791 - 795

167 8 0
                                    

အပိုင်း ၇၉၁..... ဟောင်ရှောင်လုံကို သတ်လိုက်
ရှောင်လုံထွက်သွားပြီးမကြာမီတွင် သူသည်အနက်ရောင်သူရဲကောင်းမြို့တော်၏ ကူးပြောင်းခြင်းအစီအရင် ရှေ့၌ ထွက်ပေါ်လာလေသည်။
သူက ထိုအဖြစ်အပျက် အပြီးနောက် မြို့တော်ကိူ လျှောက်ပတ်သွားလိုစိတ် ဆုံးရှုံးသွားလေသည်။
ကူးပြောင်းခြင်းအစီအရင်ကို ဖြတ်သန်းပြီးသည်နှင့် သူသည် အနက်ရောင်သူရဲကောင်းတက္ကသိုလ်မြေပေါ်သို့ ခြေချမိသွားသည်။ သူက သူ့ဆရာ ဖုယန်၏ အိမ်တော်ဆီသို့ ဦးတည်လိုက်လေသည်။ သို့သော်လည်း ထိုသို့ ရောက်သွားချိန်တွင် အပြင်ဘက်၌ စောင့်ကြပ်နေသော တပည့်များက ဖုယန်သည် တံခါးပိတ်ကျင့်ကြံသွားပြီ ဖြစ်ကြောင်း သူ့ကို သတင်းပို့လိုက်ကြသည်။ ထို့ကြောင့် ရှောင်လုံသည် စိတ်ပျက်အားလျော့စွာဖြင့် ပြန်သွားရတော့သည်။
ထို့နောက် သူက ရွှေရောင်နဂါးတောင်ထွတ်ဆီသို့ အလျင်အမြန်ပင် ပြန်လိုက်လေသည်။
ရွှေရောင်နဂါးတောင်ထွတ်ပေါ်ရှိ အရာအားလုံးသည် သူထားခဲ့သည့်အတိုင်း ရှိနေဆဲ ဖြစ်သည်။ ကြည့်ရသည်မှာ သူ ဟဲ့ကျီဝူနှင့် ဟဲ့ဖေးတို့ကို သင်ခန်းစာပေးလိုက်ပြီးနောက်၌ စုန်းမအိုကြီး ဝမ်နာသည် ဉာဏ်ရှိစွာဖြင့် ခြေတစ်လှမ်း ဆုတ်သွားဟန် ရသည်။
ရွှေရောင်နဂါးတောင်ထွတ်၌ ခဏမျှ ရပ်တန့်ပြီးနောက် ရှောင်လုံသည် လျိုယွင်၏ ကျင့်ကြံရာနေရာဆီသို့ သွားလိုက်သည်။
ရှောင်လုံကို မြင်လိုက်ချိန်၌ လျိုယွင်သည် ပြုံးဖြီးဖြီး ရယ်မောလိုက်လေသည်။
"ဆရာတူညီလေး...မင်း ပြန်လာပြီ ပဲ"
ရှောင်လုံက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လျိုယွင်က ရှောင်လုံ၏ ပခုံးကို ပျော်ရွှင်စွာဖက်လိုက်လေပြီး ခန်းမ ဆောင်ထဲသို့ ခေါ်ဆောင် သွားသည်။သူတို့ ခန်းမထဲသို့လျှောက်သွားနေရင်း လျိုယွင်က ရှောင်လုံအား စကြာဝဠာ မိခင် ယောင့်ချီ၏ အမွေအနှစ်အကြောင်း မေးလိုက်လေသည်။
ရှောင်လုံက လျိုယွင် အပေါ်တွင် အမြဲ တမ်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သည်မို့ သူသည် ယောင့်ချီ ဂိုဏ်း၏ ဂိုဏ်းချုပ်တံဆိပ်ပြားကို ရ ရှိခဲ့ပြီးဖြစ်ကြောင်း ပြောပြလိုက်လေသည်။
