အခန်း - ၁၉ (တာ့ယန့်မြို့)

17.9K 2.7K 244
                                    

Unicode version :

[နေရာတိုင်းမှာ ယန္တရားလှည့်ကွက်တွေချည်း]

အေးစက်ကိုက်ခဲနေသော ညချမ်းချိန်ခါတစ်ခုတွင် ရှစ်ဇီက လက်ဖက်ရည်ပူပူတစ်အိုး လာရောက်ဆက်သပြီး စက်တော်ခေါ်ရာအခန်းမှ ပြန်ထွက်သွားလေသည်။

သွမ့်ပိုင်ယွဲ့က ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ချူယွမ်ကိုမေးလာ၏။

"အရမ်းညဥ့်နက်နေပြီကို ဘာလို့မအိပ်သေးတာလဲ"

"မင်းကိုစောင့်နေတာ"

သွမ့်ပိုင်ယွဲ့ - "........."

ချူယွမ်က လက်ထဲက အစီရင်ခံစာကို ချပြီး သူ့အား သေချာမော့ကြည့်လာကာ သူ့အား အသံတိုးတိုးဖြင့် စနောက်လာသည်။

"ဘာလဲ.....  ကိုယ်တော့်ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားတာမျိုးက မင်းဘက်ကပဲ လုပ်ပိုင်ခွင့်ရှိတယ်ထင်နေတာလား ၊ ကိုယ်တော့်ဘက်ကနေလည်း  ရှီးနန်စံအိမ်တော်မှာ သူလျှိုလေးဘာလေး ထားခွင့်မရှိဘူးတဲ့လား "

"ဟုတ်ပြီ ။ ဒီတစ်ခေါက် ပြန်သွားရင်တော့ စုံစမ်းစစ်ဆေးရေး အကြီးအကျယ်လုပ်ရတော့မယ်။ ဘယ်သူကများ ရာရာစစ အတင့်ရဲနေတာလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ချူယွမ်က ခေါင်းတခါခါလုပ်ရင်း ပြုံးနေကာ သွမ့်ပိုင်ယွဲ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးတော်မူ၏။ သွမ့်ပိုင်ယွဲ့က အလုပ်စားပွဲနား ထိုင်လိုက်ကာ မေးသည်။

"ဘာလို့ ချက်ချင်းကြီး တာ့ယန့်မြို့ကို ရောက်ချလာတာတုန်း"

"ထျဲန်းချာ့ဂိုဏ်းကို မင်း သိလား"

"ထျဲန်းချာ့ဂိုဏ်းလား"

"သူတို့က ရှီးနန်မှာ အခြေစိုက်တာဆိုတော့ အနည်းနဲ့အများတော့ မင်းကြားဖူးမှာပါ"

သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်ထောက်ခံ၏။

"ကြားဖူးတယ်လေ။ ဂိုဏ်းချုပ်နာမည်က လန်ဂျီးတဲ့၊ သူ့ကျင့်စဥ်တွေက တော်တော်ရက်စက်ကြမ်းကြုတ်တယ်။ ဒါနဲ့ မင်း
ဘာလို့ ဒီကိစ္စ ထမေးလာတာလဲ"

"ဒီမြို့က ကျူယွင်ကျိုးစီရင်စုထဲပါတယ်။ မြို့အနားပတ်၀န်းကျင်မှာလည်း တောနက်ကြီးတွေရှိတယ် ၊ အဖိုးတန် သစ်ပင်တွေ အများကြီးပေါက်ရောက်တာမို့ ဒီမြို့က လက်သမားတွေဟာ ချမ်းသာကြွယ်၀ကြတယ်။ သာမန် လီဟွားသစ်သား(အနီရောင်အဆင်းရှိ သစ်မွှေးတစ်မျိုး / Rosewood မျိုးနွယ်၀င် အပင်တစ်မျိုး )နဲ့လုပ်ထားတဲ့ ထိုင်ခုံတောင်မှ ဒီမြို့ကနေ ထွက်တယ်လို့ပြောပြီူရောင်းရင် မြို့တော်မှာဆို သုံးဆစျေးနှုန်းနဲ့ ပြန်ရောင်းရင်တောင်ရတယ်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now