အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)

17.1K 2.9K 291
                                    

[ပြောဆိုညှိနှိုင်းရာမှာကျွမ်းကျင်ပုံကတော့ ဧကရာဇ်အရှင်ကတောင် သဘောကျနှစ်ခြိုက်ရလေရဲ့]

မြို့တော်မှ ကျန်းနန်သို့ လာရာလမ်းတွင်လည်း ချူယွမ်ထံ စိတ်ရှုပ်ထွေးစရာကိစ္စများ ပြည့်နှက်လို့နေသည်။ အပြန်လမ်းတွင်လည်း စိတ်ရှုပ်စရာပြဿနာများကတော့ ကျန်ရှိနေဆဲပင်။သို့ပေမင့် ကွာခြားသည့်အချက်တစ်ခုတော့ရှိပေသည်။

လာရာလမ်းတွင် စိတ်ရှုပ်ရခြင်းအကြောင်းရင်းမှာ လမ်းခရီးတစ်လျှောက် ဘေးအန္တရာယ် အချိန်မရွေးကျရောက်လာမည်ကို သတိထားနေရခြင်းနှင့် လျိုမျိုးရိုး၏ လှုပ်ရှားမှုများကို မှန်းဆတွက်ချက်နေရခြင်းဖြစ်ကာ ၊ အပြန်လမ်းတွင် စိတ်ရှုပ်နေရသည့်အကြောင်းကတော့ ညီလာခံသဘင်၌ ရာထူးများ ပြန်လည်ခန့်ခွဲရမည့်အရေးနှင့် ရှီးပေအရေးအခင်းကိစ္စတို့ဖြစ်သည်။

ပြီးတော့ ...... သွမ့်ပိုင်ယွဲ့ကိစ္စ။

လက်ဖဝါးထက်က ဖန်ရှင်းပုလဲလုံးမှာ
အေးစက်နေမြဲပင်။ နွေးလာအောင် ဘယ်လိုပင် ကိုင်ထားသော်လည်း ယခုမှလောလောလတ်လတ် ရေခဲပြင်ထဲမှ ဆွဲထုတ်လာသည်နှင့် မခြား။

ချူယွမ်မှာ ပြတင်းပေါက်မှ အပြင်ဘက်သို့ ငေးမောကြည့်နေလေသည်။ တစ်စုံတစ်ခုကို သတိရမိသည့်ဟန် တစ်ချက် ပြုံးတော်မူလိုက်သေး၏။

"အရှင် -"

ရှစ်ဇီက သစ်သီးပန်းကန်ကို ယူဆောင်ဆက်သရန်အပြု ချူယွမ်၏ တစ်စုံတစ်ခုကို နက်ရှိုင်းစွာ တွေးတောနေဟန်ကြောင့် စကားစပြတ်သွားကာ အသာပင် ဂါရ၀ပြုပြီးနောက် ပြန်ထွက်သွားမည်လုပ်၏။

"ပြန်လာခဲ့.....ကိုယ်တော် မေးစရာရှိတယ်"

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

ရှစ်ဇီက တံခါးပြန်ပိတ်လိုက်ကာ ချူယွမ်ဘေးနားသို့ အခစားပြန်၀င်လာ၏။

ချူယွမ်လည်း သစ်သီးခြောက်များထဲမှ
တစ်ခုကို အသာကောက်ယူကြည့်ပြီး

"ဇီးသီးလား"

"မှန်လှပါ။ ပျားရည်နဲ့ပါ သေချာစိမ်ထားခဲ့တာပါဘုရား။ အရမ်းချိုလို့ အရှင်မင်းမြတ် မနှစ်ခြိုက်လောက်ပေမယ့် တိုင်းသူပြည်သားတွေက စေတနာနဲ့ဆက်သခဲ့တဲ့လက်ဆောင်မို့ အရသာအသစ်လေးကို နည်းနည်းတော့ သုံးဆောင်ကြည့်တော်မူပါလား ဘုရား"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now