အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)

14.1K 2.3K 257
                                    

[ ပြဿနာတွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်လာနေတယ်]

ချူယွမ်တစ်ယောက် ခြေလက်များပင် သိပ်မလှုပ်ရှားနိုင်တော့သည်မို့ အားလုံး အတူတူ ထမင်းလက်ဆုံစားမည့် အစီအစဥ်ကတော့ ဖြစ်မြောက်မလာနိုင်ခဲ့တော့။ သကြားမုန့်ချိုနှစ်ခုကို စားပြီးနောက်တွင်တော့ သွမ့်ပိုင်ယွဲ့အား ချူယွမ်မေးကြည့်လာ၏။

"လူကြီးမင်းနန်နဲ့ ယောင်အာရော"

"​သြော်၊ ဟိုနှစ်ယောက်လား။ ဟိုးမနက်အစောကြီးကတည်းက အပြင်ထွက်လည်နေပြီ။ အရင်တုန်းကလည်း ဒီမြို့ကို ရောက်စမရှိဖူးတော့ သဘောတွေ့နေတာနေမယ်။ တကယ်လို့ အရမ်းသဘောကျသွားရင် ဒီညနေ ပြန်လာမလားဆိုတာတောင် အာမမခံနိုင်ဘူး"

ချူယွမ် သဘောကျစွာ ရယ်မောလိုက်လေသည်။

"ယာယီနန်းဆောင်ဆောက်ဖို့ဆိုတော့ စပြီးနေရာရွေးကတည်းက ဘယ်သူကမှ သာမန်ကာလျှံကာနေရာမျိုးတော့ မရွေးဘူးလေ။ ဒီ ယွင်တာမြို့က ရွှေမြို့တော်လောက် ဖွံ့ဖြိုးစည်ပင်တာမဟုတ်ပေမယ့် တခြားမြို့တွေနဲ့တော့ အသာလေး ယှဥ်နိုင်တယ်။တောင်စဥ်တောင်တန်းတွေရှိတယ်၊ မြစ်ချောင်းအင်းအိုင်တွေ ရှိတယ်၊ ခုနစ်လပိုင်း ရှစ်လပိုင်းလို နွေရာသီမျိုးမှာတောင် မိုးကောင်းနေတတ်တယ်၊ ပန်းမာလာတွေ စုံစုံလင်လင် ပွင့်ဖူးနေတတ်တယ်။ ပြီးတော့ ဒီအချိန်က မြို့ရဲ့အလှဆုံးအချိန်ပဲလေ"

"ဒါဆိုလည်း မြန်မြန်သက်သာတော့လေကွာ"

သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်များကို လှမ်းယူဆုပ်ကိုင်ထားလိုက်ကာ-

"သက်သာပြီးတာနဲ့ တောတောင်ရေမြေအလှ တွေ အတူတူသွားကြည့်ကြရအောင်နော်"

"အင်း"

ချူယွမ် ချက်ချင်း ခေါင်းညိတ်လက်ခံလိုက်၏။

သွမ့်ပိုင်ယွဲ့လည်း ချူယွမ်၏၀တ်ရုံကို သေသပ်အောင် ညှိပေးရန် လက်လှမ်းလိုက်ရုံသာရှိသေး၊ အပြင်ဘက်မှ ပုရောဟိတ်အမတ်ကြီး လာရောက်အခစား၀င်ရန် တောင်းဆိုနေကြောင်း ရှစ်ဇီမှ အကြောင်းကြားလာ၏။

"အဲ့မှာတင် သွားပြီ။ မင်းပြောသလိုပဲ....ဒီဘိုးတော်ကတော့ စောစောစီးစီးကြီးကိုရောက်ချလာတာပါပဲ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now