ဤသည်ကိုကြားလိုက်သည်နှင့် လျိုယွင်က ရှောင်လုံကို ဝမ်းသာအားရဖြင့် ဂုဏ်ပြုစကားဆိုလိုက်လေသည်။ ထို့နောက် သူက သိမ်းဆည်းထားသော ဝိုင်အိုးများစွာကို ထုတ်ယူလိုက်သည်။သို့မှ သူတို့ညီအစ်ကို နှစ်ယောက်သည် စကြာဝဠာ မိခင်ယောင့်ချီ၏ အမွေအနှစ်ကို ဆက်ခံ နိုင်ခဲ့သော ရှောင်လုံ၏ အောင်မြင်မှုကို ဂုဏ်ပြုသည့် အနေဖြင့် စိတ်ကျေနပ်သည်အထိ အရက်သောက်ကြမည်ဖြစ်သည်။
ရှောင်လုံက သူ့၏ လက်ကို ဝှေ့ရမ်းလိုက်ရင်းပြောလိုက််သည်။
"ဆရာတူ အစ်ကိုကြီး...ကျွန်တော် ကိုယ်တိုင် ဖော်စပ်ထားတဲ့ ကောင်းကင်ဘုံ ဆေးဝိုင်ကို ကျေးဇူးပြုပြီး မြည်းကြည့်ပါဦး”
သူ့၏ လက်ထဲတွင် ကောင်ကင်ဘုံဆေးဝိုင်နှစ်အိုးပေါ်ထွက်လာလေသည်။
"ကောင်းကင်ဘုံဆေးဝိုင်တဲ့လား”
လျိုယွင်၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန်များ ပေါ်ထွက်လာသည်။
ထိုခဏတွင် ရှောင်လုံသည် ကောင်းကင်ဘုံ ဆေးဝိုင် နှစ်အိုးကို အဖုံးဖွင့်လိုက် သည်မို့ ချက်ချင်းဆိုသလို မွှေးပျံသင်းကြိုင်နေသော ဝိုင်ရနံ့က ခန်းမ ထဲတွင် ပြည့်နှက်သွားလေသည်။
လျိုယွင်က အစပိုင်းတွင် ကြောင်အသွားပြီးနောက် သူ့၏ အကြည့်သည် ပူလောင် ပြင်းပြလာသည်။ သူက ကောင်းကင်ဘုံဆေးဝိုင်၏ အရသာကို မသိရှိသော်လည်း ၄င်း၏ ရနံ့နှင့်ပင် ကောင်းမွန်လှသော အရာဖြစ်ကြောင်း သူသေချာပေါက်သိရှိပေသည်။
လျိုယွင်က အရသာကို မြည်စမ်းကြည့်လိုသွားသည်မို့ ရှောင်လုံပေးလာသည့် ဝိုင်အိုးကို အလျှင်အမြန် လက်ခံလိုက်ကာ ပါးစပ်အပြည့် မော့သောက်လိုက်လေသည်။ဝိုင် အရက် တို့သည် သူ့၏ လျှာပေါ်ရှိ အရသာခံဖုများကို ညှင်သာစွာ ထိတွေ့သွားပြီးနောက် လည်ချောင်းထဲသို့ ကျဆင်းသွားလေသည်။ဝိုင်၏ မွှေးရနံ့သည် သောက်သုံးပြီးနောက်၌ပင် သူ့၏ ပါးစပ်ထဲ၌ စွဲကျန် စိမ့်ဝင်ပျံ့နှံ့သွားသည်။သူ့၏ ခန္ဓာကိုယ် အတွင်းပိုင်းထဲတွင် နွေးထွေးလှသော စွမ်းအင်စီးကြောင်းများ ပျံ့နှံ့သွားလေပြီး အလွန်အမင်း သက်သောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရလေသည်။
"ဆရာတူညီလေး... ဒီကောင်းကင်ဘုံဆေးဝိုင်က...”
