အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)

10.1K 2.1K 191
                                    

အရက်တစ်အိုးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဝက်ကုန်သွား၏။

ဝမ်းဗိုက်ထဲတွင် မီးမြိုက်နေသလို ပူပြင်းစွာလောင်ကျွမ်းနေသည်၊ သို့သော် ချူယွမ်က တစ်ခွက်ပြီးတစ်ခွက်ငှဲ့ကာ အံကြိတ်ရင်းဆက်သောက်နေ၏။ ထို့နောက် ဒယိမ်းဒယိုင်ရှေ့သို့ ဆက်လျှောက်သွားလေရာ ဝရံတာလက်ရန်းပေါ်ပင် လက်ထောက်ပြီး မနည်းမတ်တတ်ရပ်နေရသည်။ သို့သော် မျက်နှာကတော့ ရှေ့သို့သာ မျှော်ကြည့်နေလျက်။

သွမ့်ပိုင်ယွဲ့ခမျာ လူယုံတော်တစ်ယောက်ကို အမြန်လက်ယပ်ခေါ်လိုက်ပြီး ခပ်တိုးတိုး အမိန့်ပါးလိုက်ရ၏။

ချူယွမ်ရှေ့က အမြင်အာရုံမှာ ဝေဝါးနေပြီဖြစ်ကာ မိမိခြောက်နှစ်သားအရွယ်တုန်းက အကြောင်းအရာများကို ပြန်ပြောင်းအောက်မေ့နေမိသည်။ မိမိတို့နှစ်ယောက် စတင်တွေ့ဆုံခဲ့သော ထိုနေ့စွဲများကို ပြန်မြင်ယောင်မိသည်။

******

ထိုစဥ်က ရှီးနန်ဘုရင်ကြီးမှာ သားဖြစ်သူ ရှီးနန်၏အိမ်ရှေ့မင်းသားငယ်လေးကိုပါ ခေါ်ဆောင်ကာ ရွှေမြို့တော်သို့ ကြွရောက်လာ၏။ သူတို့ရောက်လာပြီး ဒုတိယမြောက်နေ့တွင် ခမည်းတော်ဧကရာဇ်က စားသောက်ဧည့်ခံပွဲကြီး တည်ခင်းကျင်းပပေးသေးသည်။ ဤဖြစ်ရပ်မျိုးက သိပ်ပြီးအဆန်းတကြယ်မဟုတ်လေတော့ ချူယွမ်လည်း အထူးတလည် စိတ်ဝင်စားခြင်းမရှိခဲ့။ မနက်ပိုင်းဆိုလျှင် ခါတိုင်းရက်များလို သိုင်းပညာလေ့ကျင့်သင်ယူခဲ့သည်၊ ထို့နောက် ပုရောဟိတ်အမတ်မင်းနှင့်အတူ စာပေရေးရာ လေ့လာခဲ့သည်။ ရှစ်ဇီက အပြင်မှနေကာသတိပေးတော့ခါမှ အပြင်တွင် မိုးချုပ်နေပြီဖြစ်မှန်း ချူယွမ်သိတော့၏။

ရှစ်ဇီကုန်းကုန်းက ထောင်လျဲန်တာကို လိုက်ပို့ပေးပြီးနောက် ၊ ပြန်ရောက်လာတော့ အခြားမိန်းမစိုးတစ်ဦးကိုခေါ်လိုက်ကာ မင်းသားငယ်လေးအတွက် ညနေစာပွဲတော်အုပ်ကို လာရောက်ဆက်သစေ၏။ သို့သော် မင်းသားငယ်ကို ရှာမတွေ့ကြတော့၊ သို့နှင့် အခြွေအရံအားလုံးမှာ အတော်ပင် ထိတ်ပြာသွားကြကုန်သည်။

******

ဥယျာဥ်တော်တွင်းဝယ်။

ချူယွမ်မှာ ​ဦးတည်ချက် ရေရေရာရာမရှိဘဲ နေ့ခင်းတုန်းကအကြောင်းကိစ္စကို တွေးတောရင်း ခြေဦးတည့်ရာ လမ်းလျှောက်နေ၏။ သတိပြန်ဝင်လာတော့ တောအုပ်အစပ်နားပင် ရောက်နေပြီဖြစ်ကာ ဘေးပတ်ဝန်းမှာလည်း မှောင်အတိကျနေပြီဖြစ်သည်။ ရံရွှေတော်များရော မိန်းမစိုးများပါ လိုက်ပါမလာသည့်အပြင် အလင်းရောင်ပေးစွမ်းနိုင်သည့် မီးအိမ်ပင်ပါမလာခဲ့။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now