုင်ပွဲဖြစ်လိမ့်မည်ဟု ပြောသည်မှာလည်း စကားလှအောင် သုံးလိုက်ခြင်းသာ ဖြစ်သည်။
လျိုယွင့် စကားများ၏ အဓိပ္ပါယ်ကို ရှောင်လုံ မည်သို့ နားမလည်ဘဲ ရှိလိမ့်မည်နည်း။ ရှောင်လုံက တိတ်တဆိတ် ပြုံးလိုက်မိသည်။ မဟာနတ်ဘုရားအဆင့်တက်ရောက်မှုစာရင်း၏ အဆင့်ငါးတဲ့လား။ ဤသည်က သူ့ကို ထိုစာရင်းပေါ်ရှိ အဆင့်တစ်ဖြစ်သူ ဝမ်လုံအား သတိရမိသွားစေသည်။
ဖုယန်ကလည်း ခေါင်းညိတ်လိုက်ပြီး...
"မင်းရဲ့ အကြီးဆုံးဆရာတူအစ်ကိုကြီး ပြောတာ မှန်တယ်...ကျောင်းဟန်ကျီက ကျောင်းမိသားစုရဲ့ နှစ်ပေါင်းနှစ်သောင်းအတွင်း ပေါ်ထွက်လာတဲ့ ထိပ်တန်းပါရမီရှင်ပဲ...ဒါ့အပြင် မင်း ကျင့်ကြံလာတဲ့ကာလကလည်း နှစ်တစ်ရာကျော်ရုံပဲ ရှိသေးတော့ သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးတာက အဆင်ပြေပါတယ်...ပြီးတော့ မင်းရဲ့ လက်ရှိခွန်အားနဲ့သာ ဆိုရင် သူက မင်းကို နိုင်ဖို့အတွက် သိုင်းကွက်တစ်ရာမက သုံးရလိမ့်မယ်"
ထို့နောက် ဖုယန်က ရှောင်လုံကို နှစ်သိမ့်သည့် စကားအချို့ ပြောလိုက်လေသည်။
ရှောင်လုံက စိတ်ထဲ၌ ခါးခါးသီးသီး ပြုံးလိုက်မိပြီး အပြင်ပန်း၌မူ ခေါင်းကိုသာ တွင်တွင်ညိတ်ပြနေရပေသည်။
ဖုယန်တို့အုပ်စုသည် စကြာဝဠာမိခင် ယောင့်ချီ၏ ကျင့်ကြံခြင်းနန်းတော်ရှိရာ တောင်တန်းဆီသို့ သွားလိုက်ကြသည်။
လမ်းတစ်လျှောက်၌ ဖုယန်၏ မျက်လုံးထဲတွင် သတိမထားမိနိုင်စွမ်းသော အလင်းတန်းတစ်ခု လက်သွားသည်။
အတိတ်ကသာဆိုလျှင် ကျောင်းမိသားစုနှင့် ဂုဒူမိသားစုများသည် သူ့ရှေ့၌ မောက်မာမပြရဲကြပေ။ သို့သော် ယခုမူ...ကျောင်း နှင့် ဂုဒူမိသားစုများသည် အခြားသော ကျောထောက်နောက်ခံ ရှိနေသည်လား။
နှစ်နာရီကြာပြီးနောက် ဖုယန်နှင့် သူ့တပည့်လေးယောက်တို့သည် ပင်လယ်မျက်နှာပြင်ထက်၌ ရပ်လိုက်ကြသည်။
သူတို့ရှေ့ရှိ မြင်ကွင်းသည် ပိတ်ပိတ်ပိန်းနေသော မြူခိုးထုကြီးဖြင့် မိုင်အနည်းငယ်အကွာထိ ပိတ်ဆို့နေပေသည်။ မြူထုအတွင်းဆီမှ ဖျော့တော့လှသော ရောင်စုံအလင်းတန်းများ တောက်ပနေလေသည်။
သူ့တပည့်များ၏ စိတ်ရှုပ်ထွေးသွားသော အမူအရာများရှေ့၌ ဖုယန်သည် မြူထုလွှာကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါက ခုနစ်ရောင်ခြယ်ပုံရိပ်လွှာ လို့ ခေါ်တဲ့ ရှေးဟောင်း ပုံရိပ်ယောင်အစီအရင် ပဲ...ဒီ ခုနစ်ရောင်ခြယ်ပုံရိပ်လွှာ အစီအရင်ကို ဖြတ်သန်းနိုင်ခဲ့မယ်ဆိုရင် ယောင့်ချီတောင်တန်းကို ရောက်သွားလိမ့်မယ်...ဒါပေမယ့် ဝင်တဲ့သူရဲ့ ကျင့်စဥ်က အားနည်းနေမယ်ဆိုရင်...ပုံရိပ်ယောင်ထဲမှာပဲ တစ်ဘဝလုံး ပိတ်မိသွားလိမ့်မယ်...ပိတ်မိသွားတဲ့သူကို ဘယ်သူကမှ လာမကယ်ဘူး ဆိုရင်...အဲ့ဒီလူရဲ့ စိတ်ဝိညာဥ် က ဖျက်ဆီးခံလိုက်ရလိမ့်မယ်"
