အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)

20K 3.4K 371
                                    

[နောင်တော် ချစ်ရတဲ့သူကို ကျွန်တော်
တွေ့လိုက်တယ်]

သွမ့်ယောင်တို့နားနေရာ တည်းခိုဆောင်မှသည် မြို့တော်အထိလမ်းခရီးမှာ အမြန်ဆုံးအလျင်ဖြင့် နေ့မအားညမအား ခရီးနှင်လျှင်ပင်  လ၀က်ထက်မနည်း အချိန်ယူရမည်ဖြစ်သည်။ မြင်းလှည်းဆွဲရန်သုံးသော မြင်းများသည်ပင် မျိုးကောင်းမျိုးသန့်များထဲကဖြစ်သည်မို့ တစ်ချက်ခိုင်းသည်နှင့် လေအလျင်နီးနီးမျှ ပြေးနိုင်ကြသည်။ သွမ့်ယောင်မှာ အစက မြင်းလှည်းနှင့်သာ လိုက်မည်ဟု ရည်ရွယ်ထားသော်လည်း အစ်ကိုဖြစ်သူဆီမှ သုံးလေးခါ ခေါင်းခေါက်ခံလိုက်ရသည့်အဆုံး မြင်းလှည်းထဲခွေအိပ်နေရာမှ မနည်းထကာ အခြားသူများနည်းတူ မြင်းစီးလာခဲ့သည်။ တောင်တန်းတစ်လျှောက် ဖြတ်သန်းလာစဉ် လေတစ်ချက်​ဝှေ့လိုက်တိုင်း နားရွက်ပြုတ်ထွက်တော့မတတ် အေးစက်ကိုက်ခဲလျက်။ နှာဖျားရော ပါးပြင်နှစ်ဖက်ရော နီမြန်းလျက်။ စိတ်ထဲမှာတော့ အစ်ကိုဖြစ်သူအား ခပ်ပြင်းပြင်း တစ်ချက် ကန်ထည့်လိုက်ပြီးဖြစ်သည်။

နောင်အခါ ရှစ်ဖူး တစ်ဖန်ပြန်ရှင်လာခဲ့လျှင် အစ်ကိုဖြစ်သူကိုပါ အတူတူခေါ်သွားရန် ဆက်ဆက် အကြံပေးလိုက်ပေမည်။

ဒီနှစ်နွေဦးမှာ အရင်နှစ်များထက် ဟေမန်ဆောင်းရက်များ ပို၍ ခပ်ကြာကြာ အမြစ်တွယ်နေသည့်နှယ်။ လမ်းဘေးနှစ်ဖက်တစ်လျှောက်တွင် နွေဦးပန်းအချို့ ပွင့်လန်းနေပြီဖြစ်သော်လည်း လေထုကတော့ ချမ်းစိမ့်နေမြဲ။

မနက်ချိန်ခါ ရောင်းသော ဆန်ပြုတ်ဆိုင်လေးတွင် လူများ ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။ နူးညံ့သောငါးအသားဖတ်များ ထည့်ထားသည့် ဆန်ပြုတ်ပူပူလေး တစ်ပန်းကန်မျှ စားလိုက်ပြီးနောက် အနည်းငယ်နွေးထွေးလာသယောင်ပင်။ သွမ့်ယောင်လည်း တစ်ပွဲစားပြီးသည်နှင့် ဆန်ပြုတ်ဖိုးရှင်းပြီး ထွက်လာသည်။ ထို့နောက် ရှီးနန်စံအိမ်တော်မှ အတွင်းလူအချင်းချင်း လျှို့ဝှက် သတင်းဖလှယ်ကြရာ အထည်ဆိုင်တစ်ဆိုင်သို့ ဉီးတည်လျှောက်လှမ်းလာခဲ့သည်။အပြင်ပန်းတွင်တော့ ပိုးထည်ချည်ထည်စသော အထည်မျိုးစုံ ရောင်းချသည့်ဆိုင်မျှသာ။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now