အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)

10.5K 2.2K 254
                                    

[အနည်းဆုံးတော့ ဟေဟွမ်ပိုးအဆိပ် နှစ်ဆလောက်သုံးပစ်ရမယ်]

"လက်စသတ်တော့ မင်းပဲကိုး"

သွမ့်ပိုင်ယွဲ့က အေးစက်စက်မျက်၀န်းများဖြင့် ကြည့်လာ၏။

"ကောင်းကင်ဘုံက ငါ့ကို မသေစေချင်သေးတဲ့ပုံပဲ၊ အဲ့တော့ ငါ အသက်ရှင်နေရတာပေါ့"

"မဟုတ်ဘူး"

လန်ဂျီး၏စကားကို သွမ့်ပိုင်ယွဲ့ချက်ချင်းငြင်းလိုက်သည်။

"ကောင်းကင်ဘုံက မင်းကို အသက်ချမ်းသာပေးချင်ရိုးမှန်ရင် မင်းကို ဒီထိပို့လိုက်မှာမဟုတ်ဘူး။ ငါနဲ့ ဝေးနိုင်သမျှဝေးအောင် ပြေးသွားမှ မှန်ရော့မယ်"

နန်မော်ယဲ့လည်း သစ်ကိုင်းထက်မှ ခုန်ဆင်းလိုက်ကာ မြေပြင်ပေါ် မားမားမတ်မတ်ရပ်တည်လိုက်သည်။ သူ့ပင်ကိုယ်စရိုက်အရ ဤသို့သောအခြေအနေမျိုးနှင့်ကြုံရလျှင် အပျော်တမ်းပြဇာတ်အဖြစ်သာ သဘောထားကာ ထိုက်စန်းတောင်တမျှ အပျော်ကဲပြီး မနေနိုင်မထိုင်နိုင် ရွပိုးထိုးနေလောက်ပြီ။သို့သော် ယနေ့ကတော့ မနေ့ကနှင့်မှ မတူ။ သူ့တပည့်မှာ ဒဏ်ရာပြင်းစွာရထားသည်ဖြစ်ရာ မည်သူနှင့်မှ ယှဥ်ပြိုင်တိုက်ခိုက်ခြင်းမပြုဘဲ အသာငြိမ်နေသည်ကမှ အသင့်တော်ဆုံးဖြစ်ပေမည်။

မိုးခြိမ်းသံများ ထစ်ချုန်းမြည်ဟီးနေဆဲပင်။ လန်ဂျီးဘက်ကစပြီး တဟုန်ထိုး လက်ဦးမှုရယူလိုက်၏။ သူမ၏ လက်နှစ်ဖက်မှာ သရဲတစ္ဆေများ၏ လက်သည်းများပမာ ကြောက်မက်ဖွယ်ကောင်းနေပေသည်။

နန်မော်ယဲ့လည်း အနောက်ဘက်မှ အလစ် ၀င်တိုက်ပေးမည်အပြု ၊ သွမ့်ပိုင်ယွဲ့က သူ့ထက် ပို၍လျင်သွား၏။ သူ့လက်ထဲက ရွှမ်မင်ဟန်ထျယ် မိစ္ဆာဓားထဲမှလည်း မာန်ဖီဟိန်းဟောက်သံ မြည်ဟီးနေလျက်။ နှစ်ထောင်ချီပြီး အိပ်စက်မေ့​မျောနေသော မိစ္ဆာရိုင်းတစ်ကောင်က ပြန်လည်နိုးထလာပြီး ၎င်းအားချုပ်နှောင်ထားသော အနှောင်အဖွဲ့များကို ဒေါသတကြီးနှင့် အတင်းအကျပ် ရုန်းထွက်နေသလိုပင်။

ထိုအခြင်းအရာကိုမြင်သော် နန်မော်ယဲ့ပင် အတော်အံ့အားသင့်သွား၏။ ဤဓားမှာ မိစ္ဆာဓားဖြစ်မှန်း သူ ကောင်းကောင်းကြီးသိပါသည်၊ အလွန်ဆုံးရှိ ၎င်းဆီမှစီး၀င်လာသည့် အအေးဓာတ်ဖြင့် သွမ့်ပိုင်ယွဲ့ကိုယ်ခန္ဓာထဲက ရွှေချည်ပိုးကောင်ကို ဖိနှိပ်ထိန်းကွပ်နိုင်ကောင်းရဲ့ဆိုပြီး ထိုမျှလောက်သာ အသုံးချရန် ကြံရွယ်ထားခြင်းသာ ။ ယခုလိုမျိုး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြန်လည်နိုးထလာမည်ဟု နန်မော်ယဲ့ကိုယ်တိုင်ကပင် လုံး၀ထင်မထားခဲ့။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now