ရှောင်လုံနှင့်အခြားသူများသည် ထိတ်လန့်သွားကြလေသည်။
"ဆရာ့နောက်က ကပ်လိုက်ခဲ့ကြ...အဝေးကို လျှောက်မသွားကြနဲ့"
ဖုယန်က သူ့တပည့် တစ်ယောက်ချင်းစီတိုင်းကို လက်ညှိုးညွှန်လိုက်ပြီးနောက် ပြောလိုက်သည်။ အကာအကွယ်လွှာတစ်ခုက လျိုယွင်၊ ချန်းယန်၊ ချီဝမ်နှင့် ရှောင်လုံတို့ကို ရစ်ပတ်သွားသည်။
ဖုယန်က မြူထုလွှာကို ထိုးဖောက်ဝင်ရောက်ရန် ပျံသန်းလိုက်လေသည်။
ရှောင်လုံနှင့် အခြားသူများသည်လည်း ဖုယန်နောက်မှ ကပ်လျက် လိုက်ပါလိုက်ကြသည်။
သူတို့ မြူထုလွှာထဲသို့ ဝင်ရောက်လိုက်သည့် တစ်ခဏတွင် ခုနှစ်ရောင်ခြယ်အလင်းတန်းများသည် ရှောင်လုံ၏ မျက်လုံးများထဲသို့ တိုးဝင်လာပေသည်။ မြူထုလွှာကြီးက ပျောက်ကွယ်သွားပြီး ရှောင်လုံ၏ မြင်ကွင်းထဲတွင် တောက်ပသော ခုနစ်ရောင်ခြယ်ကမ္ဘာတစ်ခု ဝင်ရောက်လာသည်။ ကောင်းကင်နှင့် မြေကြီးတို့သည် ခုနစ်ရောင်ခြယ်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။
ထိုအခိုက်တွင် သူ့၏ စိတ်ဝိညာဥ်ပင်လယ်က တုန်ခါသွားရသည်။ သက်တန့်ရောင် ကမ္ဘာ၏ ပုံရိပ်ယောင်သည် ပျောက်ကွယ်သွားပြီး သူက ပင်လယ်အထက်သို့ ပြန်လည်ရောက်ရှိသွားလေသည်။
ရှောင်လုံက ပုံရိပ်ယောင်ကမ္ဘာကို ချိုးဖြတ်ပစ်နိုင်ခဲ့သော်လည်း တုန်လှုပ်မှင်သက်နေမိဆဲ ဖြစ်သည်။ ဤ ရှေးဟောင်း ခုနစ်ရောင်ခြယ်ပုံရိပ်လွှာအစီအရင် သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းလှပေသည်။ သူသာ သာမန် နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် ဖြစ်မည်ဆိုလျှင် တစ်ခဏအတွင်း ပုံရိပ်ယောင်ထဲ၌နစ်မြုပ်သွားပေလိမ့်မည်။
ရှောင်လုံ က ပတ်ပတ်လည်ကို ကြည့်လိုက်ချိန်၌ သူ့၏ ဆရာတူ အစ်ကို အစ်မ သုံးယောက်သည်လည်း တုန်လှုပ်နေသော အမူအရာများ ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
သိသာစွာပင် လူတိုင်းသည် စကြာဝဠာမိခင်ယောင့်ချီ၏ မွေးနေ့ဂုဏ်ပြုပွဲသို့ တက်ရောက်နိုင်ခြင်း ရှိသည်မဟုတ်ပေ။ ထိုပွဲသို့ တက်ရောက်ရန် အနည်းဆုံး လိုသည့် လိုအပ်ချက်သည် အနိမ့်ဆုံး နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် သို့မဟုတ် သာမန်ထက်ကျော်လွန်သည့် စိတ်ဝိညာဥ်အင်အားရှိသော နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် ဖြစ်သည်။
