အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)

11.6K 2.4K 312
                                    

[ ဘာလို့ မေဟွားပင်ကြီး မရှိတော့တာလဲ ]

သွမ့်ပိုင်ယွဲ့ ကြိုတင်မှန်းဆထားသည့်အတိုင်း ချောင်ယာကျွန်း၌ ဘာရွှေတောင်ငွေတောင်မှမရှိ။သူတို့ ဘိုးဘေးဘီဘင်လက်ထက်တုန်းက ရွှေငွေရတနာ စုဆောင်းထားဖူးသည်ဆိုစေဦးတော့၊ နှစ်ရာချီကြာပြီးမှတော့ နောင်လာနောက်သားများ သုံးစွဲဖြုန်းတီးရုံနှင့် လုံးပါးပါးသွားလောက်ပေပြီ။

ထို့အပြင် ချောင်ယာလူမျိုးစုက အင်မတန်မှ အကြောင်းမဲ့ ဘ၀င်မြင့်နေကြသေးကာ အခြားကျွန်းများပေါ်က သူများတကာတွေလို တံငါသည်လုပ်ကာ ငါးပုဇွန် ခရုဂဏန်း ဖမ်းပြီး အသက်မမွေးချင်ပြန်။ ပင်လယ်ထဲက ကျွန်းမြေဆိုသည်မှာလည်း မြေဆီသြဇာပြည့်၀သော ကုန်းတွင်းမြေနှင့်မတူ။ သို့နှင့် စား၀တ်နေရေးအတွက် ကျွန်းမှ တိတ်တဆိတ် ခိုးခိုးထွက်လာကြကာ ယောကျ်ားများကတော့ ဘိုးဘေးများလက်ဆင့်ကမ်းသင်ကြားပေးခဲ့သည့် ဆေးပညာဖြင့် အသက်မွေးကြပြီး အမျိုးသမီးများကမူ သာယာနာပျော်ဖွယ်ကောင်းသောအသံကို အားကိုးအားထားပြုကာ ပြဇာတ်ရုံများ၌ သီချင်းသီဆိုပြီး အသက်မွေးခြင်းဖြင့် ၀မ်းရေးပြဿနာကိုဖြေရှင်းရလေ၏။

"ငွေရှာပြီးသွားတာနဲ့ ကျွန်းကို ပြန်သွားကြရသေးတယ်ပေါ့....ဘာလို့ တာ့ချူမှာပဲ ဆက်မနေကြတာလဲ"

သွမ့်ပိုင်ယွဲ့ဘက်ကက မေးလာခြင်းဖြစ်၏။

တကယ်လည်း တာ့ချူမှာ ပိုင်နက်နယ်မြေ အတော်ကျယ်၀န်းကာ သယံဇာတပေါများပြီး ချမ်းသာကြီးပွား၏ ၊ ဖွံ့ဖြိုးတိုးတက်၏။ဒေသအတော်များများရှိ တိုင်းသူပြည်သားများကလည်း ရပ်နီးရပ်ဝေးမှ ရောက်ရှိလာသော အာဂန္တုကဧည့်သည်များကို ရင်းနှီးစွာ ကြိုဆိုကာ ဧည့်၀တ်ကျေပွန်တတ်ကြပါသည်။ စင်စစ်တွင် နယ်လှည့်သဘင်သည်ဖြစ်နေလျှင်တောင် ထိုကျွန်းခေါင်ခေါင်ကြီးတွင် နေရသည်ထက်စာလျှင် တာ့ချူမှာ အခြေချနေထိုင်တာကမှ ပို၍ ဘ၀ရသ စုံလင်ပြည့်၀မည်ဟုပင် သိမြင်နိုင်ပေသည် ။ အဘယ်ကြောင့်များ ခြောက်သွေ့ကျဲတဲနေသော ထိုကျွန်းကို တကူးတက ပြန်သွားနေရပါသနည်း။

"ချောင်ယာလူမျိုးစုက ကိုယ့်ဇာတိမြေကနေ လွယ်လွယ်ကူကူ ထွက်ခွာသွားလို့မရဘူး"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now