အခန်း - ၈၄ (အဆက်)

9K 2.1K 390
                                    

"ဘာမှတော့ ဖြစ်မသွားဘူးမလား"

ချူရှိန့်ပါ မျက်နှာပျက်သွား၏။

"အင်း၊ ဘာမှမဖြစ်ပါဘူး။ ကျောက်မှုန်ကျောက်မွှားတွေ လွင့်စင်ပုံကျလာတော့ ထျဲန်းချန်ရှားကို အပေါ်ကနေ ဖို့လိုက်သလိုတော့ ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ သေချာပြန်ရှင်းပေးခဲ့ပြီး နောက်တစ်နေရာမှာ ရွှေ့ပြီးမြှုပ်ထားဖို့ နေရာသစ်လည်း ရှာပြီးသွားပြီ။ နောင်ကြီးချူ စိတ်မပူပါနဲ့"

ချူရှိန့်က ထိုခါမှ သက်ပြင်းချလိုက်ကာ -

"နေရာအသစ် ရွှေ့မလို့လား"

"တိမ်သလ္လာကန္တာတောင်ထွဋ်ဆိုတာ အလုံခြုံဆုံး အလျှို့ဝှက်ဆုံးဖြစ်အောင် မြူခိုးယန္တရားတွေကြား ကာရံပိတ်ဆီးထားတဲ့နေရာပါ။ ဧကရာဇ်ချူ လိုချင်တောင့်တတဲ့ပစ္စည်း ဖြစ်နေတယ်ဆိုကတည်းက အဖိုးအနဂ္ဃထိုက်တန်မှာသေချာတာပဲ။ တစ်ဖက်လူက ပရိယာယ်မာယာ အရမ်းကြွယ်တယ်လို့ နောင်တော်ချူကိုယ်တိုင် ပြောပြထားဖူးတော့ ကျွန်တော်တို့လည်း သေချာသတိထားနိုင်မှ တော်ကာကျမှာပေါ့။ အခုနေ အတောင်ပံထပေါက်လာတာကလွဲရင် ဘယ်သူကမှ အဲ့တောင်ထွဋ်ဆီ အရောက်မသွားနိုင်ပါဘူး"

"အင်း၊ မျိုးနွယ်စုခေါင်းဆောင်ကို ကျွန်တော် ယုံပြီးသားပါလေ"

ချူရှိန့်က ခေါင်းညိတ်ပြသည်။

"ကျွန်တော် ဒီကျွန်းပေါ် ခြေချလိုက်တာနဲ့ သိုင်းပညာအဆင့် အရမ်းမြင့်တဲ့ နည်းပြတစ်ယောက် ရောက်လာတယ်လို့ သတင်းကြားခဲ့တယ်။ ကျုန်းယွမ်သိုင်းလောကရဲ့ ချင်ရှောက်ယွီနဲ့ ရှန်ချန်းဖုန်းကို အနိုင်ယူလို့ရတဲ့အထိရော စွမ်းနိုင်ပါရဲ့လား"

"ရကောင်းရနိုင်ပါတယ်"

သွမ့်ပိုင်ယွဲ့က ဖေမျဲန့်ပြည်ခေါင်းဆောင်အား ခွန်းတုံ့ပြန်၏။

"အဲ့တုန်းကဆို ချင်ရှောက်ယွီတို့များ မော့ပေလူရိုင်းတပ်ဖွဲ့ထဲကို တစ်ကိုယ်တော်တည်း ထိုးဖောက်ဝင်ရောက်ပြီး လူအယောက်တစ်သောင်းကျော်ကို တစ်ယောက်တည်းဒိုင်ခံသုတ်သင်သတ်ဖြတ်ခဲ့တာတဲ့။ မော့ပေရဲ့ မြင့်မြတ်စင်ကြယ်တဲ့ မြစ်နဒီကြီးတောင် သွေးရောင်တွေလွှမ်းခဲ့တယ်ဆိုပဲ။ နောင်တစ်ချိန်ချိန်မှာများ သူတို့နှစ်ယောက်ထဲကတစ်ယောက်ယောက်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ရလို့ နည်းပြဝမ်သာ အနိုင်ယူနိုင်ခဲ့ရင် စီမံကိန်းကြီးကလည်း အောင်မြင်မယ်၊ ရာဇဝင်မှာလည်း နာမည်တွင်လိမ့်မယ် "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now