ဤသည်က စကြာဝဠာမိခင်ယောင့်ချီ၏ အမွေအနှစ်ဆက်ခံသူ ရွေးချယ်ပွဲအတွက် ပထမဆုံး စစ်ဆေးမှု ဖြစ်သည်လား။ ထို စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်သည့်သူများသည်သာ အမွှေအနှစ်ဆက်ခံသူ နေရာအတွက် ယှဥ်ပြိုင်ရန် ထိုက်တန်သူများ ဖြစ်သည်လား။
မိနစ်အနည်းငယ်ကြာပြီးနောက် ရှောင်လုံနှင့် အခြားသူများသည် ဖုယန်၏ နောက်မှ လုံလုံခြုံခြုံ လိုက်ပါကာ မြူထုလွှာကို ဖြတ်သန်းလိုက်ကြသည်။
သူတို့ မြူထုလွှာထဲမှ ထွက်လိုက်ပြီးနောက် ပင်လယ်ထက်၌ လည်ပတ်နေသော တောင်တန်းကြီးတစ်ခုသည် သူတို့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာပေသည်။ ထို မျောလွင့်နေသော တောင်တန်းကြီးသည် အနည်းဆုံး မီတာ ၉၉၀၀ ရှည်ပြီး ထို့ထက်မက ကျယ်ပြန့်ပေသည်။ ထိုတောင်တန်းပေါ်မှ သူတို့မြင်ရသည့်အရာများမှာ အလင်းဖျော့ဖျော့ ထုတ်လွှတ်နေသော အမြစ်များ လှုပ်ရွနေသည့် ကြီးမားလှသော ဖွဲ့စည်းမှုများပင် ဖြစ်သည်။
ရှောင်လုံက ထို အလင်းဖျော့ဖျော့များကို ကြည့်ရင်း စိတ်ထဲမှ အံ့အားသင့်သွားရလေသည်။ ထိုအလင်းများသည် စိတ်ဝိညာဉ်သစ်ပင်များနှင့် ဆေးပင်များဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး နှစ်တစ်သန်းအထက် စိတ်ဝိညာဥ်အပင်များသည်သာ ထိုသို့သော အလင်းကို ထုတ်လွှတ်နိုင်ပေးနိုင်ခြင်း ဖြစ်သည်။
နှစ်တစ်သန်းအထက်စိတ်ဝိညာဥ်ဆေးပင်များသည် အလွန်တရာ ရှားပါးလှပေသည်။ သို့သော် ယောင့်ချီတောင်တန်း၌မူ နေရာတိုင်း၌ ပေါက်ရောက်နေလေသည်လား။
ယောင့်ချီတောင်တန်းပေါ်ရှိ နှစ်တစ်သန်းဆေးပင်များဖြင့်ပင် ကြယ်စင်စုလေးစုရှိ မဟာအင်အားစုများကို လောဘတက်သွားစေရန် လုံလောက်ပေသည်။ အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ ကျောင်းအုပ် ဖြစ်သော ဖုယန်သည်ပင် ထိုဆေးပင်များကို ကြည့်ရင်း သွားရည်ကျနေရသည်။
သူတို့က ရှေ့သို့ ပျံသန်းသွားလိုက်ချိန်တွင် နှင်းဖြူရောင် ဝတ်စုံရှည်များ ဝတ်ထားသည့် မိန်းကလေးခြောက်ယောက်သည် သူတို့ရှိရာသို့ ဦးတည်ပျံသန်းလာကြသည်။ သိသာစွာပင် သူတို့က စကြာဝဠာမိခင်ယောင့်ချီ၏ အစေခံများ ဖြစ်ကြပြီး လှပသည့်ရုပ်သွင်များ ရှိကြပေသည်။ သူတို့က ရှောင်ဖေးနှင့် မနှိုင်းယှဥ်နိုင်သော်လည်း မျက်စိမလွှဲနိုင်လောက်အောင် ဆွဲဆောင်မှု ရှိပေသည်။
