အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)

49.1K 4.3K 74
                                    

[ ရှီးနန်စံအိမ်တော်ရဲ့ ဧည့်နားနေဆောင်ကတော့ ဒီလိုပုံစံပဲ ]

ရှီးနန်နယ်၏ပိုင်နက် တစ်နေရာတွင် လော့ရှန်းဟု အမည်ရသော တောင်ထွဋ်တစ်လုံး ရှိ၏။ ထိုတောင်သည် အမည်နာမအားဖြင့် သာယာနာပျော်ဖွယ်ဖြစ်ရုံတင်မက သဘာ၀အလှနှင့်ပြည့်စုံသော ရှုခင်းအသွယ်သွယ်ကိုပါ ပိုင်ဆိုင်ထားပေသည်။

နှစ်တစ်နှစ်၏ တတိယမြောက်နှင့် စတုတ္ထမြောက်လရောက်တိုင်း တောင်တစ်ခွင်လုံးမှာ
သစ်ပင်ပန်းမန်အပေါင်းတို့ဖြင့် စိမ်းလန်းစိုပြည်နေတတ်သည်။ မိုးတစ်ချက်ရွာသွန်းလိုက်တိုင်း ညတွင်းချင်းပင် တောပန်းရိုင်းလေးများက တောင်တစ်ခွင်အနှံ့
ငွားငွားစွင့်စွင့် ပွင့်လန်းလာတတ်ပေသည်။ လေပြေတစ်ချက် ဝှေ့လိုက်တိုင်း ယိမ်းနွဲ့လိုက်ပါနေတတ်သော ပန်းမာလာများက စိတ်ကြည်နူးချင်စဖွယ်ပြုစားနိုင်လွန်းသည်။ တောတောင်သဘာ၀ အလှတရားများအား ရှုစားရန် ဆက်ဆက် လာရောက်လည်ပတ်သင့်သည့် နေရာတစ်ခုပါပေ။

သို့သော်လည်း။

ဤတောင်အကြောင်း စကားစမြည်ပြောဆိုလာကြတိုင်း တောင်ခြေရင်းတွင် နေထိုင်ကြသော ရွာသူရွာသားများမှာ ၊ ဆယ်ယောက်တွင် ကိုးယောက်ခန့်က ၊ ထိုတောင်အနီးတစ်ဝိုက်သို့ မသွားကြရန် အပြင်လူများအား သတိပေးတားမြစ်တတ်လေ့ရှိကြသည်။ အကြောင်းရင်းကို မေးကြည့်ပြန်သော်လည်း မည်သူကမျှ ​ပြောပြခြင်းမရှိကြ ။ မရမက အတင်းသွားမည်လုပ်ကြသော
သွေးဆူတက်ကြွသည့် လူငယ်တစ်ချို့နှင့် ကြုံသောအခါမျိုးမှ မဖြစ်မနေ ပြောပြလာတတ်ပေသည်။

အရင်းစစ်သော် လွန်ခဲ့သောနှစ်များစွာခန့်က
ထိုတောင်ထွဋ်ကို လူတစ်ယောက်မှ မင်းမူသိမ်းပိုက်လိုက်ခြင်းပင်။ တောင်ပေါ်ရှိ စခန်းများကို ၀မ်တာ့ပေါ်ဆိုသူက အုပ်စိုးနေ၏။ခက်ထန်ကြမ်းကြုတ်သော ၊ ရိုင်းစိုင်းသော လက်နက်ကိုင်လူမိုက်များကို ထိုသူက
လက်အောက်ငယ်သားများအဖြစ် စုရုံးလက်ခံထားပြီး ထိုလူမိုက်များက စိတ်မထင်လျှင်မထင်သလို ရွာသားများကို ရိုက်ပုတ်ညှင်းဆဲတတ်သေး၏။ရွာသားများကလည်း နှိပ်စက်ခံရပေါင်းများလာတော့ ထိုလူများရောက်လာရခြင်း အကြောင်းရင်းကို မည်သူကမှ စူးစမ်းလိုခြင်းမရှိကြတော့။ ထို၀မ်တာ့ပေါ်အား ဘေးဥပါဒ်နှင့်ရောဂါဘယများကို သယ်ယူဆောင်ကြဥ်းလာသော နတ်ဆိုးတစ်ပါးဟု သဘောထားကြကာ ဝေးဝေးရှောင်နေလိုက်ကြတော့သည်။ အနှောင့်အယှက်ကင်းကင်းနှင့် အသက်ဆက်နေရဖို့က ပို၍အဓိကကျသည်မဟုတ်လား။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now