အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)

14.1K 2.3K 264
                                    

Unicode version :

[ရှေးဟောင်း မိစ္ဆာစစ်တုရင်ကွက်]

ဧကရာဇ်နှင့်အခြွေအရံအပေါင်းအပါတို့ နန်းတော်သို့ပြန်ရောက်လာချိန်မှာတော့ ဥတုစက်၀န်းသည်လည်း နွေဂိမှာန်သို့ပင် ကူးပြောင်းကာ ပတ်၀န်းကျင်တစ်ခွင် အပူရှိန်ပြင်းလို့နေပေပြီ။

သွမ့်ပိုင်ယွဲ့လည်း ဘုရင့်နန်းတော်အနီးရှိ  တည်းခိုဆောင်တစ်ခု၌ နားနေကာ ထိုတည်းခိုဆောင်မှမျှော်ကြည့်လျှင် နန်းတော်ထဲရှိ ကျင်းလွမ်တျဲန့်နန်းဆောင်ကို မြင်တွေ့နိုင်လေသည်။

တော်၀င်စာကြည့်ဆောင်တွင် အစီရင်ခံစာများ ထပ်ထားသည်မှာ လူတစ်ရပ်စာမျှအမြင့်ပင် ရှိနေချေပြီ။ ပုရောဟိတ်အမတ်မင်းကိုယ်တိုင် နန်းတွင်းရေးရာကို ခေတ္တခဏ ဧကရာဇ်ကိုယ်စား စီမံခန့်ခွဲပေးနေသည်ဟုဆိုသော်လည်း အချို့ကိစ္စရပ်များကမူ ဧကရာဇ်ကိုယ်တော်တိုင် အဆုံးအဖြတ်ပေးမှရမည်ဖြစ်သောကြောင့် ကျန်ရစ်နေခဲ့ခြင်းဖြစ်သည် ။ ချူယွမ်ကိုယ်တိုင်ကလည်း လုံ့လ၀ီရိယကောင်းနေ၍သာ တော်သေး၏။ ပြန်ရောက်လာသည်နှင့် တစ်ရက်တစ်လေမှ အနားယူတော်မမူဘဲ ဖြေရှင်းရန်ကျန်နေသော စာရွက်စာတမ်းများကို အမျိုးအစားတူရာစုပြီး စီမံခန့်ခွဲနေလေရာ နေ့စဥ်နေ့တိုင်းလိုလိုပင် ညဥ့်နက်တော့မှ စက်တော်ခေါ်ရလေသည်။

ပုရောဟိတ်ကြီး ထောင်လျဲန်တာမှာ ထိုအခြင်းအရာကိုမြင်တော့ စိုးရိမ်မှုများ အတော်ပင် လွင့်ပါးသွား၏။ ဧကရာဇ်အရှင်မှာ အစစအရာရာ ​ကောင်းမွန်ပြည့်စုံလှပေသည်။ နန်းတော်အပြင်ဘက် မကြာခဏ အကြာကြီး လျှောက်လျှောက်သွားနေတတ်သည်မှ လွဲလျှင်ပေါ့။

အရင်အခေါက်များတုန်းက နားလည်လက်ခံပေး၍ရနိုင်သော်လည်း ယခု တာ့ယဲန့်မြို့အမှုကိစ္စမှာတော့ လုံး၀ကို အကြောင်းပြချက် ရေရေရာရာမရှိဘဲ နန်းတော်မှထွက်သွားခြင်းဖြစ်ပေသည်။ ဆူကျူးချိုး၏ လျှို့၀ှက်ဘဏ္ဍာတိုက်အကြောင်းကို ကြားသိရပြီးဖြစ်သော်လည်း ဤကိစ္စမျိုးကို ဘုရင့်ကိုယ်စားလှယ် လွှတ်ပြီး စုံစမ်းစေ၍လည်း ရသည်လေ၊ ကိုယ်တော်တိုင် သွားရောက်စရာ လုံး၀မလိုအပ်ခဲ့။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now