ထို လှပသော မိန်းမပျိုခြောက်ယောက်ကို ကြည့်ရင်း တံတွေးမြိုချမိလိုက်သော်ငြား နောက်တစ်ခဏ၌ သနားစဖွယ်ကောင်းစွာ ခါးသက်သက် ပြုံးလိုက်ရလေသည်။ အကြောင်းမှာ ချီဝမ်၏ နုနယ်သိမ်မွေ့လှသော လက်က သူ့၏ ခါးကို ဆိတ်ဆွဲလာသောကြောင့် ဖြစ်သည်။
ဤသည်ကို ကြည့်ရင်း ရှောင်လုံက ရယ်မောလိုက်လေသည်။
ဖုယန်နှင့် အခြားသူများ၏ နောက်ခံကို အတည်ပြုပြီးနောက် မိန်းမပျိုခြောက်ယောက်သည် သူတို့ကို ရိုသေလေးစားမှုအပြည့်ဖြင့် ယောင့်ချီတောင်တန်းဆီသို့ ခေါ်သွားကြလေသည်။ တောင်ထိပ်သို့ ရောက်သွားပြီးချိန်တွင် သူတို့အတွက် နန်းတော်ကဲ့သို့သော ခြံဝန်းကျယ်ကြီးတစ်ခုကို စီစဥ်ပေးလိုက်ကြသည်။
ကြည့်ရသည်မှာ ဧည့်သည်နေထိုင်ရာနေရာများကို ကွဲပြားခြားနားသည့် အဆင့်အတန်းများအတိုင်း စီစဥ်ပေးဟန်ရသည်။ နောက်ခံနှင့် အဆင့်အတန်း ပိုမြင့်လေလေ...သူတို့ နေထိုင်ခွင့်ရသည့်နေရာများသည် တောင်ထိပ်နှင့် ပိုမို နီးကပ်လေလေ ဖြစ်သည်။
ဖုယန်၏ အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ် ဟူသော အဆင့်အတန်းအရ သူ့ကို တောင်ထိပ်နှင့် နီးသော နေရာတွင် နေရာချထားပေးခြင်း ဖြစ်သည်။
သူတို့အုပ်စုကို နေရာချထားပေးပြီးနောက် မိန်းမပျိုခြောက်ယောက်သည် ထွက်သွားခွင့် တောင်းလိုက်ကြသည်။ ထွက်မသွားခင်၌ သူတို့သည် စည်းမျဥ်းများနှင့် ယောင့်ချီတောင်တန်း၏ တားမြစ်နေရာများကို အမြန် ရှင်းပြသွားကြသည်။
မိန်းမပျိုခြောက်ယောက် ထွက်သွားပြီးနောက် လျိုယွင်သည် ရှောင်လုံကို သူ့ခြံဝန်းဆီသို့ အရက်သောက်ရန် ဆွဲခေါ်သွားလေသည်။ ရှောင်လုံက ငြင်းပယ်ရန် ခွန်အားမဲ့သွားရလေပြီး ကျင့်ကြံရန်ကိစ္စကို မေ့ထားလိုက်ရသည်။
အရက်သောက်နေချိန်၌ ရှောင်လုံသည် အောင့်မထားနိုင်တော့ဘဲ လျိုယွင်နှင့် ချီဝမ်အကြောင်းကို မေးလိုက်မိလေသည်။
သို့သော် လျိုယွင်က စိတ်ပျက်အားလျော့ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဘာတစ်ခွန်းမှ ပြောမလာပေ။
လျိုယွင်၏ အမူအရာက တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ရှောင်လုံ ခံစားမိသွားသည်။ ဤတစ်ခေါက်၌ သူက လျိုယွင်ကို တိုက်ရိုက်မေးမြန်းရန် ဆုံးဖြတ်လိုက်ပေသည်။ လျိုယွင်က သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး ဖြေလိုက်သည်။
