အခန်း - ၉၈ (တောင်ပေါ် ဂူ)

12.4K 2.3K 409
                                    

[နေ့တစ်ပိုင်းလောက် ရေသာခိုလိုက်ဦးမယ်]

စန်းဖိုဖို့တောင်မှာ မုယန်မြို့နှင့် သိပ်မဝေးလှပေ။ တောင်ခြေတွင်လည်း ကျေးရွာတစ်ရွာရှိ၏။

သွမ့်ပိုင်ယွဲ့က ထမင်းပေါင်းအငန်နှင့် ကြက်ခြေထောက်ဟင်း တစ်ထုပ်စီဝယ်လာ၏၊ လမ်းခုလတ်တွင် ချူယွမ်စားဖို့ ဖြစ်သည်။

စိတ်အပန်းဖြေရန် ရောက်လာသည်မို့ ဘာကိုမှ အလောတကြီးလုပ်နေစရာမလို။ ချူယွမ်လည်း အေးအေးဆေးဆေး နှေးကွေးစွာ တောင်ပေါ်သို့ လမ်းလျှောက်တက်လာ၏။ ရေအိုင်သေးသေးလေးတစ်ခုကိုတွေ့တော့ အထဲရှိ ငါးကလေးများ ကူးခတ်နေသည်ကို အတန်ကြာ ရပ်ကြည့်နေကြသေးသည်။ ထို့ကြောင့်ပင် တောင်မှာသိပ်မမြင့်သော်လည်း တောင်ထိပ်ပေါ်ရောက်သွားတော့ မွန်းလွဲချိန်ပင်ရောက်နေပြီဖြစ်သည်။

မျက်စိတစ်ဆုံး မျှော်ကြည့်လိုက်တော့ တမျှော်တခေါ်ကြီး စခန်းချထားသော တာ့ချူတပ်မတော်ကို တွေ့မြင်ရပေသည်။ သေချာနားထောင်ကြည့်လျှင် တပ်တွင်းကအချက်ပေးသံများကိုပါ ကြားရမည်ဖြစ်သည်။

သွမ့်ပိုင်ယွဲ့က အတော်လေးသန့်ရှင်းသော ကျောက်ဆောင်တစ်ခုကို ရှာလိုက်ကာ ချူယွမ်ဆီ ပြောလာ၏။

"ခဏလောက် နားရအောင်ပါ"

ချူယွမ်က ဘေးပတ်ပတ်လည်ကို လှည့်ကြည့်နေလိုက်သည်။

"ဒီနေရာက ကျင်ထိုက်စန်းနဲ့ တူတယ်နော်"

"ဒါပေမယ့် ကျင်ထိုက်စန်းမှာလို အစောင့်အရှောက်မထူထပ်ဘူးလေ ။ အဲ့မှာဆို ဘယ်ပဲသွားသွား လူတွေနဲ့ ရဲမက်တွေနဲ့ ။ မင်းနဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောချင်ရင်တောင် ပြောလို့မရဘူး"

"အဲ့လိုဖြစ်အောင်ကို တမင်လုပ်ထားတာလေ"

ချူယွမ်က ပြောပြောဆိုဆို သွမ့်ပိုင်ယွဲ့လက်ထဲက တူကို လှမ်းယူလိုက်သည်။

"ထင်တော့ထင်ပါတယ်"

သွမ့်ပိုင်ယွဲ့က သက်ပြင်းချလိုက်ကာ ထမင်းပေါင်းထုပ်ထားသောသစ်ရွက်ကို ဖြည်လိုက်သည်။

ထိုအချိန်တုန်းက ချူယွမ်ဆီလာတွေ့ဖို့ ရွှေမြို့တော်သို့ မိုင်ပေါင်းထောင်ချီသောခရီးကို သူ အပြင်းနှင်လာခဲ့ဖူးသည်။ ကျင်ထိုက်စန်းတောင်ပေါ်မှ ရှုခင်းများကို နှစ်ယောက်သား အတူတကွ လိုက်ကြည့်မည်ဟု ရည်မှန်းထားသော်ငြား တကယ်တမ်းရောက်သွားတော့ တစ်ဖက်လူ၏ဘေးနားတွင် ရဲမက်နောက်လိုက်များ အချိန်ပြည့် ခြံရံလိုက်ပါလာလေကာ ချူယွမ်အနားသို့ချဥ်းကပ်ဖို့အခွင့်ပင် သူ မရလိုက်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now