အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)

11.9K 2.2K 446
                                    

[လင်လုံခွက်ကို ရရန် လှည့်ဖျားသွေးဆောင်ခြင်း]

"ကုန်းကုန်း ....ဘာလို့ အကျယ်ကြီးအော်နေတာတုန်းဗျ"

ယဲ့ကျင်က ပူပူနွေးနွေးကျက်ခါစ ပေါက်စီများ ထည့်ထားသည့် ခြင်းတောင်းကြီးတစ်လုံးကို ကိုင်ဆွဲလာရင်း အခန်းအပြင်တွင်ရပ်ကာ ရှစ်ဇီကို လှမ်းမေးလိုက်သည်။

"အဟမ်း၊ အဟမ်း။ ရှောင်ဝမ်ရယ် ...အခု.... အရှင်မင်းမြတ်ဆီ မုန့်လာပို့တာလားခင်ဗျာ"

"အင်း၊ ကျွန်တော်ကိုယ်တိုင် လုပ်ထားတာလေ။ ဟင်းရွက်အချဥ်တွေပါ ထည့်သိပ်ပေးထားတယ်၊ အစားအသောက်မြိန်ပြီး အစာပြန်စားချင်လာအောင်လို့"

ယဲ့ကျင်က တံခါးဖွင့်ပြီးဝင်သွားလိုက်သည်။ အခန်းထဲရောက်သွားတော့ သလွန်ထက်ဝယ်ထိုင်ကာ စာအုပ်ဖတ်နေသော ချူယွမ်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ဒေါသအလိပ်လိုက်ထွက်သွားသည်။

အခေါက်ခေါက်အခါခါ မှာထားတာ ရှစ်ခေါက်ကိုးခေါက်လောက် ရှိနေပြီ။

အနားကောင်းကောင်းယူပါဆိုနေ။

ပြောစကားတွေကိုဘာလို့ နားမထောင်ကြတာလဲလို့။

သမားတော်တစ်ယောက် မှာတမ်းခြွေတဲ့အမှာစကားဆိုတာ ဘာမှန်းရော နားလည်ရဲ့လား။ နတ်ဆေးဆရာတစ်ယောက်ရဲ့အမှာစကားဆိုတာ ဘာမှန်း နားရောလည်ရဲ့လား။

"ရှောင်ကျင်"

ယဲ့ကျင်က သလွန်တော်နား ဝင်ထိုင်လိုက်ကာ ချူယွမ်၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်၏။

"အင်း၊ မနေ့ကထက်တော့အတော်ကောင်းလာပြီပဲ။ ဒါပေမယ့် များများ အနားယူဖို့လိုသေးတယ်"

"ဟုတ်ပါပြီ"

"ရော့၊ ဒါလေး စားပါဦး"

ယဲ့ကျင်က အစ်ကိုဖြစ်သူအား ပေါက်စီတစ်လုံး လှမ်းပေးလိုက်သည်။

ချူယွမ်က တည်ငြိမ်လှသောအသွင်ကို ဆက်ထိန်းထားရင်း အပေါ်ဘက်ထုပ်တန်းဘက် လှစ်ခနဲ ​ကြည့်လိုက်သည်။

ရှီးနန်ဝမ်ကြီးမှာ ထုပ်တန်းပေါ် ခြေဆင်းထိုင်ကာ ပါးနှစ်ဖက်ကိုလည်း လက်ဖြင့်အုပ်ထားလို့။ အင်မတန်ကိုမှ စိတ်အားငယ်နေသည့် ရုပ်လေးပင်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now