အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)

7.9K 1.5K 229
                                    

[မင်း ကိုယ်တော့်ရဲ့နဂါးဝတ်ရုံကို ခိုးယူရဲတယ်ပေါ့]

နောက်တစ်နေ့မနက် ဝေလီဝေလင်းအချိန်ဝယ် ဖုန်ချန်နှင့် ဒေသန္တရအာဏာပိုင်အတော်များများက အရှင်မင်းမြတ်အား အခစားဝင်ရန် အဆောင်ရှေ့ခြံဝန်းတွင် စောင့်ဆိုင်းနေကြောင်း ရှစ်ဇီက လျှောက်တင်လာ၏။

"အစောကြီးကို ရောက်ချလာတာပါ့ရော"

သွမ့်ပိုင်ယွဲ့က ပြောပြောဆိုဆို ချူယွမ်ကို ထူပေးလိုက်ရင်း ထပ်မေးလာ၏။

"ကိုယ် အဖော်ပေးလိုက်ပေးခဲ့ရမလား"

"မင်းက လူဆိုးကိုဖမ်းမိထားတဲ့လူလေ၊ သေချာပေါက် အတူတူ သွားရမှာပေါ့"

ချူယွမ်က လက်ကိုကားပေးထားလိုက်ကာသွမ့်ပိုင်ယွဲ့က မိမိအား အတွင်းဝတ်ရုံများ ဝတ်ဆင်ပေးနေသည်ကို အသာတကြည် ခံယူနေလိုက်သည်။ ရှစ်ဇီဘက်ကလည်း ကိုယ်လက်သန့်စင်ရန် ရေနွေးများသယ်လာပေးပြီး ကျန်သောမိန်းမစိုးများကလည်း အပြင်ဘက်တွင် တန်းစီရပ်စောင့်နေကြကာ အပြင်ဝတ်ရုံ၊ ခြေနင်းတော်၊ အဆင်တန်ဆာ များကို အသီးသီး ကိုင်ဆောင်ထားကြသည်။

"ကျိုယွင်ဟယ့် လာပြီလား"

ချူယွမ်က ကြေးမုံပြင်ရှေ့ ထိုင်လိုက်ရင်း မေးလိုက်သည်။ ရှစ်ဇီက ခေါင်းဖြီးပေးနေ၏။

"မှန်ပါ့၊ ရောက်ရှိနေပြီဖြစ်ကြောင်းပါဘုရား။ စစ်သူကြီးကျိုက အစောဆုံးရောက်လာတာပါ ၊ အရုဏ်ကျင်းတာနဲ့ အရှေ့ခြံဝန်းမှာ လာစောင့်နေတာပါဘုရား"

ချူယွမ်က ထပ်မေးလာသည်။

"သူ့စိတ်အခြေအနေ မကောင်းဘူးမလား"

ရှစ်ဇီက သတိကြီးစွာထားရင်း ဆိုသည်။

"ဒီကိစ္စတော့ တကယ်မပြောတတ်ပါဘူးဘုရား။ စစ်သူကြီးကျိုက စကားတစ်ခွန်းမှမပြောဘဲ လက်ဖက်ရည်ချည်း ထိုင်သောက်နေတာ၊ တခြားရက်တွေနဲ့တော့ ခြားနားနေကြောင်းပါဘုရား"

ချူယွမ်က ကြေးမုံပြင်ထက် ထင်ဟပ်နေသော သွမ့်ပိုင်ယွဲ့၏ရုပ်လွှာကိုကြည့်ရင်း ပြုံးလိုက်သည်။

"အခြေအနေမဆိုးရင် ငါလည်း ဒီကိစ္စကို နောက်နှစ်ရက်လောက် လျစ်လျူရှုထားမလို့ပဲ။ အဲ့သူခိုးက မြို့ထဲ ဆယ်ရက်ကျော်တောင် သောင်းကျန်းလာတာ၊ ဘယ်သူကမှလည်း ဒင်းကို နှိမ်နင်းလို့မရခဲ့ဘူး။ အခု မင်းရောက်လာပြီး ချက်ချင်းကြီး ဖမ်းလို့မိသွားတော့ ကျိုယွင်ဟယ့်ရဲ့စရိုက်အရ အရှက်ရပြီး ဒေါသထွက်နေလောက်ပါတယ် "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now