"မင်းရဲ့ ဆရာတူအစ်မ ၃ နဲ့ အတူနေရဖို့ ငါ့မှာ အခွင့်အရေး မရှိသလောက် ဖြစ်နေပါပြီကွာ... မင်းရဲ့ ဆရာတူအစ်မ ၃ က ချီမိသားစုက ဆိုတာကို မင်း သိပြီးသားမလား...ဒါပေမယ့် ချီမိသားစုက ကျူးမိသားစုနဲ့ မဟာမိတ်ဖွဲ့ဖို့အတွက် လက်ထပ်ပွဲကို စီစဥ်ထားတယ်ကွ...ဒါ့အပြင် ဒီကိစ္စကို ချီမိသားစုဘိုးဘေးနဲ့ ခေါင်းဆောင် ကိုယ်တိုင် စီမံတာတဲ့"
ဤကိစ္စကြောင့် ရှောင်လုံက အံ့အားသင့်သွားပြီး မေးလိုက်လေသည်။
"သတို့သားလောင်း က ဘယ်သူလဲ"
"သူက မဟာနတ်ဘုရားအဆင့် တက်ရောက်မှုစာရင်းရဲ့ ဆယ့်သုံးမှာရှိတဲ့...ကျူးချန်ရီပဲ"
ကျူးချန်ရီအကြောင်း ပြောလိုက်ချိန်တွင် လျိုယွင်၏ လက်များက လက်သီးဆုပ်အသွင် ပြောင်းသွားပြီး သူ့၏မျက်နှာက ခါးသီးသည့် ခံစားချက်များဖြင့် ပြည့်နှက်သွားပေသည်။
ရှောင်လုံ၏ အမူအရာက လေးနက်သွားလေသည်။
"ဆရာရော ဒီကိစ္စကို သိထားလား"
လျိုယွင်၏ ပါးစပ်မှ နောက်ထပ် လေးပင်လှသော သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာပြန်သည်။
"မင်း ဘာပြောချင်နေတာလဲ ဆိုတာကို ငါ သိတယ်...တကယ်တော့ ဆရာကလည်း ဒီကိစ္စကို ချီမိသားစုဘိုးဘေးဆီ ဆွေးနွေးဖို့ ကြိုးစားခဲ့သေးတယ်...ဒါပေမယ့် မင်္ဂလာပွဲ က သတ်မှတ်ပြီးသွားပြီမိုလို့ ဒီကိစ္စကို ဖျက်သိမ်းပစ်မယ်ဆိုရင်...ချီမိသားစုနဲ့ ကျူးမိသားစုရဲ့ ဆက်ဆံရေးကို ပျက်စီးစေရုံတင် မကဘူး...ချီမိသားစုက ဘဏ္ဍာရေးအရ ဆုံးရှုံးမှုတွေကိုလည်း ခံစား သွားရလိမ့်မယ် ဆိုပြီး ချီမိသားစုဘိုးဘေးက ချက်ချင်း ငြင်းလွှတ်ခဲ့တယ်...တကယ်လို့...တကယ်လို့ ငါက တင်တောင်းပစ္စည်းအဖြစ် နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး နှစ်သောင်းကို မပေးနိုင်ဘူးဆိုရင်ပေါ့...စိတ်ဝိညာဥ်ကျောက်တုံးတွေက အဆင့်မြင့်နဲ့အထက် စိတ်ဝိညာဥ်ကျောက်တုံးတွေ ဖြစ်နေရမယ်တဲ့"
အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး နှစ်သောင်း...။
ဤသည်မှာ ၁.၂ ထရီလီယံ နှင့် ညီမျှပေသည်။
ဤသည်က လျှိုယွင်ကို တမင်သက်သက် ခက်ခဲအောင် လုပ်ဆောင်ထားခြင်း ဖြစ်မှန်း သိသာပေသည်။
အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကျောင်းအုပ် ဖုယန်သည်ပင် ထိုသို့သော ၁.၂ ထရီလီယံ ပမာဏကို ထုတ်ပေးနိုင်စွမ်း မရှိပေ။ လျိုယွင်ဆိုလျှင် ပို၍ပင် ထုတ်ပေးနိုင်စွမ်း ရှိမည်မဟုတ်ပေ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now