အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)

12.4K 2.3K 256
                                    

[ရှီးနန်၀မ် ဒီကိုလာမယ်တဲ့]

တော်၀င်စာကြည့်ဆောင်ထဲ ထိုကိစ္စကို နှစ်နာရီမျှကြာအောင် တိုင်ပင်ဆွေးနွေးနေကြရာ ယခုဆိုလျှင် နေ၀င်ပြီး မှောင်ရီပျိုးစပင်ပြုလာပေ၏။ ဧကရာဇ်အရှင်၏ အလိုတော်ကို ကောင်းစွာ နားလည်သော ရှစ်ဇီကုန်းကုန်းကတော့ ဆွေးနွေးတိုင်ပင်နေစဥ် မည်သည့်စားတော်အုပ်ကိုမှ ကြား၀င်ဆက်သခြင်းမပြုစေဘဲ အဆောင်တော်ရှေ့၌သာရပ်နေရင်း အတွင်းထဲကအသံကိုသာ အသာနားစွင့်နေလေသည် ။

"အရှင်မင်းမြတ်"

ထောင်လျဲန်တာမှ လျှောက်တင်လာခြင်းဖြစ်သည်။

"လုံခြုံရေးအတွက် စစ်သည်အင်အားသုံးထောင်ကို ဆင့်ခေါ်အသုံးပြုထားတာကလည်း ခေတ္တခဏပဲ လုံခြုံမှုပေးနိုင်မှာဖြစ်ပြီးရေရှည်အတွက် ​ထွက်ပေါက်မဟုတ်တာ အမှန်ပါဘုရား။ ဒါကြောင့် နောက်ကွယ်က ကြိုးကိုင်တဲ့လူကို မရရအောင်ရှာဖွေဖော်ထုတ်ရပါမယ်။ ဒါမှ ရှေ့ဆက်ဖြစ်လာမယ့် ဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ပြီးသားဖြစ်မှာပါ"

"တခြားအမတ်မင်းတွေကရော ဘယ်လိုအကြံအစည်မျိုး ရှိကြသလဲ"

ဧကရာဇ်ချူ အမေးတော်ရှိလာတော့ ဒုတပ်မှူး ကျန်းဟွိုင်က ဖြေလာ၏။

"အဲ့ဒီစေတီကို ကျွန်တော်မျိုးတို့ရဲ့တပ်ဖွဲ့ကနေ သွားရောက်စုံစမ်းပြီးကြောင်းပါ၊ တကယ်လည်း လူရှိတဲ့ ခြေရာလက်ရာတွေ တွေ့ပါတယ်။ ဒါပေမယ့် သူ ပုန်းခိုလို့ရလောက်တဲ့ လျှို့ဝှက်အခန်းတို့ ယန္တရားခလုတ်တို့ကို ရှာကြည့်ပေမယ့် မတွေ့ခဲ့ကြောင်းပါ အရှင်။ ဒီမြို့မှာဖြစ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုရဲ့တရားခံက လူပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်နေနေ၊ ဒီလိုအခြေအနေမျိုးမှာတော့ မြို့ပြင်ကို လွယ်လွယ်ကူကူ ထွက်ပြေးသွားလို့ရမှာ မဟုတ်ပါဘူး၊ မြို့တံခါးဘက်တွေမှာလည်း အင်အား ထပ်ပြီးတိုးမြှင့်ထားပါသေးတယ်။ ယွင်တာမြို့က သေးငယ်တဲ့မြို့တစ်မြို့မဟုတ်ပြန်တော့ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်မေးပြီးစစ်ကြည့်မယ်ဆိုရင်လည်း တစ်လလောက်တောင် အချိန်ယူရမှာပါ"

"အဲ့လောက်တောင်ကြာမှာတဲ့လား။ အင်း၊ ဒီမြို့မှာ ဖြတ်လမ်းတွေအများကြီးရှိမှန်း တပ်မှူးကျန်းလည်း သိပြီးသားဖြစ်မှာပါ။ မြို့အနောက်ဘက်မှာလည်း တောင်ကြီးတစ်လုံးရှိသေးတယ် ၊ အဲ့မှာဆိုရင်တော့ လူတစ်ယောက်ကိုတောင်မပြောနဲ့၊ အယောက်ကိုးဆယ်လောက်ကိုဆိုရင်တောင် အေးဆေးဖွက်ထားနိုင်တယ်။ သူကိုယ်တိုင် ကိုယ်ထင်ပြမလာရုံနဲ့တင် လိုက်ရှာနေတဲ့ အာဏာပိုင်တွေကို အတော် ခေါင်းစားအောင် လုပ်နိုင်ပြီပဲ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now