အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)

9.9K 2K 127
                                    

[ဝသုန်မြေမှုန့်အဖြစ် ကြေလွင့်ပျက်သုဥ်းသွားရင်တောင် မှတ်မိနေဦးမှာပါ]

ညချမ်းချိန်ခါ ဝေဟင်ပြာမှာ တဖြည်းဖြည်းနှင့် မှောင်ရိပ်သမ်းလာ၏။ မြို့သူမြို့သားမှာလည်း မိမိတို့၏အိုးအိမ်သို့ ကိုယ်စီပြန်ကာ အနားယူကုန်ကြလေပြီ။

တိတ်ဆိတ်နေသော အိမ်အိုအိမ်ပျက်တစ်ခုဝယ် ခါးလောက်နီးနီးအမြင့်ရှိ မြက်ပင်များက ပေါက်ရောက်ရှင်သန်နေကာ နွယ်ပင်များကလည်း နံရံများထက် တွယ်ကပ်နေလျက်ရှိသည်။ သစ်ကိုင်း၏ အရိပ်များကလည်း နံရံထက် ကျနေလျက်ရှိကာ ​တစ္ဆေခြောက်သည့်အိမ်ကြီးများနှင့် တူလှပေ၏။ ကြောက်တတ်သောသူများသာဆိုလျှင် အထဲဝင်နေဖို့မဆိုထားနှင့် ၊ တစ်ချက်မျှစောင်းငဲ့ကြည့်ရန်ပင် မဝံ့ရဲလောက်။

တစ်စုံတစ်ယောက်က အခန်းထောင့်ဝယ် တိုးခွေ့ပုန်းခိုနေ၏။ နံရံနှင့်တစ်သားတည်းကပ်တော့မတတ် ပုန်းခိုပျော်ဝင်နေ၏။ အတန်ကြာနေပြီဖြစ်သော်လည်း တစ်စိုးတစ်စိမှ မလှုပ်ရှား ၊ သေနေသည်လား ရှင်သေးသလားဆိုသည်ကို သဲသဲကွဲကွဲမသိရ။

သွမ့်ယောင်က ကျောက်စရစ်ခဲလေးတစ်လုံးကိုကောက်ကာ ထိုအရိပ်ရှိရာ ပစ်လိုက်၏။

ထိုအရိပ်က ချက်ချင်း ထလာသည်။ လရောင်ကို လက်ခနဲ ထင်ဟပ်သွားသော ပစ္စည်းတစ်ခုကိုပါ ကိုင်ဆောင်ထား၏။

လက်စသတ်တော့ လက်ထဲတွင် ဓားတိုတစ်ချောင်း ကိုင်ဆောင်ထားခြင်းပင်။

"ငါရယ်ပါ"

သွမ့်ယောင် ထိုသို့ဆိုတော့မှ ဟွမ်လီက သူ့ကိုသေချာကြည့်လာသည်။ သူဖြစ်နေမှန်း သေချာတော့မှ ခေတ္တမှင်သက်သွားကာ နောက်သို့တစ်လှမ်း အလိုလိုဆုတ်မိသွား၏၊ ဘာစကားမှတော့ ပြန်မပြော။

"ငါနဲ့ နောင်တော်တို့က ကုန်သွယ်ရေးလာလုပ်ကြတာ၊ ဘယ်သူ့ကိုမှ ပြဿနာလာရှာတာမဟုတ်ဘူး။မင်းက ဘာမပြောညာမပြောနဲ့ ချက်ချင်းကြီးရောက်ချလာတဲ့အပြင် တပည့်တပန်းအပြုံလိုက်ကြီးကိုပါ ခေါ်လာသေးတာလေ၊ ငါတို့လည်း စိတ်ရှုပ်သွားပြီး မင်းတို့ကိစ္စထဲ ဝင်မရှုပ်တော့တာ။ ဒါပေမယ့် ယောကျ်ားရင့်မာအများကြီးတွေကို ခါထုတ်ပြီး ဒီထိတောင် ပြေးလာနိုင်တာဆိုတော့ မင်းလည်း အတော်လေး အစွမ်းအစရှိတဲ့လူပဲ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now