အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)

13.9K 2.3K 510
                                    

[လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းက သေသွားတာထက်စာရင်တော့ တော်သေးတယ်လေ]

"အဖြစ်မှန်က ဘယ်လိုတဲ့တုန်း"

အမတ်မင်းထောင်လျဲန်တာအား ချူယွမ် မေးလာခြင်းဖြစ်သည်။

"ဒီအမှုကိစ္စအကြောင်းကို အရင်နေ့ကတည်းက အစီရင်ခံစာတင်ဖို့ ကျွန်တော်မျိုး ရည်ရွယ်ထားပြီးသားပါ အရှင်။ အရှင်မင်းမြတ် နာမကျန်းဖြစ်နေတော်မူတာနဲ့ ဒေသန္တရအာဏာပိုင်တွေကိုပဲ လွှဲ​အပ်ပေးလိုက်တာပါ။ခုလောက်ထိ အခြေအနေဆိုးလာမယ်လို့တော့ မထင်ခဲ့ရိုးအမှန်ပါ အရှင်"

ထိုစကားများကိုကြားတော့ ချူယွမ် မျက်နှာမဲ့သွား၏။ သွမ့်ပိုင်ယွဲ့ကလည်း ယနေ့မနက်ခင်းတုန်းက မြို့သူမြို့သားများ တီးတိုးပြောဆိုနေကြသော ကိစ္စကို ပြန်ကြားယောင်လာ၏။

တကယ်ကြီးကို တစ္ဆေ​ခြောက်နေတာလား။

"အရင်ရက်တွေတုန်းကလည်း ဒီယွင်တာမြို့ထဲမှာ ကင်းလှည့်သမားတစ်ယောက် ထူးထူးဆန်းဆန်း အသတ်ခံခဲ့ရပါတယ် အရှင်။ သေနေတဲ့ပုံကြီးက တော်တော်ဆိုးရွားနေပြီးမြို့သူမြို့သားတွေ လန့်ဖျတ်မှာစိုးတဲ့အတွက် အာဏာပိုင်တွေက ဒီကိစ္စကို မြို့သူမြို့သားတွေဆီ အသိမပေးသေးဘဲ လျှို့ဝှက်ပြီး စုံစမ်းနေကြပါတယ် ။ ဒါပေမယ့် အမှုမှန်မပေါ်သေးခင်မှာပဲ မနေ့က နောက်တစ်ယောက် အသတ်ခံလိုက်ရပါတယ် ၊ အသတ်ခံရတဲ့လူက ကျိုးတာလို့ အမည်ရှိတဲ့ လူပေလူတေတစ်ယောက်ပါ။ အသတ်ခံရတဲ့နည်းတွေရော ၊ သေပုံသေနည်းတွေကပါ အရင်ရက်တုန်းကတွေ့တဲ့ အလောင်းနဲ့တစ်ထေရာတည်းပါပဲ။ကိုယ်လုံးတည်းချည်းပဲ ကျန်ပြီး မျက်လုံးတွေက အပြင်ပြုတ်ကျတော့မတတ် ပြူးထွက်နေပါတယ်၊ ပြီးတော့ ရင်ဘတ်တည့်တည့်မှာ လက်ဖဝါးရာမည်းမည်းကြီး ကျန်နေတာချင်းလည်း တူပါတယ် "

သွမ့်ပိုင်ယွဲ့ နှလုံးသားတစ်ခုလုံး တုံ့ခနဲ တုန်လှုပ်သွား၏။

"အင်း၊ အခြေအနေကြည့်ရတာ ရိုးရိုးသာမန် ခိုးဆိုးလုယက်တဲ့အမှုမျိုးနဲ့ မတူပေဘူး။ ဒါဆိုရင် ဒေသန္တရအာဏာပိုင်တွေကိုပဲ လွှဲအပ်ပေးထားလို့မဖြစ်တော့ဘူး ၊ အခုခရီးမှာ တာ့လီတရားရုံးတော်က စုံစမ်းစစ်ဆေးရေးအရာရှိတွေပါ လိုက်လာကြတယ်၊ သူတို့ဆီ အမှုလွှဲပေးပြီး စုံစမ်းခိုင်းချေ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now