အခန်း - ၂၈ (အဖိုးအို မုချီ)

14.4K 2.3K 698
                                    

Unicode version:

[ရှစ်ခွင်တိုင်းယန္တရား]

ထိုပွဲစင်သို့ နှစ်ယောက်သားရောက်သွားချိန်မှာတော့ ရုတ်ရုတ်သဲသဲဖြစ်နေသည်ပင် ငြိမ်သက်သွားပြီးလေပြီ။ဆိုက်ဖန်းအန်းကတော့ နဂိုအတိုင်းပင် အဖိုးအိုကြီးတစ်ဦးပမာ ငြိမ်သက်စွာ ကမ္မဌာန်း ရှုမှတ်နေသည့်ဟန် မျက်လွှာချထားကာ လာရောက်ယှဥ်ပြိုင်မည့်သူကို ဆက်လက်စောင့်ဆိုင်းနေသည်။ သူ့ပုံစံကြည့်ရလျှင်တော့ စောနက ဘာမှ မဖြစ်ခဲ့သလိုပင်။

သွမ့်ပိုင်ယွဲ့က ဘေးနားရှိလူများထံ စုံစမ်း မေးမြန်းကြည့်တော့မှ ဆိုက်ဖန်းအန်း၏ရွှေများကို လာရောက်ခိုးယူသူ ပေါ်လာကြောင်း သိရတော့သည်။ သို့သော် ထိုသူခိုးက ပွဲစင်ထက်ပင် ခြေမချရသေးမီ ဆိုက်ဖန်းအန်း၏ လက်ဖ၀ါးဒဏ် တစ်ချက်ခံလိုက်ရပြီးနောက် မြေပြင်ပေါ်ပြန်ပြုတ်ကျလာခဲ့ရာ တစ်ချက်နှစ်ချက် တွန့်နေပြီးနောက် လုံး၀ပြန်ထမလာနိုင်ခဲ့တော့။ ထို့နောက် ရဲမက်များမှ သူ့အားခေါ်ဆောင်သယ်ယူသွားကြသည်ဟုဆိုကြ၏။

"ဧကရာဇ်စံမြန်းတဲ့ ရွှေမြို့တော်အလယ်ခေါင်ကြီးမှာတောင်၊ လူတွေဒီလောက်၀ိုင်းအုံနေတာတောင် အတော်လေးအတင့်ရဲကြတာပဲ"

သွမ့်ပိုင်ယွဲ့က အလိုမကျစွာ ဆိုလာတော့ ထိုလူငယ်ကလည်း ဆက်ပြော၏။

"ဟုတ်ပဗျာ ၊ စစ်တုရင်ပွဲက တကယ်အနိုင်ယူဖို့ကလည်း အရမ်းခက်နေပြန်တယ်။ ရွှေပုံကြီးကို မြင်ရတော့လည်း လောဘကတက်လာပြန်တယ်။ ဒါပေမယ့် ပွဲစီစဥ်တဲ့ဟိုတစ်ယောက်က အဲ့လောက်ပိန်ပါးသွယ်လျနေတာဆိုတော့ သိုင်းမတတ်ဘူးတောင် ထင်ထားကြတာ ။ တကယ် လုံး၀ မထင်ရဘူးဗျာ ၊ ကျုပ်ဆို ဘာဖြစ်လိုက်မှန်းတောင် သေချာမမြင်လိုက်ရဘူး ၊ မျက်စိတစ်မှိတ်အတွင်းမှာတင် အဲ့သူခိုးလည်း သွေးတွေပွက်ပွက်အန်လို့၊ မြေပေါ်ကျလာတဲ့နေရာမှာတောင် မြေကြီးချိုင့်၀င်သွားတာပါဆို"

ဤစကားသာမှန်နေလျှင် ထိုအရာမှာ သာမန်သိုင်းပညာလောက် မဖြစ်နိုင်တော့ ၊ အဆင့်မြင့်ကျင့်ကြံသူဟုပင် ဆိုနိုင်ပေသည်။သွမ့်ပိုင်ယွဲ့က ပွဲစင်ထက်ကို တစ်ချက်မျှ သေချာလှည့်ကြည့်လိုက်ပြီးနောက် ချူယွမ်နှင့်အတူ လူအုပ်ကြားမှ တိုးထွက်လာကာ လူရှင်းသောတစ်နေရာသို့ရောက်ခါမှ ချူယွမ်က မေးလာ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now