10:6

844 162 0
                                    

Arc 10:6

မျက်လုံးများကို ပိတ်ဆို့ထားသည့်တိုင်အောင်မျက်နှာသို့ တိုက်ရိုက်ဖြာကျလာသည့် နေ၏လင်းရောင်ခြည်ကအလင်းရောင်စူးစူးကို ခံစားမိစေသည်။ နွေးထွေးသော အခင်းပေါ်တွင် အိပ်စက်နေရခြင်းဖြစ်လင့်ကစား ရရှိထားသော ဒဏ်ရာများမှာ လွန်စွာ နာကျင်နေ၏ ။ အေးစိမ့်မူကို ခံစားလာရသဖြင့်သူ့ရဲ့ကိုယ်ပေါ်တွင် လွှားပေးထားသည့် ခြုံစောင်ကို လည်ပင်းထိဆွဲတင်လိုက်ကာ နွေးထွေးစေလိုက်၏ ။ Avi မျက်လုံးဖွင့်မကြည့်ဘဲနှင့်သိလိုက်သည်။ Geran မြို့သို့အသွား လမ်းပေါ်တွင် လဲကျသွားသော သူ့ကို တစ်စုံတစ်ယောက်က ကယ်တင်ပေးထားခြင်းဖြစ်ပါလိမ့်မည်။ ရုပ်ရှင်ဇာတ်ကားတွေထဲကလိုပေါ့ ။

Avi ဒီတစ်ခါတော့ မျက်လုံးများကို မှိတ်မထားတော့ပေ။ လေးလံနေသည့် မျက်ဝန်းအစုံကို အားစိုက်ကာ ကြိုးစားဖွင့်ယူလိုက်ပြီး သူရောက်နေသည့်နေရာကို လေ့လာလိုက်သည်။ သူ့ကိုယ်ပေါ်တွင် ခြုံပေးထားသည့် အဖြူရောင်ခြုံထည်လွလွကို ဖယ်ခွာကာ ထိုင်လိုက်၏ ။သူတွေးထားသည့်အတိုင်း သူ့ကို တစ်စုံတစ်ယောက်က ကယ်တင်ပေးထားခြင်းဖြစ်သည်။ရင်ဘတ်ကို တင်းကြပ်စွာစည်းနှောင်ထားသည့် ပတ်တီးစတွေကြောင့် Avi အနေကျဥ်းကျပ်ကာ အသက်ရှူကြပ်လာပေမဲ့ ဖြည်ဖို့ရန်လည်း မတတ်သာသည့်အတွက်ကြောင့် ဒီအတိုင်းသာ နေလိုက်ရသည်။

နှာခေါင်းဝသို့အလုအယက်တိုးဝင်လာသော သစ်ကြံပိုးခေါက် အနံ့နှင့် အခြားဆေးပေါင်းစုံတို့၏ အနံ့ကြောင့် ကြည်လင်နေသောခေါင်းတောင် နောက်ကျိကျိဖြစ်သွားရသည်။

Avi သူရောက်နေသည့်နေရာကို လေ့လာလိုက်သည်။ သူ့ဘေးတွင် ခုံပုလေးတစ်လုံးရှိပြီး ထိုခုံပုလေးပေါ်တွင် ဆေးပစ္စည်းများ တင်ထားသည်ကို တွေ့လိုက်ရသည်။ သိပ်မဝေးသည့်နေရာတွင် ဝင်ပေါက်ဟု ပြောလို့ရသည့် တံခါးမရှိဘဲ ခန်းစီးဖြင့်သာအောက်ခြေထိ လုံအောင်ကာထားသည့် တံခါးပေါက်ကို မြင်လိုက်ရပြီး အခန်းနံရံတွင်မူ သစ်သားစင်လေးတွေ အစီအရီဖြင့် စာအုပ်များကို သေသပ်စွာ စီထားသည်ကို တွေ့ရသည်။ ဝင်ပေါက်တံခါးတွင်ချိတ်ဆွဲထားသည့် ပိတ်ပါးလွှာစမှာ အခြားတစ်ဖက်သို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်စေရန်အတွက်သာ စီစဥ်ထားသည့်ပုံရပြီး လုံခြုံမူမရှိ။

Resinner : Resystem ( Complete )Where stories live. Discover now