လျိုယွင်က ရှောင်လုံကိုအံ့အားသင့်စွာ စိုက်ကြည့်လိုက်လေသည်။
ဤသည်မှာ သူ့၏ ဘဝ တစ်လျှောက်လုံ၌ သောက်ဖူးသမျှထဲတွင် အကောင်းဆုံးသော ဝိုင်ဖြစ်သည်။ ကြယ်စင်စုလေးစုလုံး၌ အကောင်းဆုံသောဝဆေးဝိုင်ဖြစ်သည့် တော်ဝင်ဆေးဂိုင်သည်ပင် ရှောင်လုံ၏ ကောင်းကင်ဘုံဆေးဝိုင်နှင့် နှိုင်ယှဥ်လျှင် တစ်ဆင့် နိမ့်နေဆဲ ဖြစ်သည်။
ရှောင်လုံက လျှိုယွင်ဆီမှ ထိုသို့သော တုန့်ပြန်မှုကို မျှော်လင့်ထားသည့်နှယ် ရယ်မောလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ကျွန်တော် က စကြာဝဠာ အဆင့်နတ်ဆေးလုံး အမျိုးအစား တစ်ထောင်ကျော်ကို ကောင်းကင်ဘုံဆေးဝိုင် ချက်တဲ့နေရာမှာ အသုံးပြုခဲ့တယ်လေ...ဒါပေမယ့်... တော်ဝင်ဆေးဝိုင်နှင့်မတူအောင်လို့ ကျွန်တော်က အထွတ်အမြတ်အဆင့် နတ်ဆေးလုံး တချို့ကိုပါ ပေါင်းထည့်လိုက်သေးတယ်...ဟုတ်တာပေါ့... ဝိုင်ချက်တဲ့နည်းလမ်းကလည်း ခြားနားတယ်လေ...ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင် အထူးနည်းစနစ်ကို အသုံးပြုခဲ့တာ ”
လျိုယွင်က တုန်လှုပ်သွားလေသည်။
"စကြာဝဠာ အဆင့် စိတ်ဝိညာဉ် ဆေးလုံး အမျိုးအစား တစ်ထောင်ကျော်နဲ့ အထွတ်အမြတ်အဆင့် နတ်ဆေးလုံးတွေ တဲ့လား"
ထိုသို့ဆိုပါက ဤကောင်းကင်ဘုံဆေးဝိုင်၏ ကုန်ကျသည့် တန်ကြေးသည် သန်းတစ်ရာနီးနီး ရှိနေသည်ဟု ဆိုလို နေခြင်းမဟုတ်လော။
လျိုယွင်သည် ရုတ်တရက်ဆိုသလို သူ့လက်ထဲရှိ ဝိုင်အိုးက အလွန်တရာ လေးလံလာသည်ဟု ခံစားလိုက်ရပေသည်။
ခဏကြာပြီးနောက် သူသည် ခါးသက်သက် ပြုံးလိုက်မိလေသည်။ သူ့၏ ဆရာတူညီလေး တစ်ယောက်တည်းသာ ဤကဲ့သို့သော ဝိုင်မျိုးကို ချက်လုပ် သောက်သုံးနိုင်စွမ်းရှိပေလိမ့်မည်။တက္ကသိုလ် လေးခုလုံးရှိ ကျောင်းအုပ်ကြီးများသည်ပင် သန်းတစ်ရာ တန်ကြေးရှိသော ဝိုင်အိုးကို သောက်သုံးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
"အရသာက ဘယ်လိုလဲ... သောက်လို့ကောင်းရဲ့လား ”
ရှောင်လုံက မေးလိုက်လေသည်။
"သူ့ရဲ့ကောင်းကင်ဘုံဆိုတဲ့နာမည်နဲ့ထိုက်တန်ပါပေတယ်”
လျိုယွင်က ဖြေလိုက်လေသည်။
"ဒီကောင်းကင်ဘုံဆေးဝိုင်ကို ဒုတိယလို့ သတ်မှတ်မယ်ဆိုရင်... တခြားဘယ်ဝိုင်ကိုမှ ပထမလို့ ပြောရဲမှာ မဟုတ်ဘူး”
ရှောင်လုံက ပြုံးလိုက်သည်။
"ဆရာတူ အစ်ကိုကြီး သဘောကျတယ် ဆိုရင် ကျွန်တော့် ဝိုင်အိုးနည်းနည်း ရှိနေသေးတယ်... အကုန်လုံး အစ်ကိုကြီးအတွက်ပဲ”
