အခန်း - ၆၄ (ရွှမ်ထျဲန်း)

8.7K 2K 53
                                    

[အတိတ်နောက်ကြောင်း ဖြစ်အင်]

ဆယ်ရက်။

ဆယ်ရက်ဆိုသောကာလမှာ ရှည်ကြာသည်ဟုလည်းဆိုနိုင်သလို မြန်ဆန်သည်ဟုလည်းပြောနိုင်ပြန်သည်။

သွမ့်ယောင်မှာလည်း ဖန်ရှင်းစစ်တုရင်ပညာကို ရှစ်ရက်မြောက်နေ့ကတည်းက အကုန်အစင် သင်ယူတတ်မြောက်ပြီးပြီဖြစ်သညါ။ သူတစ်ကာထက်သာလွန်ထက်မြက်သော သွမ့်ယောင်၏ ပါရမီစွမ်းရည်မျိုးနှင့်ဆိုလျှင် အဖန်တလဲလဲ အမြဲမပြတ် လေ့ကျင့်နေရုံမျှဖြင့် နောက်နှစ်နှစ်အတွင်း၊ အမြန်ဆုံးဆိုလျှင် နောက်တစ်နှစ်အတွင်းမှာပင် ဖန်ရှင်းစစ်တုရင်ပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မည်ဖြစ်ကြောင်း၊ နောင်ခါတွင် သူ့ထံသို့လာရန်ပင်မလိုတော့ကြောင်း အဘိုးအိုကပင်ပြောနေ၏။

ကိုးရက်မြောက်ရောက်တော့ သွမ့်ယောင်က လာနေကျအချိန်အတိုင်း ရောက်လာပြန်သည်။ လက်ထဲတွင်လည်း အစားအသောက်များ ဆွဲလာ၏။အဘိုးအိုက ခါတိုင်းလိုပင် စစ်တုရင်ကွက်ရှေ့ထိုင်နေမြဲဖြစ်သည်။ မည်သူရောက်လာမှန်း တွေ့လိုက်တော့ သွမ့်ယောင်ဆီလက်ဝှေ့ယမ်းပြရင်း -

"မင်းကို ဘာမှသင်ပေးစရာမကျန်တော့ဘူးလေကွယ်"

"ကျွန်တော်လည်း ပညာလာသင်တာမှမဟုတ်တာ"

သွမ့်ယောင်က သူ့ရှေ့ထိုင်လိုက်ပြီး ဆက်ဆို၏။

"ရှစ်ဖူးက ကျွန်တော့်ကို တခြားဆရာဆီမှာ ခစားခွင့်မပြုပေမယ့် အဘိုးကလည်း အနည်းနဲ့အများတော့ ကျွန်တော့်ကို သိုင်းပညာသင်ပေးခဲ့တယ်ဆိုတော့ ကျွန်တော်လည်း နည်းနည်းပါးပါးလောက် ကျေးဇူးတင်ချင်ရုံပါ"

"ကောင်းသားပဲ၊ ဒါနဲ့ ရှီးနန်ကိို ဘယ်တော့ပြန်ဖို့စိတ်ကူးထားလဲ"

အဘိုးအိုက ပီတိရွှမ်းသောအပြုံးနှင့်မေးလာသည်။

"သန်ဘက်ခါ"

သွမ့်ယောင်က အစားအသောက်ဘူးများကို ဖွင့်လိုက်ပြီး အိမ်ထဲ၀င်သွားကာ လက်ဖက်ရည်တစ်အိုး သွားတည်လာသည်။ အဘိုးအိုက အစားအသောက်များကို ကြည့်လိုက်ကာ ခေါင်းတခါခါပြုပြီးဆို၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now