အခန်း - ၁၂

19.7K 3.3K 945
                                    


[ထိမ်းမြားကြရမှ ပိုကောင်းမှာပေါ့]

လွန်ခဲ့သော ဆယ်နှစ်ကျော်တုန်းက ရှီးနန်နယ်ရှိ မျိုကျင်းဒေသတွင် ညဥ့်အချိန်မတော် ကလေးသူငယ်များ ဂျီကျငိုကြွေးလျှင် မိဘများက "နန်မော်ယဲ့လာနေပြီနော်" ဟူသောစကားတစ်ခွန်းတည်းဖြင့် ကလေးအငိုတိတ်အောင် ခြိမ်းခြောက်လေ့ရှိတတ်ကြ၏။မည်မျှပင် ဆိုးသွမ်းနေသော ကလေးဖြစ်ပါစေ ထိုစကားတစ်ခွန်းနှင့် အငိုတိတ်ကြသည်။ ​ယမမင်းကြီးလာနေပြီ၊ မြေခွေးကြီးလာနေပြီဟူသော စကားတို့ထက် ပို၍အသုံး၀င်ခဲ့သည်တဲ့။

ကြောက်လည်း ကြောက်သင့်ကြပေသည်။ အကြောင်းမှာ နန်မော်ယဲ့ဆိုသောလူမှာ သိုင်းပညာရပ်ကို တစ်ဖက်ကမ်းခတ် ပြိုင်စံရှားကျွမ်းကျင်တတ်မြောက်သော်လည်း နေရာအတည်တကျ နေထိုင်ခြင်းမရှိ ၊ ဘယ်ရောက်လို့ ဘယ်ပျောက်မှန်း မည်သူမျှ ဖမ်းမမိနိုင်သော လူစားထဲကဖြစ်သည့်အပြင် ကူအဆိပ်မွေးသည့်ပညာရပ်၌ ထူးချွန်သေးသည်။သို့သော် သူ၏နည်းလမ်းမှာ ရက်စက်ပြင်းထန်လွန်းသဖြင့် သူ၏လက်တည့်စမ်းမှုကို ရွာသားများ အလူးအလိမ့်ခံကြရသည်။
သည်းမခံနိုင်တော့သည့်အဆုံး ရွာသူရွာသားများလည်း ထိုခေတ်က ရှီးနန်ဘုရင်ဖြစ်သူ
သွမ့်ကျင့်အား တိုင်ကြားကာ နန်မော်ယဲ့ကို လာရောက်နှိမ်နင်းရန် တောင်းဆိုခဲ့ကြသည်။

သွမ့်ကျင့်လည်း ထိုအကြောင်းကိုသိသိချင်း မိမိတပ်သားများအားဦးဆောင်၍ နန်မော်ယဲ့နေထိုင်ရာ တောနက်ထဲ သွားရောက်နှိမ်နင်းခဲ့လေရာ ထောင်ချောက်အသွယ်သွယ်များဆင်ထားသည်ပင်လျှင် သုံးလကြာ အချိန်ယူပြီးမှ အရှင်လတ်လတ်ဖမ်းမိလေသည်။ ရွာသားများက ထိုမိစ္ဆာကောင်တော့ မီးရှို့သတ်ခံရလောက်သည်ဟု ထင်ကြေးပေးကြသော်လည်း ထင်သည့်အတိုင်း ဖြစ်မလာခဲ့။ ရှီးနန်စံအိမ်တော်ရှိ အချုပ်ခန်းထဲ အထည့်ခံရပြီးမကြာမီပင် ကိုယ်ပိုင်အခန်းတစ်ခုပါ သီးသန့်နေစေကာ သွမ့်ပိုင်ယွဲ့နှင့်သွမ့်ယောင်တို့အား ပညာသင်ကြားပေးစေခဲ့သည်ဟုဆို၏။

ရွာသူရွာသားများလည်း ထိုအကြောင်းကို ကောင်းစွာ နားမလည်ကြသော်လည်း ရှီးနန်၀မ်ကြီးသာ ထိုလူကို စံအိမ်တော်ထဲမှ ထွက်ခွင့်မပြုဘဲ နေခိုင်းလျှင် ၊ မိမိတို့အား အနှောင့်အယှက် လာမပေးသရွေ့ ပြီးရောဟုသာ အမှုမဲ့အမှတ်မဲ့ သဘောထားခဲ့ကြလေသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now