အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)

10.5K 1.8K 382
                                    

[ဘာပဲပြောပြော ၊ အဆိပ်ပိုးကောင်တွေ ကြိုက်တတ်တာချင်းတော့ တူတယ်လေ]

ယဲ့ကျင်က ပေါ့ပါးသောအရသာကိုသာ မှီဝဲစားသုံးသည်မို့ သက်သတ်လွတ်ခေါက်ဆွဲနှင့် အရံဟင်းနှစ်မျိုးသုံးမျိုးမျှကိုသာ မှာယူလိုက်သည်။ ထို့ကြောင့် မျက်နှာချင်းဆိုင်တွင် ထိုင်စားနေသောသွမ့်ယောင်နှင့် နှိုင်းယှဥ်လိုက်လျှင် သူတို့အစားအသောက်များမှာအတော်ကွာခြားနေကြောင်းတွေ့နိုင်ပေသည်။

တစ်ခါစားလျှင် အလုတ်သေးသေးလေးနှင့် သိမ်မွေ့နူးညံ့စွာ ၊ တင့်တယ်ကျော့ရှင်းစွာ ထိုင်စားနေသည့် တစ်ဖက်လူ၏ ဣန္ဒြေကိုမြင်တော့ သွမ့်ရှောင်ဝမ်ရယ်ခမျာ မိမိ၏ စားပုံသောက်ပုံမှာ စပါးကျီကြီးနှင့်သိပ်မခြားလှဟု တွေးမိသည်။ ထို့ကြောင့် ဟင်းချိုကို ဇွန်းဖြင့်ခပ်ကာ ဖြည်းဖြည်းချင်းသာ သောက်လိုက်၏။

ထမင်းတစ်ဝက်စားလို့ကုန်ပြီးသည့်အချိန်တွင် အဘွားတစ်ယောက်က ခြင်းတောင်းတစ်ခုလွယ်ကာ လှေကားပေါ်သို့ တက်လာ၏။ အသွင်ဟန်ပန်အားဖြင့် ဒီအနီးအနား ကျေးရွာတစ်ဝိုက်တွင် နေထိုင်သူတစ်ဦးဖြစ်ဟန်ရသည်။ ဆန်းဟိုင်စားသောက်ဆိုင်ကလည်း ဆိုင်ဖွင့်ကတည်းက အသက်ခုနစ်ဆယ်ကျော် သက်ကြီးရွယ်အိုများ မိမိတို့ဆိုင်တွင် အခမဲ့ ထမင်းလာစားနိုင်သည်ဟူသောထုံးတမ်းစဥ်လာတစ်ခုကို ချမှတ်ထားပြီးဖြစ်သောကြောင့် ဤနေရာသို့ သက်ကြီးရွယ်အိုများ လာရောက်နားနေတတ်ကြ၏။ ကျသင့်ငွေကောက်ခံရခြင်းမရှိသော်လည်း ဆိုင်ဝန်ထမ်းမှာ ထုံးစံအတိုင်းပင် တက်ကြွရွှင်လန်းစွာ ဧည့်ခံကြိုဆို၏။ အရေးမထားသော အမူအရာ တစ်ချက်မျှပင်မရှိ။ ပြီးတော့ ထိုအဘွားကို ထိုင်ခုံတစ်ခုပေါ်ထိုင်ရန် ကူညီပေးလိုက်သေးသည်။

ထိုအဘွား၏ ခြင်းတောင်းထဲ မည်သု့ိသောပစ္စည်းမျိုးရှိနေမှန်းတွေ့လိုက်တော့ ယဲ့ကျင်မျက်ဝန်းများ ဝင်းလက်တောက်ပသွား၏။ ထရပ်လိုက်မည်ကြံစဥ်၊ သွမ့်ယောင်က သူ့ထက်ပိုပြီး တစ်လှမ်းသွက်သွားကာ အဘွားဆီ အပြေးရောက်သွားနှင့်ပြီဖြစ်သည်။

"ဘွားဘွား"

"သခင်လေး"

အဘွားအိုက သူ၏ သန့်ရှင်းသပ်ရပ်သောရုပ်ရည်သွင်ပြင်ကိုမြင်တော့ သဘောကျနှစ်ခြိုက်သွားကာ ဆက်မေးလာ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now