လျိုယွင်က တောက်ပစွာပြုံးလိုက်လေသည်။သူက ရှောင်လုံကို ရှက်ရွံ့နေခြင်း မရှိဘဲ ကောင်းကင်ဘုံဆေးဝိုင်များစွာကို လက်ခံလိုက်လေပြီး သူ့၏ သိုလှောင်လက်စွပ်ထဲသို့ အလျှင်အမြန် သိမ်းဆည်းလိုက်သည်မှာ တစ်ယောက်ယောက်သူ့ဆီမှ ခိုးဝှက်သွားမည်ကို ကြောက်ရွံနေသည့်ဟန်ရသည်။
ထို့နောက် သူတို့နှစ်ယောက်သည် ဝိုင်ခွက်ချင်းတိုက်ကာ သောက်လိုက်ကြလေသည်။
ခဏကြာပြီး နောက် ရှောင်လုံက မေးလိုက်လေသည်။
"အကြီးဆုံးဆရာတူ အစ်ကိုကြီး... အစ်ကိုကြီးနှင့် ဆရာတူ အစ်မသုံးတို့ အခု ဘယ်လိုဖြစ်သွားပြီလဲ ”
ရှောင်လုံ၏ မေးခွန်ကို ကြားလိုက်သည်နှင့် လျိုယွင်၏ မျက်နှာထက်ရှိ အပြုံးသည် အေးခဲသွားလေပြီး စိတ်ပျက် အားလျော့သွားဟန်ရသည်။သူ့၏ပါးစပ်က ပိတ်လိုက်ဖွင့် လုပ်နေသော်လည်း မည်သည့်စကားမှ ထွက်မလာပေ။
လျိုယွင်၏ အမူအရာကိုကြည့်ရင်း ရှောင်လုံက မျက်မှောင်ကြုတ်လိုက်လေသည်။
"ချီမိသားစုဘိုးဘေးက သူ့စကားသူ ပြန်ယုတ်သိမ်းလိုက်လို့လား”
ထိုသို့မေးလိုက်ရင်း သူ့၏ မျက်လုံးများက စူးရှသွားလေသည်။
လျိုယွင်က ခေါင်းကို ရမ်းလိုက်ရင်း ရှင်းပြလိုက်လေသည်။
"ငါတို့ ယောင့်ချီတောင်တန်းကနေ ပြန်ရောက်လာတာနဲ့ ...မင်းရဲ့ဆရာတူ အစ်မ၃နဲ့ ငါက ချီမိသားစု ဘိုးဘေးကို ချက်ချင်းသွားတွေ့ခဲ့တယ်... သူက အဆင်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းကို မြင်လိုက်တာနဲ့... ကျူးမိသားစု နဲ့ပြောထားတဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းဖို့ သဘောတူခဲ့တယ်...ဒါပေမယ့် ကျူးမိသားစုဘက်က...”
သူ့၏ အသံက တဖြည်းဖြည်း တိမ်ဝင်သွားလေသည်။
ရှောင်လုံ၏ မျက်လုံးများက မှေးကျဥ်းသွားလေသည်။ လျိုယွင်က ဆက်မပြောတော့သော်လည်း ပြဿနာမှာ ကျူးမိသားစု၏ ဘိုးဘေးဖြစ်ကြောင်း ရှောင်လုံ ခန့်မှန်းမိလေသည်။
ရှောင်လုံ၏ အသံက တင်းမာသွားပေသည်။
"ချီမိသားစု ဘိုးဘေးက ကျူးမိသားစုနှင့် လက်ထပ်ပွဲကို ငြင်းဆိုလိုက်ပြီ ဆိုမှတော့ ...ကျူးမိသားစုက ဝင်ပါစရာ အကြောင်း မရှိဘူး မဟုတ်လား...ကျူးမိသားစု ဘိုးဘေး သဘောမတူရတဲ့ အကြောင်းအရင်းက ဘာလဲ”
လျိုယွင် သည် ခါးခါးသီးသီးပြုံးလိုက်လေသည်။
"ချီမိသားစု နဲ့ ကျူးမိသားစု တို့ လက်ထပ်ပွဲကို သတ်မှတ်ခဲ့တဲ့နေ့က...နှစ်ဖက်စလုံး သွေးစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြတယ်...နှစ်ဖက်စလုံးက လက်ထပ်ပွဲကို တညီတညွတ်ထဲ ငြင်းပယ်မှ သွေးစာချုပ်က ပျက်ပြယ်သွားလိမ့်မယ်...ကျူးမိသားစုဘိုးဘေးရဲ့ လက်ထဲက သွေးစာချုပ်နဲ့ဆိုရင်..."
