အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)

8.6K 1.5K 295
                                    

[မင်း ကိုယ်တော့်ကို ရွံရှာရဲတယ်ပေါ့]

တပည့်အဖြစ် လက်ခံလိုက်ရခြင်းမရှိသော်လည်း သွမ့်ပိုင်ယွဲ့က ပန်းပဲသမားဆီသွားလိုက်ကာ သံလက်သီးကွင်းတစ်ခုအတွက် အခကြေးငွေပေးချေလိုက်သည်၊ ဝူစန်းလေအတွက် လက်ဆောင်ပေးသည်ဟု သဘောထားခြင်းဖြစ်၏။

ဧည့်ခံကြိုဆိုပွဲကို စံအိမ်အနောက်ဝင်းတွင် ကျင်းပသည်ဖြစ်ရာ ခန်းမကြီးထဲတွင်ကျင်းပသည်ထက် ပို၍ပေါ့ပါးလွတ်လပ်ပြီး ရှုမျှော်ခင်းလည်း ပိုမိုသာယာလှပ၏။ အင်မတန်မှ ရှာရရှားလှသော ကြုံတောင့်ကြုံခဲ အနားယူချိန်လေးမို့ မည်သူကမှ စစ်မက်ရေးရာအကြောင်း စကားမဟကြ။ ဧည့်ခံစားသောက်ပွဲအတွင်း ချူယွမ်က ပုံမှန်အချိန်ထက် သေရည်နှစ်ခွက် ပိုသောက်ထားလေရာ အခန်းသို့​ြပန်ရောက်သောအခါ သွမ့်ပိုင်ယွဲ့၏ရင်ခွင်ထဲ ပြိုဆင်းမှီတွယ်သွားပြီး တုတ်တုတ်မှမလှုပ်တော့။

ယဲ့ကျင်ကမူ ဆေးဖက်ဝင်အပင်အထုပ်လိုက်ကြီးကို ကိုင်ကာ အပင်အမျိုးအစားများကို စိတ်ရောကိုယ်ပါနှစ်ပြီး ခွဲခြမ်းစိစစ်နေသည်။ အဝတ်အိတ်၏ အကန့်တိုင်းတွင်လည်း ပိုးကောင်မျိုးစုံ အပြည့်ရှိနေသောကြောင့် သူ၏စိတ်နှလုံးကလည်း ပီတိဝေဖြာ သာယာနေလှပေ၏။

****

နောက်သုံးရက်လွန်သော် တာ့ချူတပ်မတော်မှာ တောင်ပိုင်းနယ်စပ်သို့ ဆက်လက်ချီတက်သွားကြသည်။ သောင်းချီသော စစ်သည်အင်အားကို ဦးဆောင်သည့် ချူယွမ်မှာ ရွှေဝါရောင်အဆင်းရှိ ရွှေနဂါးဝတ်ရုံကို ခြုံလွှမ်းထားလျက်။ လမ်းတစ်လျှောက်လုံး တောက်ပဝင်းထိန်နေသော နေပူကျဲကျဲအောက်ဝယ် သွမ့်ပိုင်ယွဲ့လည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့သည်။ နှစ်ယောက်စလုံးမှာ ရုပ်ရည်ရူပကာ ချောမောတင့်တယ်လှကာ မြင့်မြတ်သောဂုဏ်ကျက်သရေတို့ဖြင့် ခန့်ညားထည်ဝါနေပေ၏။

လမ်းဘေးနှစ်ဖက်စလုံးရှိ မိန်းမပျိုငယ်လေးများမှာ ဖနောင့်လေးထောက်ကာထောက်ကာဖြင့် ထိုလူသားနှစ်ယောက်ကို လိုက်လံကြည့်ရှုနေရင်း စိတ်နှလုံးထွေပြားရတော့သည်။

နောင်အနာဂတ်ကျ ဘယ်တစ်ယောက်နှင့် လက်ဆက်ရမလဲ ၊ အင်မတန်မှ ရွေးရခက်လှပါရဲ့။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now