အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)

9.5K 1.9K 76
                                    

                   [ ဆက်စပ်နှီးနွယ်နေမှု ]
================================

ထိုခွေးသွေးတစ်ခွက်ကြောင့်လားတော့ သေချာမပြောတတ် ၊ ရွှမ်မင်ဟန်ထျဲယ်ဓားမှာ အတော်ပြန်ငြိမ်ကျသွား၏။အခြားလူများကို ထပ်၍အန္တရာယ်မပြုနိုင်စေရန် နန်မော်ယဲ့က မြို့ထဲရှိပန်းပဲဖိုတစ်ခုထံသွားကာ ထိုဓားကိုယာယီထည့်ပိတ်ထားနိုင်သည့် သံသေတ္တာတစ်လုံးကို ပြုလုပ်ခိုင်းစေသည်။

ပန်းပဲသည်လုလင်မှာ အားကောင်းမောင်းသန်လူလတ်ပိုင်းတစ်ယောက်ဖြစ်ကာ ရိုးသားဖြောင့်မတ်သော စရိုက်ရှိသည်။ သာမန်အချိန်များတွင် ရပ်ရွာထဲကဆွေမျိုးများအား အိုးခွက်များ ထုလုပ်ပေးလေ့ရှိကာ ယခုတစ်ခါကျမှ သိုင်းလောကသားတစ်ယောက်နှင့် တိုက်ရိုက်အရောင်းအဝယ်ပြုရခြင်းဖြစ်သည်။လုပ်အားခပမာဏလည်း ထိုက်ထိုက်တန်တန်ရထားသဖြင့် ပျင်းရိလေးတွဲ့ခြင်းအလျဥ်းမရှိဘဲ သံသေတ္တာတစ်လုံးကို အင်တိုက်အားတိုက် ထုလုပ်ပုံသွင်းပေးနေ၏။ နန်မော်ယဲ့ကတော့ ဘေးတွင်ထိုင်ကာ ဖရဲစေ့လှော်ကို ကိုက်စားနေရင်းစောင့်နေသည်။ ခဏကြာတော့ ရွာခံလုလင်မောင်မယ်လေးများက သူ့အနားဝိုင်းအုံလာကြကာ သိုင်းလောကမှအတွေ့အကြုံများအကြောင်း ပြောပြပေးရန်ပူဆာလာကြသည်။

"ပြောတာကပြောပြလို့ရတယ်၊ အလကားတော့မရဘူး"

နန်မော်ယဲ့က ဖရဲစေ့အထုပ်အလွတ်ကြီးကို ဘေးတွင်ချလိုက်ကာ ဆက်ဆို၏။

"အလဲအလှယ်အနေနဲ့ ဒီမြို့ထဲဘာသတင်းထူးတွေရှိသလဲဆိုတာ ငါ့ကိုပြန်ပြောရမယ်၊ ဟုတ်ပြီလား"

လူငယ်တစ်ဦးက ဖြေ၏။

"အိမ်နှစ်အိမ်ရန်ဖြစ်တာကလွဲရင် ဘာသတင်းမှမရှိဘူး။ အဲ....အရင်ရက်တွေတုန်းကတော့ အဖျားတက်နေတဲ့ကလေးငယ်တစ်ယောက်ကိုပိုက်ပြီးရောက်လာတဲ့ အစ်မကြီးတစ်ယောက်တော့ရှိတယ်။ ကြည့်ရတာ အဖြစ်ဆိုးနဲ့ကြုံခဲ့တဲ့ပုံပဲဗျ "

နောက်တစ်ယောက်က ဆက်ပြောသည်။

" ဆန်းစီးကနေလာတဲ့ ဒေါ်ကြီးကျန်းရှိလို့ တော်သေးတာပေါ့၊ သူ လက်ထပ်ပြီးကတည်းက ဒီကိုပြောင်းလာခဲ့တာလေ။ အဲ့အစ်မကြီးနဲ့တစ်မြို့တည်းသူမို့လို့ သူ့အိမ်ခေါ်ထားလိုက်တာတဲ့၊ သမားတော်ပါပင့်ပြီး ဆေးကုပေးထားတော့ ကလေးလေးလည်း အခုတော့ အသက်အန္တရာယ်မရှိတော့ဘူး"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now