ရှောင်လုံက ပိုမို နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ကျူးမိသားစု ဘိုးဘေးက ဘယ်လို အခြေအနေ မျိုးနဲ့မှ လက်ထပ်ပွဲကို ဖျက်သိမ်းပေးဖို့ သဘောတူမှာတဲ့လဲ"
လျိုယွင်က တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်လေသည်။
"အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းကို ပေးမယ်ဆိုရင်...ကျူးမိသားစုဘိုးဘေးက လက်ထပ်ပွဲကို ဖျက်သိမ်းပေးဖို့ သဘောတူမယ်လို့ ပြောတယ်"
လျိုယွင်က ခဏမျှ ရပ်ကာ ဆက်ပြောလိုက်သည်။
"မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲ မတိုင်ခင် စိတ်ဝိညာဉ်ကျောက်တုံးတွေကို သူ့ဆီ ပေးရမယ်လို့လည်း ပြောလိုက်သေးတယ်"
ရှောင်လုံက နှာခေါင်းရွံ့လိုက်သည်။ ကျူးမိသားစု ဘိုးဘေးသည် လမင်းကိုလိုချင်သည်ဟု တောင်းဆိုနေခြင်းပင် ဖြစ်သည်။
အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်း....။
သူ့၏ ဆရာ ဖုယန်က ကျောင်းအုပ်ရာထူးကို လက်လျှော့ထားသောကြောင့် သူ့၏ဆရာတူ အစ်ကို လျိုယွင်အား သူတို့စိတ်ကြိုက် ပုံသွင်း၍ ရလိမ့်မည်ဟု ကျူးမိသားစုက ယုံကြည်ထားကြသည်လား။
"ဆရာတူ အစ်ကိုကြီး... သွားမယ်...ကျွန်တော်တို့ ကျူးမိသားစုရဲ့ အဓိက အိမ်တော်ဆီသွားကြတာပေါ့ ”
ထိုသို့တွေးလိုက်မိသည်နှင့် ရှောင်လုံ၏စိတ်ထဲသို့ ဒေါသဝင်ရောက်လာပြီး မက်တပ်ထရပ်လိုက်လေသည်။
လျိုယွင်က ကြောင်အသွားလေသည်။
"ဆရာတူညီလေး.... မင်း...ဒါက..."
ရှောင်လုံက ရယ်မောလိုက်လေသည်။
"ဒါက အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းလောက်လေးပါပဲ ကျွန်တော် ဒီလောက်တော့ တတ်နိုင်ပါသေးတယ် ”
ဟုတ်ပေသည်။
ကျူးမိသားစုက ထို စိတ်ဝိညာဉ် ကျောက်တုံးများကို သူ့၏ လက်ထဲမှ ယူနိုင်စွမ်း ရှိ မရှိ အပေါ်တွင် မူတည်နေပေသေးသည်။
"ဒါပေမယ့်..."
