အခန်း -၁ အဆက်

29.9K 3.7K 433
                                    

ဝေါယာဥ်ပေါ်မှ ဆင်းပြီးသည်နှင့် ၀မ်တာ့ပေါ်သည်လည်း အိမ်တော်ထိန်း၏ လမ်းပြမှုနောက်မှလိုက်ကာ စံအိမ်တော်၀န်းအတွင်းသို့ ၀င်ရောက်လာခဲ့သည်။စံအိမ်တော်၏ ဗိသုကာလက်ရာမှာ တာ့လီမြို့ရှိ အခြားအဆောက်အဦး ဗိသုကာလက်ရာများနှင့်မတူဘဲ နန်းတော်ထဲရှိ ဧကရာဇ်စံမြန်းရာ ရွှေနန်းဆောင်နှင့် သွား၍ ဆင်တူပေ၏။ ဤအချက်များ​နှင့်ပင် ရှီးနန်၀မ်သည် ဧကရာဇ်အပေါ် သစ္စာစောင့်သိလွန်းသဖြင့် ပုန်ကန်လိုစိတ်အလျဥ်းမရှိပေဟု ပြောလာလျှင်တောင် ဘယ်လူပြိန်းကမှ ယုံကြည်ပေးလိမ့်မည်မဟုတ်ချေ။

ရှေ့မလှမ်းမကမ်းရှိ ပန်းဥယျာဥ်အတွင်းတွင်
အဖြူရောင်၀တ်ရုံ ဆင်မြန်းထားသော မိန်းမပျိုတစ်ဦးက ကျောက်သားစားပွဲနားထိုင်ကာ အဝေးသို့ ငေးမောနေလျက်ရှိသည်။
ထိုသူသည် စံအိမ်တော်၏အရှင်သခင်ဖြစ်ကြောင်း ၊ ခပ်ကြာကြာ စူးစိုက်မကြည့်ကောင်းကြောင်း အိမ်တော်ထိန်းမှ သူ့အား ခပ်တိုးတိုး သတိပေးလာသဖြင့် ၀မ်တာ့ပေါ်မှာ ခေါင်းပြန်ငုံ့ထားရလေသည်။

" ​ဪ ၊ ဧည့်သည်ရောက်နေတာလား "

သို့သော် ထိုမိန်းကလေးက သူတို့နှစ်ယောက်အား မြင်သွားကာ ရွှင်လန်းတက်ကြွစွာ စကားစမြည် ပြောလာ၏။

"ဟုတ်ကဲ့ ၊ ၀မ်ရယ်ကို ဂါရ၀ပြုဖို့ ရောက်လာတဲ့ ဧည့်သည်ပါ "

ထို့နောက် အနှီမိန်းမပျိုလေးက သူ့အား စေ့စေ့စပ်စပ် အကဲခတ်လာလေသည်။ အတန်ကြာ အကဲခတ်၍မပြီးသောကြောင့် အနေရခက်လာသဖြင့် သူ့ဘက်မှ စကားစဆိုကြည့်လိုက်သည်။

" ဒီက သခင်မလေးက ကျောက်စိမ်းဖြူလေးလို ၊ ပန်းမာလာတွေလို လှပလွန်းလိုက်တာ ။ ရုပ်ဆင်းအင်္ဂါ အချိုးကျပြေပြစ်နေပုံကလည်း နတ်သမီးလေးတစ်ပါး အလားပါပဲ "

"ဘာ!!!!! ခင်ဗျား အဲ့ဒီစကား နောက်တစ်ခေါက်ထပ်ပြောလိုက်စမ်း!!!!! "

သူ့ချီးမွမ်းစကား မဆုံးခင်မှာပင် အိမ်တော်ထိန်း၏မျက်နှာမှာ လုံး၀ဖြူဆုတ်သွားလေသည်။ ထိုမိန်းမပျိုလေးကလည်း သူ့အား ဒေါသတကြီး အော်ပြောလာသဖြင့် ၀မ်တာ့ပေါ်လည်း လန့်ဖျတ်သွားရချေ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now