အခန်း - ၄၆ (ပညာရှိတစ်ဦး)

12.7K 2.5K 358
                                    

[ မင်း ငါ့အတွက် ကိစ္စတစ်ခုလောက် သွားလုပ်ပေးစမ်းပါ]

ယွဲ့လောင် ဖူးစာရေးနတ်ကွန်းကို သွားမည်ဆိုလျှင် ညနေစောင်းဘက် သွားမှရမည်။ ယခုလက်ရှိမှာတော့ မိုးမချုပ်သေး ၊ ညစာစားရန်လည်း အချိန်အများကြီး လိုနေသေးလေရာ သွမ့်ပိုင်ယွဲ့က ချူယွမ်အား မေးလာ၏။

"အိပ်လိုက်ဦးမလား၊ ဒီလိုခရီးရှည်မျိုး ထွက်လာရတော့ ပင်ပန်းမှာပေါ့"

"ဟင့်အင်း ၊ မပင်ပန်းပါဘူး။ မြင်းလှည်းထဲမှာ နေရတုန်းကတော့ မွန်းကျပ်တယ်။ အခု လေကောင်းလေသန့်လေး ပြန်ရှူရတော့ အဆင်ပြေနေပါပြီ...."

"ဒါဆို တစ်ခုခုစားချင်နေတာမျိုးရောရှိလား"

ချူယွမ် ရယ်မိသွားသည်။

"မင်းက ငါ့ကိုဆို အိပ်ရင်အိပ် ၊ မအိပ်ရင် တစ်ခုခုတော့ စားခိုင်းနေတာချည်းပဲ...."

"ကိုယ်က မင်းကိုဆို ချစ်လို့၊ သနားလို့ပါဆို..."

"မုန့်မစားချင်ဘူး၊ ရေတော့ဆာတယ်။ ခဏနေ ဇီးဖျော်ရည်ချိုချိုအေးအေးလေး လာပေးလိမ့်မယ်။ မင်းရော တခြား ဘာထပ်မှာချင်တာ ရှိလဲ၊ ဒါမှ ရှစ်ဇီကို ငါ သွားပြောပေးလို့ရမှာလေ။ ဒီမြို့မှာဆို ၀က်သားပေါက်စီကြော်က နာမည်ကြီးတယ်။ကြာဇံကြော်လည်း ကောင်းတယ်တဲ့။ မင်း မြည်းကြည့်ချင်သေးလား"

သွမ့်ပိုင်ယွဲ့က ချူယွမ်အား ပြုံးပြီးကြည့်နေ၏။

"ဘာကြည့်ပြီး ပြုံးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး။ မင်း စောနက ပြောနေတဲ့ပုံစံလေးကို သဘောကျလို့...."

ရှင်ဘုရင်တစ်ပါးနဲ့မတူဘဲ ၊ အမှုကိစ္စ ကြီးကြီးမားမားတွေ ပြောဆိုဆွေးနွေးနေတာမဟုတ်ဘဲနဲ့ ပွစိပွစိ ရေရွတ်ပြောဆိုနေတာမျိုး ။ စိတ်ဖိစီးတာတွေ မရှိဘဲ စိတ်ချမ်းသာသလို ကိုယ့်ပုံစံလေးနဲ့ကိုယ် နေနေတာမျိုး။ အဲ့လိုပုံစံလေးက မြင်ရတဲ့လူကိုပါ စိတ်ချမ်းသာစေတယ်လေ။

သို့နှင့် ခဏကြာတော့ ဇီးဖျော်ရည် ချိုချိုအေးအေးလေးကို ရှစ်ဇီက လျင်မြန်စွာပင် ဆက်သလာပေး၏။ ၎င်းနှင့်အတူ ၀က်သားပေါက်စီကြော်ပါ ပါလာ၏။ ချူယွမ်ကတော့ စားချင်စိတ်မရှိသဖြင့် သူ့ရှေ့၌ ပလုတ်ပလောင်း မုန့်ထိုင်စားနေသော သွမ့်ပိုင်ယွဲ့ကိုသာ ထိုင်ကြည့်နေသည်။ ခဏကြာတော့ မနေနိုင်တော့သဖြင့် ထမေးလာ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now