အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)

14.9K 2.3K 544
                                    

[လာခဲ့၊ ဖန်ရှင်းစစ်တုရင်ကွက်ကို ဘယ်လိုနိုင်အောင် ဆော့ရမလဲဆိုတာ မင်းကို သင်ပေးမယ်]

သို့နှင့် သွမ့်ပိုင်ယွဲ့နှင့်ချူယွမ်တို့နှစ်ယောက်သား အချင်းချင်းဖက်တွယ်လျက် အိပ်မောကျသွားသည်မှာ မွန်းလွဲချိန်ရောက်သည့်တိုင် မနှိုးထနိုင်သေးဟူ၏။

ရှစ်ဇီကုန်းကုန်းလည်း အပြင်ဘက်မှနေ၍ အခန်းထဲမှအသံကို အမြဲ နားစွင့်ထားသည်။ ဘာအသံမှ မကြားရသေးသောကြောင့် ဆေးဖက်၀င် စွပ်ပြုတ်ကိုလည်း ပြန်သိမ်းသွားခိုင်းလိုက်၏။ အရှင်မင်းမြတ်နိုးလာခါမှ ပြန်ယူလာရန် မှာကြားလိုက်လေသည်။

နောက်နာရီဝက်လောက်ကြာတော့ နွေလယ်ခေါင်ကြီးမှာ မိုးသည်းထန်စွာ ရွာချလာကာ မိုးခြိမ်းသံများဖြင့် မြည်ဟီးဆူညံလာ၏။ ထိုအခါမှ ချူယွမ် လန့်နိုးလာကာ စိတ်အစဉ်မှာ တုန်လှုပ်နေဆဲဖြစ်၏၊ ခဏနေတော့ သွမ့်ပိုင်ယွဲ့အား မော့ကြည့်လိုက်သည်။

ထိုသူကတော့ အိပ်ပျော်နေဆဲပင်။

ရှည်လျားခြင်းရှိမနေသော မျက်တောင်များ၊ ဖြောင့်စင်းသော ထိုနှာတံ ၊ ပါးလှပ်သော နှုတ်ခမ်းလွှာ၊ မေးထက်က အမာရွတ်သေးသေးလေးတစ်ခု။ သတိမမူမိလျှင် မတွေ့နိုင်လောက်သော ထိုအမာရွတ်သေးသေးလေး။ ၎င်းမှာ သူတို့နှစ်ယောက်ငယ်ရွယ်စဉ်အခါတုန်းက သိုင်းလေ့ကျင့်ကြရင်း ထိခိုက်မိစေခဲ့သော ဒဏ်ရာကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်နေသည့်တိုင် ထိုအမာရွတ်လေးမှာ လုံး၀ ပျောက်လွင့်မသွားသေး။

အတန်ကြာပြီးနောက် ချူယွမ်လည်း လက်ကို အသာမလိုက်ကာ သွမ့်ပိုင်ယွဲ့၏ လက်ကောက်၀တ်မှ သွေးကြောကို သေချာစမ်းသပ်ကြည့်လိုက်သည်။ မည်သည့် မူမမှန်ခြင်းမျိုးမရှိ၊ သိဒ္ဓိစွမ်းအင်လည်း ပကတိအတိုင်း ပုံမှန်စီးဆင်းနေသည်။

"စိတ်ချသွားပြီဟုတ်"

ရုတ်တရက်ကြီး ထမေးလာသော သွမ့်ပိုင်ယွဲ့အသံကြောင့် ချူယွမ်တစ်ကိုယ်လုံး တောင့်ခဲသွားရှာ၏။ သွမ့်ပိုင်ယွဲ့ကတော့ ရင်ခွင်ထဲက ချူယွမ်အား ကြည့်နေရင်း -

"ကိုယ်ပြောပြီးသားပဲလေ၊ ရွှေချည်ပိုးကောင် မနိုးမချင်း ကိုယ် ဘာမှမဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ဘာအဖြစ်ဆိုးမှ လုံးဝအဖြစ်မခံနိုင်ဘူး"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now