အခန်း - ၈၃ (ခြေရာခံခြင်း)

9.1K 2.2K 295
                                    

[ မိုးကုတ်စက်ဝိုင်းတစ်ဖက်ခြမ်းမှာပဲရှိရှိ ၊
သမုဒ္ဒရာတစ်ဖက်ကမ်းထိပဲ ရောက်နေနေ၊ နောက်ဆုံးတော့ မင်း ကိုယ်တော့်ဆီ ပြန်ရောက်လာရမယ်]

"ဒါ ဘာသဘောလဲ"

စစ်ကုန်းလွီ့က မေးလာတော့ ချူရှိန့်က ​-

"အဲ့ထဲက ကြေးနီယန္တရားရုပ်တစ်ရုပ်ဆီမှာ မဟူရာကျောက်နီတစ်လုံးရှိတယ်။ နာရီဝက်အတွင်း အဲ့ကျောက်နီလေးကို ယူလာနိုင်ခဲ့ရင် အောင်မြင်တယ်လို့ ယူဆမယ်"

"သြ....ယန္တရားရုပ်ထုတွေကိုး"

စစ်ကုန်းလွီ့ ခုမှ သဘောပေါက်သွား၏။ ချူရှိန့်က သွမ့်ပိုင်ယွဲ့အား သတိပေးစကားဆိုလာသည်။

"ဒီယန္တရားက အတော်ပဲ ရက်စက်ကြမ်းကြုတ်ပါတယ်၊ ဒီကနောင်ကြီး သတိကောင်းကောင်းထားပါလေ"

"ကျွန်တော်သာ ဒီယန္တရားကို ဖျက်ဆီးနိုင်ခဲ့ရင် ရှင်းကျိုးကျွန်းကို လိုက်ပါခွင့်ပြုမယ် မလား"

သွမ့်ပိုင်ယွဲ့မေးလာခြင်းဖြစ်သည်၊

ချူရှိန့်က -

"ရှင်းကျိုးမှမဟုတ်ဘူး။ ဒီယန္တရားကိုသာ နောင်ကြီးဖျက်ဆီးနိုင်ခဲ့ရင် နောက်နောင်ကျ ရွှေငွေစည်းစိမ်တွေကိုသာမက ရာထူးဌာနန္တရတွေကိုပါ ချီးမြှင့်ပေးမယ်။ ရှင်းကျိုးလို ကျွန်းအသေးစားလေးတစ်ခုကို နောင်ကြီးတို့သာ အားရကျေနပ်နိုင်ပေမယ့် ကျွန်တော့်မျက်လုံးထဲမှာ မြူတစ်မှုန်စာလောက်တောင် ရှိမနေဘူး"

"ကောင်းပြီလေ"

ကျန်သောသူများက နောက်သို့အသာဆုတ်လိုက်သည်၊ သွမ့်ပိုင်ယွဲ့ကတော့ လက်ချည်းဗလာနှင့် ယန္တရားရုပ်ထုများကြား သွားရပ်လိုက်သည်။

ချူရှိန့်က ယန္တရားအဖွင့်ခလုတ်အား စနှိပ်လိုက်သည်။ ချက်ချင်းဆိုသလို ယန္တရားရုပ်ထုများမှာ သက်ဝင်လှုပ်ရှားလာကြသည်။ယန္တရားရုပ်တစ်ခုက လက်ကိုမြှောက်ပြီး စတင်တိုက်ခိုက်လာတော့ သွမ့်ပိုင်ယွဲ့က အသာရှောင်တိမ်းလိုက်၏။ ထို့ကြောင့် အရုပ်၏ ဘယ်လက်ကြီးမှာ ဂူနံရံသို့ ရိုက်မိကာ မြေမှုန်များ အစစ လွင့်စင်ပြိုကျလာ၏၊ ရပ်နေသော မြေပြင်သည်ပင် တုန်ယင်လာသယောင်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now