အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)

15.6K 2.5K 430
                                    

Unicode version

[ယဲန့်ဟွီတည်းခိုဆောင်မှာ လန်ဂျီးရောက်နေတယ်]

နန်မော်ယဲ့ ပို့လာသော ကျင့်စဥ်မှာ သိပ်ပြီးယုံကြည်ကိုးစားချင်စဖွယ် မကောင်းသော်လည်း အင်မတန်မှ အကျိုးများနေခဲ့သည်။ကျင့်စဥ်ပြီးသွားသည့်နောက် သွမ့်ပိုင်ယွဲ့တစ်ကိုယ်လုံး ပေါ့ပါးကာ နေလို့​ကောင်းလာသည့်အပြင် အတွင်းရှိ သိဒ္ဓိစွမ်းအင်လည်း ယခင်ကထက် ပို၍အခြေအနေတည်ငြိမ်နေခဲ့သည်။ မနေ့ညက ချီဓာတ်ပြန်ယိုယွင်းမလားဟု တထိတ်ထိတ်စိုးရိမ်နေရသည့် သွမ့်နေ့လည်း ခုမှ စိတ်သက်သာရာရသွားတော့သည်။

၀ူမျိုးရိုးမြင်းလှည်းဆိုင်တွင်တော့ လူစည်ကားနေမြဲ ။ သွမ့်ပိုင်ယွဲ့က သစ်ပင်ထက်တွင် အကျအနနေရာယူ ပုန်းခိုလိုက်ကာ ထိုဧည့်ခန်းဆောင်အိမ်အိုလေးကိုသာ မပြတ်စောင့်ကြည့်နေ၏။ နှစ်ရက်လောက်ကြာတော့လှည်းတစ်စီးရောက်လာကာ ယခင်နေ့တုန်းကတွေ့ခဲ့သော ထိုအစေခံယောကျ်ားကပင် ကုန်ပစ္စည်းများကို လှည်းပေါ်မှ ချကာ အိမ်ထဲသို့ သယ်သွား၏။ပစ္စည်းများမှာ သစ်သားဖြင့်လုပ်ထားသောကြောင့် အလေးချိန်က ပေါ့ပါးမနေလောက်၊ သယ်ဆောင်ရသည်မှာ အတော်ပင် ပင်ပန်းလောက်ပေသည်။

ထိုအစေခံက အထဲသို့ ပစ္စည်းသယ်သွားစဥ် သွမ့်ပိုင်ယွဲ့လည်း ခြံ၀င်းအတွင်း လွှားခနဲခုန်၀င်သွားပြီး ယိုယွင်းနေသာ အိမ်နံရံအပေါက်များမှတစ်ဆင့် ချောင်းကြည့်တော့ အိမ်ကြမ်းပြင်ပေါ်တွင် တကယ်ပင် လျှို့၀ှက်ဥမင်လိုဏ်ခေါင်းရှိနေပေသည်။ ပုံမှန်အချိန်များတွင် ဆွေးမြေ့နေသော သစ်တုံးများကို ထိုအပေါ်မှ ထပ်ထားသောကြောင့် မည်သူမဆို မြေအောက်ဥမင်ပေါက်ရှိမှန်း အမှုမဲ့အမှတ်မဲ့ သတိထားမိမည်မဟုတ်။

ထိုအစေခံ၏ အသွားအပြန်ကြာချိန်ကို သွမ့်ပိုင်ယွဲ့ တစ်ခေါက်မျှ သေချာစောင့်ကြည့်တွက်ချက်ပြီးနောက် နောက်မှလိုက်ပါချောင်းကြည့်ရန် တွေးတောကြံစည်နေလေပြီ။ ထိုဥမင်ထဲတွင် မည်သို့သော လျှို့၀ှက်ကိစ္စများ လုပ်ဆောင်နေသည်လဲဆိုသည်ကို လိုက်လံစုံစမ်ူရန်ပင်ဖြစ်သည်။

အိမ်ထဲတွင် နောက်ထပ် သေတ္တာကြီးသုံးခု ကျန်နေသေး၏။ အစေခံယောကျ်ားလည်း တစ်ချက်မျှ အသက်၀၀ရှူရှိုက်ပြီးအားယူလိုက်ကာ သေတ္တာကြီးတစ်ခုကို ပခုံးပေါ် ထမ်းပြီး သယ်သွားပြန်လေတော့ သွမ့်ပိုင်ယွဲ့လည်း သူ့နောက်မှ တိတ်တဆိတ်လိုက်သွားလေသည်။ လက်ဖက်ရည်ခွက်တစ်၀က်စာ ကုန်လောက်သည့်အချိန်လောက် ဆင်းသွားပြီးချိန်မှာတော့ ညီညာပြန့်ပြူးသောမြေပြင်တစ်နေရာကို ရောက်လေသည်။ မည်မျှထိနက်အောင် ဥမင်တူးထားမှန်း မမှန်းဆနိုင်သေး။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now