အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)

19.5K 3.2K 452
                                    

[ လူတိုင်းမှာ ဝှက်ဖဲကိုယ်စီနှင့် ]

အတန်ကြာပြီးနောက် သွမ့်ပိုင်ယွဲ့ထံမှအေးစက်စက်လေသံဖြင့် "ထွက်သွားတော့!!!"ဟု နှင်ထုတ်လိုက်လေသည်။

ဘယ်ကိုထွက်သွားရမှာလဲ?

သွမ့်ယောင်မှာ စောနကိစ္စကို အံ့အားသင့်၍မဆုံး ၊ ယခုထက်ထိ ဝေခွဲမရဖြစ်နေဆဲ။

၀မ်းသာပီတိဖြာလွန်းပြီး တလက်လက် ရွှန်းလဲ့တောက်ပနေသော ညီဖြစ်သူ၏မျက်၀န်းများကို သွမ့်ပိုင်ယွဲ့ မခံရပ်တော့သည်အဆုံး သူကိုယ်တိုင်ပင် အရင် ထွက်သွာတော့သည်။
သို့သော် သွမ့်ယောင်က သူ့သဘောအတိုင်းထွက်သွားခွင့်မပြု ၊ နောက်ဘက်မှ အတင်းဆွဲလိုက်သဖြင့် သွမ့်ပိုင်ယွဲ့တစ်ယောက် ပို၍ အနေခက်လာသည်။ သူ့နဖူးပြင်ပေါ်ရှိ သွေးကြောများပင် ထင်းလို့။

"ဘယ်သူလဲ? "

သွမ့်ယောင် လက်မလျှော့နိုင်ပါ။

သွမ့်ပိုင်ယွဲ့လည်း ခေါင်းပို၍ကိုက်လာသည်။
အဘယ်ကြောင့် သတိလွတ်၍ လွှတ်ခနဲ ပြောမိမှန်း မိမိကိုယ်တိုင်လည်း မသိတော့။အင်မတန်မှ ရူးမိုက်လိုက်လေခြင်း။

"ဘာလို့များ နောင်တော်က နန်းတော်ထဲဖြစ်ပျက်သမျှကိစ္စတွေကို မျက်​ခြည်မပြတ်စုံစမ်းခိုင်းနေတာလဲလို့ ကျွန်တော် အမြဲ သိချင်နေခဲ့တာ"

ယနေ့တော့ သွမ့်ယောင် နားလည်သွား
လေပြီ။

ငယ်စဥ်ကဆိုလျှင် မိမိ၏နောင်တော်မှာ ဧကရာဇ်ဖြစ်ချင်သောကြောင့်ဟုသာ ထင်မြင်ယူဆဖူးသည်။ ယခု အရွယ်ရောက်လာတော့ အခြားအကြောင်းအရာတစ်ခုခု ရှိနေဦးမည်ဟု ရိပ်မိတတ်လာ၏။

အတန်ငယ်တွေးကြည့်ပြီးနောက် သွမ့်ယောင်က ဆက်ပြောလာသည်။

"နောင်တော်ရဲ့အကျင့်နဲ့ဆို ဘယ်သူ့ကိုရည်ရွယ်တာပဲဖြစ်ဖြစ် အရယူလို့ရနေတာပဲမဟုတ်လား ။အဲ့ဒီလူ နန်းတော်ထဲမှာနေတာမကလို့ ဘယ်မှာပဲနေနေ နောင်တော်က ဒီလောက်အခက်အခဲကို အရေးစိုက်နေမယ့်လူမှမဟုတ်ဘဲ ။ ဘာလို့ ဒီကိစ္စကျမှ သည်းခံချုပ်ထိန်းနေရတာလဲ? "

သွမ့်ပိုင်ယွဲ့ ထံမှ မည်သည့်စကားမျှ ထွက်မလာ။ ရှင်းပြလိုစိတ် အလျဥ်းပင် ရှိမနေ။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now