အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)

11.7K 2.2K 254
                                    

နှစ်ဟောင်းတစ်ခုပင် ကုန်လွန်တော့မည်။

အချိန်ယန္တရားကြီးမှာ ပို၍နှေးကွေးစွာ ရွေ့လျောနေသယောင်။

ယနေ့နံနက် ညီလာခံသဘင်ပြီးသွားတော့ ရှားရှားပါးပါးပင် မည်သူကမှ တော်ဝင်စာကြည့်ဆောင်ထိ အမှုကိစ္စများ လိုက်လံလျှောက်တင်ခြင်းမရှိ။ ရှစ်ဇီလည်း ချူယွမ်အား ရွှင်လန်းစွာ ပြုံးပြလိုက်ကာ မေးလာ၏။

"အရှင်မင်းမြတ်၊ နန်းတော်အပြင်ဘက် ကြွတော်မူပါဦးလားဘုရား။ အခုရက်ပိုင်း မြို့ထဲမှာ အရမ်းကို စည်ကားသိုက်မြိုက်နေပါတယ်တဲ့"

"ဟုတ်လား၊ ဘာပွဲရှိလို့လဲ"

"ပွဲလမ်းသဘင်အကြီးစားတွေ မရှိပေမယ့် တခြားပွဲသေးသေးလေးတွေတော့ နေ့တိုင်းလိုလိုရှိပါတယ်ဘုရား။ ပွဲကျင်းပတာ ဆယ်ရက်တောင်ကျော်နေပြီဆိုပေမယ့် ဒီနေ့ထက်ထိ စည်ကားနေတုန်းပဲတဲ့။ စျေးရောင်းတဲ့လူတွေကလည်း အမျိုးမျိုးအဖုံဖုံ ပြောဆိုရောင်းချတတ်ကြသလို ဒေသအသီးသီးက ရှားပါးထွက်ကုန်တွေကိုလည်း စုံစုံလင်လင်ခင်းကျင်းရောင်းချထားသေးတယ်တဲ့။ ထိမ်းမြားမင်္ဂလာပွဲဖြစ်မြောက်ရေး စီစဥ်ပေးတဲ့လူတွေလည်း ရှိတယ်၊ ဂီတအဖွဲ့ကို ငှားရမ်းဖျော်ဖြေခိုင်းမယ်ဆိုရင်တောင် အလုအယက်ငှားရတာပါတဲ့၊ မောင်းတီးတဲ့လူကိုတောင် သာမန်ကြေးထက် ငါးဆမြှင့်ပြီး ပေးရတာပါတဲ့ "

"ဟားဟား၊ ရှစ်ဇီက အတော်လေး တိတိကျကျ သတင်းရထားတာပဲ"

ချူယွမ်က ရယ်မောလိုက်ကာ ဆက်ဆို၏။

"ရတယ်လေ၊ စိတ်ပြေလက်ပျောက် လမ်းလေးဘာလေး သွားလျှောက်ကြတာပေါ့"

ရှစ်ဇီလည်း ချူယွမ်အတွက် အဝတ်အစားလဲလှယ်ဝတ်ဆင်ပေးလိုက်ကာ ၊ နှစ်ယောက်သားက ဝေါယာဥ်ပင်မစီးဘဲ ခြေကျင်ဖြင့်သာ လမ်းလျှောက်လာခဲ့သည်။

******

လမ်းမကြီးထက်ဝယ် အမှန်တကယ်ပင် လူသူအများ စည်ကားနေကာ၊ ထိမ်းမြားလက်ထပ်ပွဲများလည်း တကယ်များနေသည်ပင်။ လီထန် မြေပဲမုန့်ချိုထုပ်များကို မြှောက်ကြဲပေးနေသော သူဌေးမိသားစုတစ်ခု၏ မင်္ဂလာပွဲနှင့်ပါ ကြုံကြိုက်လိုက်သေး၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now