9:22

1K 177 1
                                    

9:22

( Arc 9 တွင်ပါဝင်သော အကြောင်းအရာများ ၊ လူပုဂ္ဂိုလ် ၊ ဘာသာရေးအဖွဲ့အစည်းများသည် စာရေးသူ၏ စိတ်ကူးယဥ် အတွေးသက်သက်သာဖြစ်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။ )

အန်က သူတို့စီစဉ်ထားသည့်အတိုင်း ညီလင်းက သူ့ကိုချိန်းခြောက်ကာ လိမ်လည်ထွက်ဆိုခိုင်းခဲ့တာပါလို့ ထွက်ဆိုခဲ့တယ် ။ ထိုသို့သူ့ဘက်မှ လိမ်လည်ထွက်ဆိုပေးပါလျှင် သူဟာ gay တစ်ယောက်ဖြစ်ကြောင်း သူ့အဖေသို့ ပြန်မပြော ဟု ကတိပေးခဲ့သည်ဟုပြောခဲ့သည်။ညီလင်းက သူ့ရဲ့ဆရာဖြစ်တဲ့ ဉာဏ်ကောင်းမြတ်အောင်ကို အလွန်အမင်းစွဲလမ်းစိတ်ရှိနေတဲ့သူဖြစ်နေသည့်အပြင် ဉာဏ်ကောင်းမြတ်အောင်ကိုပိုင်ဆိုင်ရဖို့ မည်သူ့ကိုမဆိုသတ်ပစ်နိုင်သည်ဟု ဒေါသတကြီး ကြိမ်းဝါးခဲ့ကြောင်းကိုလည်း အန်ကပြောခဲ့သည်။ နောက်ဆုံးတွင် ဉာဏ်ကောင်းမြတ်အောင်ရဲ့ ချစ်သူဖြစ်သည့် ယံနောင်ကို ထိခိုက်စေဖို့အတွက် ယံနောင်ရဲ့အမေ ဒေါ်ဥမ္မာရဲ့အိမ်ကိုပါ မီးရှို့ပြီး ဉာဏ်ကောင်းမြတ်အောင်လုပ်သည်ဟု ဆိုကာ လွှဲချပစ်ခဲ့ကြောင်းဖြေသည်။ သူဒီလိုလုပ်မှ ယံနောင်နှင့် ဉာဏ်ကောင်းမြတ်အောင်တို့ကွဲကွာပြတ်ဆဲမည်ဟူ၍လည်း အန်ကိုပြောပြခဲ့သည်ဟု အန်က ဆိုသည်။ပြီးတော့ ညီလင်းက အန်တို့ရဲ့အိမ်နောက်ဖေးပေါက်က တစ်ဆင့်အန်ရဲ့အိမ်ကိုဝင်ထွက်ကာ ဉာဏ်ကောင်းမြတ်အောင် ၏ အချက်အလက်များကို စုဆောင်းပြီး လာရောက်သိမ်းဆည်းထားခဲ့သည်ဟု ဆိုသည်။

ဒါတွေက အန်ရဲ့ထွက်ဆိုချက်များသာဖြစ်သည်။သို့ပေမဲ့ ရဲဌာနရှိ အမှုစစ်များက အရူးတွေမဟုတ်သလို အန်ပြောသမျှ အကြွင်းမဲ့ယုံလိုက်မည့်သူတွေလည်းမဟုတ်ခဲ့ ။ ထို့ကြောင့်အန်ကို အမျိုးစုံ ချောင်ပိတ်ကာ စစ်မေးမည်ဟုဆိုသည်။ ဘယ်လိုစစ်မေးမလဲဆိုတာကိုတော့ သူမသိပေ။သူ့အစား အမှုစစ်ရာတွင် တော်ပြီး ထက်မြက်ကာ ဘယ်တရားခံကိုမဆို မစစ်မေးနိုင်ခြင်းမရှိဟု နာမည်ကြီးသည့် အမူစစ်နဲ့အတူ အန်ကို လွှဲပြောင်းပေးလိုက်ရသည်။

အမှုစစ်ခန်းအတွင်း၌ ဘာတွေဖြစ်နေမှန်း သူမသိပေမဲ့ အဆင်ပြေပါစေဟု အထပ်ထပ်အခါခါ ဆုတောင်းနေရသည်။ တကယ်လို့များသာ
အဆင်မပြေခဲ့လျှင် အန်အတွက် စိုးရိမ်ရသည်။ ပြီးတော့ ဉာဏ်ကောင်းမြတ်အောင်...။ ဒီအစီအစဉ်ကို အစအဆုံးဆွဲခဲ့သည့်သူက သူဖြစ်ပေမဲ့ နောက်ပိုင်းတွင်မူ ညီလင်းထံတွင် တမင်တကာ သွားအဖမ်းခံမည့်ကိစ္စကိုတော့ ဉာဏ်ကောင်းမြတ်အောင်က သူ့ဟာသူ အစီအစဉ် ဆွဲကာ ထပ်ပေါင်းထည့်လိုက်ခြင်းပင်။ထိုမှသာ ညီလင်းကို ဖမ်းဆီးရာတွင် အဖမ်းခံရသည့်ဓားစာခံဖြစ်သော သူနဲ့အတူ ပူးတွဲဖမ်းမိမည်ဖြစ်တာကြောင့် ညီလင်းအတွက်မူ သက်သေမရှိရင်တောင် ရှောင်လွှဲလို့မရနိုင်လောက်ဟု ဆိုခဲ့ခြင်းပင်။

Resinner : Resystem ( Complete )Where stories live. Discover now