အခန်း - ၈၇ (သင်္ဘောကြီး)

11.3K 2.2K 308
                                    

[ကိုယ်နဲ့ ခပ်ဝေးဝေး နေစမ်းပါ]

ရေထဲပြုတ်ကျသွားခဲ့သော်လည်း ကျင်နျဲန်မှာ သိုင်းအတော်အသင့် လေ့ကျင့်ဖူးသည်မို့ အားနည်းဖျော့တော့နေသည့်အထဲတော့ မပါ။ ထို့ကြောင့် နန်မော်ယဲ့နှင့် သွမ့်ပိုင်ယွဲ့တို့ရောက်လာတော့ သူမမှာ အိပ်ယာမှထပြီး၊ အခန်းကိုပါ သန့်ရှင်းရေးလုပ်ပြီးနေပြီဖြစ်ကာ အားလုံးအတွက် မနက်စာပြင်ဆင်ချက်ပြုတ်ပေးနေ၏။

"ထိုင်ပါဦး"

နန်မော်ယဲ့က ဆိုလိုက်သည်။

"အပြင်မှာ စားသောက်ဆိုင်တွေ ဒီလောက်ပေါနေတာ၊ မင်းမရှိရင် ငါတို့ယောက်ျားသားတွေ ငတ်သေကုန်တော့မလိုဖြစ်သွားမှာကျနေတာပဲ။ အရမ်း မစိုးရိမ်စမ်းပါနဲ့"

"နေလို့မကောင်းရင် အခန်းထဲပြန်အိပ်နေလိုက်ပါ ကျင်နျဲန် ၊ ပင်လယ်ရေက အရိုးခိုက်လောက်အောင် ချမ်းစိမ့်နေခဲ့တာလေ"

"ဟုတ်ကဲ့ပါ ဝမ်ရယ်၊ ကျွန်မ တကယ် ဘာမှမဖြစ်တော့ပါဘူး"

သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်ပြလိုက်ကာ ဆက်ဆို၏။

"မနေ့ညအတွက် ကျေးဇူးအများကြီးတင်ပါတယ်"

"ဟင့်အင်း၊ ဝမ်ရယ်ကသာ ကျွန်မ ရေထဲကျသွားတာကို လိုက်ကူပေးခဲ့တာလေ ။ ကျွန်မဘက်ကပဲ ကျေးဇူးတင်ရမှာပါ"

သွမ့်ပိုင်ယွဲ့ ပြုံးလိုက်ကာ -

"မင်း တမင် ရေထဲခုန်ချတာလားဆိုတာကို တပ်အပ်သေချာမပြောနိုင်ပေမယ့် သတိမေ့ချင်ယောင်ဆောင်မှန်းတော့ ပန်ဝမ်သိပါတယ်။ မင်း သတိမေ့သွားလို့လည်း သင်္ဘောကို လာရာလမ်းအတိုင်း လှည့်ပြန်ခဲ့ရတာလေ"

"အရှင်မင်းမြတ်ကို ထွက်သွားစေချင်တဲ့ဆန္ဒ ဝမ်ရယ့်မှာ မရှိလောက်ဘူးလို့ ထင်မိလို့ပါ"

သွမ့်ပိုင်ယွဲ့က ကျောက်သားထိုင်ခုံထက် ထိုင်လိုက်ကာ ဆက်မေးလာ၏။

"တိမ်သလ္လာကန္တာတောင်ထွဋ်အကြောင်း မင်းသိတယ်ဆို"

ကျင်နျဲန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့၊ အဲ့ဒါက ကျွန်းတစ်ခုရဲ့ နာမည်ပါ ။ အဲ့ကျွန်းပေါ်မှာ မည်းနက်နေတဲ့ ကျောက်ဆောင်အကြီးကြီးတွေပဲရှိပါတယ်၊သစ်ပင်ကြီးငယ်တွေလည်း မဖွံ့ဖြိုးပါဘူး၊ ပြီးတော့ ငလျင်လည်း မကြာခဏလှုပ်တတ်သေးတယ်။ နေဝင်သွားတဲ့အချိန်ကျ ဆည်းဆာရဲ့ အနီရောင်တိမ်တိုက်တွေက ရေပြင်ပေါ်မှာထင်ဟပ်နေပြီး မီးတောက်မီးလျှံတွေလို နီရဲနေတတ်ပါတယ်။ ညနေခင်းဘက် တောင်ပေါ်ကနေ ရပ်ကြည့်ရင် တိမ်လွှာတွေပေါ် ခိုစီးနေရသလိုပဲတဲ့"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now