လျိုယွင်က ချီတုံချတုံ ဖြစ်သွားလေသည်။
အရင်တစ်ခေါက်က ရှောင်လုံသည် သူ့ကို အတင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးနှစ်သောင်းပေးလာခြင်းကပင် ကောင်ကင်ဘုံထက် ကြီးမားလှသော အကူအညီဖြစ်နေပြီးသား ဖြစ်သည်။သူက မည်သို့ သော မျက်နှာဖြင့် ရှောင်လုံ့ဆီမှ နောက်ထပ် အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံးနှစ်သောင်းကို တောင်းယူ နိုင်လိမ့်မည်နည်း။
ထို်ကြောင့် ဤ နှစ်များအတွင်း ရှောင်လုံရှိရာ ယောင့်ချီတောင်တန်းဆီသို့ အလည်မသွားခဲ့ခြင်းဖြစ်သည်။ရှောင်လုံ ရောက်ရှိလာချိန်၌ပင် သူက ထိုအကြောင်းကို ပြောမပြခဲ့ပေ။
"စိတ်ချပါ ဆရာတူ အစ်ကိုကြီးရာ... အဲ့ဒီ အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးနှစ်သောင်းကို အသာထား... အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုန်း နှစ်သိန်းဆိုရင်တောင် ကျွန်တော့်မှာ ရှိတယ်....လာသွားရအောင်”
လျိုယွင်၏ အမူအရာကို ကြည့်ရင်း သူဘာတွေးနေသည်ကို နားလည်လိုက်သောကြောင့် ဖြောင်းဖြလိုက်လေသည်။
အဆုံး၌ လျိုယွင်သည် ခေါင်းညိတ်လိုက်သည်။သူနှင့်ရှောင်လုံတို့က အနက်ရောင်သူရဲကောင်းတက္ကသိုလ်မှ ထွက်ခွာလိုက်ကာ ကျူးမိသားစု၏ ဆန်းကြယ် ကျောက်တုံး ကမ္ဘာဆီသို့ ဦးတည်လိုက်ကြလေသည်။
ဆန်းကြယ်ကျောက်တုံး ကမ္ဘာ၏ ကူးပြောင်း အစီအရင် ထဲမှ ထွက်လိုက်ပြီးနောက် ရှောင်လုံနှင့် လျိုယွင် တို့သည် ကျူးမိသားစု၏ အဓိက အိမ်တော် တည်ရှိရာနေရာ ဖြစ်သော ဆန်းကြယ်ကျောက်တုံးမြို့တော် တည်ရှိရာ နေရာဆီသို့ ဦးတည်လိုက်လေသည်။
ထိုအချိန်၌ ကျူးမိသားစု အိမ်တော်ရှိ ခန်းမဆောင်ကြီးထဲတွင် ကျူးမိသားစု၏ ခေါင်းဆောင် ၊ကျူးချူနှင့် မိသားစုနှင့် အခြားသိုင်းပညာရှင်များ စုဝေးနေကြပြီး သူတို့သည် မဲမှောင်နေသော မျက်နှာများဖြင့် ကြမ်းပြင်ပေါ်ရှိ ကျူးဝူဟော့၏ အလောင်းကို ကြည့်ရှုနေကြပေသည်။
"ဟောင်ရှောင်လုံက သည်းမခံနိုင်စရာပဲ... သူက ကျုပ်တို့ရဲ့ကျူးမိသားစုကို မျက်လုံးထဲတောင် မထည့်ဘူး"
ကျူးမိသားစု မဟာအကြီးအကဲက ဒေါသတကြီးပြောလိုက်သည်။
"မိသားစုခေါင်းဆောင်...ဒီကိစ္စကို ဒီလိုမျိုး ပြီးဆုံးခွင့်ပေးလိုက်လို့ မဖြစ်ဘူး ”
မဟာအကြီးအကဲနောက်တစ်ယောက်က ဒေါသတကြီးအော်လိုက်လေသည်။
"အသက်ကို အသက်နဲ့ပဲ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်... ဟောင်ရှောင်လုံက လမင်းဆင်းသက်ခြင်းအဘိုးအိုနဲ့ အနက်ရောင် သူရဲကောင်းကျောင်းအုပ်ကြီး၏ တပည့်ဖြစ်နေတာနဲ့ပဲ... ကျုပ်တို့ သူ့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး"
"အမှန်ပဲ...ကျုပ်တို့ အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကို တိုက်ခိုက်ပြီးတော့... ဟောင်ရှောင်လုံကို ကျုပ်တို့လက်ထဲ အပ်ခိုင်းဖို့အတွက် ဖုယန်ဆီမှာ တောင်းဆိုရမယ်”
"ဟောင်ရှောင်လုံ့ကို သတ်မယ်...သူ့ကို အရှင်လတ်လတ် အရေခွံနွာကြမယ်”
ကျူးမိသားစု၏ မဟာ အကြီး အကဲများသည် ဒေါသတကြီး ဟစ်ကြွေးလိုက်ကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now