အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)

11K 2K 387
                                    

[တစ်ပွင့်ချင်းဆီကို သေချာ ရှုစားကြည့်ရမယ် * ]

( * T/n : ပန်းနှစ်ပွင့်ဆိုတာက ရှုပ်ထွေးပွေလီတဲ့ဇာတ်လမ်းနှစ်ခု ရောနေတဲ့ကိစ္စမျိုးကို ပြောတာပါ။ တစ်ခုချင်းစီကို သေချာလေ့လာသုံးသပ်ရမယ်လို့ တင်စားခိုင်းနှိုင်းထားတာပါ )

ဟင်းချက်လိုက်လို့ အရသာမကောင်းလျှင် လူပါ အလဲခံရမည်မို့ ရှီးနန်ဝမ်ကြီးခမျာ လွန်စွာမှ အခက်တွေ့လှပေပြီ။

ချူယွမ်ကတော့ ခွေးခြေထိုင်ခုံပုပေါ် ထိုင်နေကာ မီးဖိုရှေ့ ငူငူကြီးရပ်နေပြီး ဘာဆိုဘာမှ စမလုပ်သေးသော သွမ့်ပိုင်ယွဲ့ကို ကြည့်ပြီး မေးလိုက်သည်။

"မင်းက ဂါထာမန္တရားမှုတ်ပြီး ချက်မလို့လား"

သွမ့်ပိုင်ယွဲ့ အရှုံးပေးရပေပြီ။

"ငါးကြော်ချက်ပဲ စားချင်တာလားဟင်။ ကြက်ဥကြော်ပဲ စားရင် ပိုမကောင်းဘူးလား"

"ဟင့်အင်း"

ချူယွမ် ခေါင်းခါပြလိုက်တော့ သွမ့်ပိုင်ယွဲ့လည်း မတတ်သာတော့ဘဲ ကျပ်ခိုးတန်းပေါ်ရှိ တုတ်ချောင်းတွင် သီထားသော ငါးတစ်ကောင်ကို ဖြုတ်ယူလိုက်ရလေသည်။

"ပန်းခြင်းလေးလို ပုံစံမျိုးရအောင် ကြော်ပေးရမှာနော်"

ချူယွမ် သတိပေးလိုက်၏။

"......"

ချူယွမ်က သွမ့်ပိုင်ယွဲ့အား စေ့စေ့ကြည့်လိုက်သည်၊ ထို့နောက် နည်းနည်းလေး စျေးလျှော့ပေးလိုက်၏။

"အင်းပါ၊ အင်းပါ။ ကျက်ရင်ပြီးရော"

ကံကောင်းချင်တော့ ငါးကို အကြေးခွံများရှင်းထားပြီးသားဖြစ်သည်။ သွမ့်ပိုင်ယွဲ့က အိုးထဲသို့ ဆီထည့်လိုက်ပြီးနောက် ထိုငါးကို ဆီပူပူထဲ သတိကြီးစွာ ထည့်ကြော်လိုက်သည်။

ချူယွမ်လည်း ထမင်းတစ်နပ်စားရဖို့အရေး အတည်ပေါက်ကြီး ထိုင်စောင့်နေရသည်။

ခဏကြာတော့ ရှူးရှူးရှဲရှဲ အသံများမြည်လာကာ ခပ်သင်းသင်းရနံ့လေးပါ မွှေးပျံ့လာသည်။ ထိုခါမှ သွမ့်ပိုင်ယွဲ့က အတော်စိတ်အေးသွားသည်။ သို့သော် အိုးနှင့် ကပ်နေသည်ထင် ၊ တော်ရုံနှင့် ပြန်ဆယ်ထုတ်လို့မရ။ အနည်းဆုံးတော့ ငါးအသားကျက်သွားလို့ တော်သေးသည်။ အကျက်လွန်သွားပြီး ကြွပ်ရွနေသော ငါးကို တစ်ပိုင်းစီ တစ်ပိုင်းစီ ပြန်လိုက်ဆယ်ပြီးနောက် ဆားရယ်၊ ပဲငံပြာရယ်ကို အနည်းငယ် ထပ်ထည့်လိုက်သည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now