အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)

11.6K 2.1K 275
                                    

[အလွန်ဆုံးရှိ ရှီးနန်ပြန်ရရုံပေါ့]

ရွှေချည်ပိုးကောင် ထကြွလာတိုင်း ခံစားရသည့်ဝေဒနာမှာ အတော်ပင်ခံရခက်လွန်းသည်။ သို့ပေမင့် တစ်ချက်ထနာလိုက်၊ တစ်ချက်ပြန်ပြီးသက်သာလိုက်နှင့် ဆက်တိုက် ဝေဒနာမခံစားရသည်ကိုပင် ကံကောင်းထောက်မသည်ဟု ကြံဖန်ကျေးဇူးတင်ရပေမည်။ အနည်းဆုံးတော့ ဝေဒနာပါးသော ကြားချိန်များ၌ နား၍ရကာ အသက်သေချာရှူသွင်းပြီး အားမွေးနိုင်ပေသည်။

ခံရခက်လှစွာသော ဝေဒနာလှိုင်းတစ်ဖျတ်ရိုက်ခတ်ဆုတ်ခွာပြီးချိန်မှာတော့ အပြင်ဘက်တွင် မိုးပင်ချုပ်နေပြီဖြစ်၏၊ ချူယွမ်က သွမ့်ပိုင်ယွဲ့အတွက် ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်ကာ သူသောက်နေသည်အထိပါ သေချာလိုက်ကြည့်နေသည်။အပြင်ဘက်က ပြည့်ရွှမ်းဝိုင်းစက်နေသော သော်တာလဝန်း၏အသွင်ကို လှမ်းမြင်ရတော့ သွမ့်ပိုင်ယွဲ့က လှမ်း၍ စနောက်လိုက်သေးသည်။

"ဒီလောက်လှတဲ့ရှုခင်းကို ခံစားဖို့ အချိန်တောင်မပေးနိုင်တော့ဘူး ၊ နှမြောစရာကောင်းလိုက်လေခြင်း...."

"ဒီသုံးရက်လုံး ပေါ်လာသမျှဝေဒနာတွေကို ဒီလိုပဲ အံကြိတ်သည်းခံသွားမှာလား"

သွမ့်ပိုင်ယွဲ့က ချူယွမ်အား ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ထားလိုက်သည်၊ အတန်ကြာခါမှ -

"ဒီလိုမလုပ်တော့ ကိုယ် ဘယ်လိုလုပ်ရမှာတဲ့တုန်း ၊ မင်းကိုသုံးပြီး အဆိပ်ဖြေပစ်တာမျိုး ကိုယ်မလုပ်ရက်ပေါင်....."

"......"

"ဒီလိုအချိန်မျိုးမှာ ဟေဟွမ်ပိုးအဆိပ်ကိုသုံးလိုက်လို့ သတိတွေလစ်ဟင်းသွားရင်၊ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ရင် မင်း ဘယ်လိုဖြစ်သွားမလဲ။ ဒီတိုင်းပဲ ကျိတ်မှိတ်ခံလိုက်တာကမှ အဆင်ပြေသေးတယ်"

သွမ့်ပိုင်ယွဲ့က သူ့အနား ခပ်တိုးတိုး​စနောက်လာတော့ ချူယွမ်က ချက်ချင်း ရိုက်ပစ်လိုက်သည်။ သွမ့်ပိုင်ယွဲ့မျက်၀န်းများထဲမှာတော့ ပြုံးယောင်သမ်းလို့။

ချူယွမ်က မေးလာ၏။

"ခဏလောက်အိပ်လိုက်ပါဦးလား၊ မင်း ဒီလိုမျိုး ဝေဒနာမခံစားရတဲ့အချိန်ဆိုတာ ရှာမှရှားနဲ့ "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now