Chapter 262

1.4K 178 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၁ )

Chapter-12

ဆေးလုံးခန်းမ၏ အကြီးအကဲအားလုံးက တံခါးပိတ်လေ့ကျင့်ခန်း ဝင်ရောက်သွားခဲ့မှုက အဖွဲ့အတွင်းတွင် အကြီးအကျယ် ပွက်လောရိုက်သွားစေခဲ့၏။

“မင်းတို့ကောင်တွေ ကြားပြီးကြပြီလား… ယီယွမ်လို့ခေါ်တဲ့ သိုင်းပညာခန်းမက အတွင်းစည်းတပည့်ရဲ့ ခြံဝင်းကို ရောက်လာပြီးတဲ့နောက် အကြီးအကဲရှစ်ယောက်နဲ့အထက်က တံခါးပိတ်လေ့ကျင့်ခန်း ဝင်ရောက်သွားကြတယ်တဲ့…..”

“ငါတို့က အဲဒီအကြောင်းကို ဘာလို့မကြားရမှာလဲ… ဆေးလုံးခန်းမ အကြီးအကဲတွေက မြေကမ္ဘာအုပ်စုတန်းလျားကို ဝင်လာလိုက် ထွက်သွားလိုက်ဖြစ်နေကြတယ် ဆိုတဲ့သတင်းက အဖွဲ့မှာ နာမည်ကြီးနေခဲ့ပြီလေ… အဲဒီသတင်းကို မကြားရဘဲ နေဖို့က ခက်ခဲလွန်းပါတယ်… အခု သူတို့အားလုံး ပြောနေကြတာက ယီယွမ်လို့ခေါ်တဲ့ တပည့်လေးက မှော်ဆရာတစ်ယောက်တဲ့… သတင်းတွေအရတော့ အဲဒီအကြီးအကဲတွေအားလုံးက ယီယွမ်ကို ပြဿနာရှာဖို့ လာခဲ့တာတဲ့… ဒါပေမဲ့ သူတို့က ယီယွမ်ကို ယှဉ်ပြိုင်တဲ့နေရာမှာ ကျရှုံးသွားခဲ့ကြတယ်… အဲဒီအစား သူတို့က ချက်ချင်းပဲ တံခါးပိတ်လေ့ကျင့်ခန်း ဝင်သွားခဲ့ကြတယ်တဲ့…..”

“ဘယ်လိုမှော်ဆရာမျိုးလဲဟ… အဲဒီအကြီးအကဲတွေက မြင့်မားတဲ့ အစွမ်းတွေရှိကြတယ်… သူတို့အားလုံးက နှောင်းပိုင်းအဆင့် ပင်လယ်အသွင်ပြောင်းလဲခြင်းနယ် ထူးချွန်သူတွေပဲလေ… ဘယ်လိုလုပ်ပြီး သူတို့က အဆင့်(4) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ ပြုစားခြင်းကို ခံသွားရမှာလဲ…..”

“အမ်… ဒီကိစ္စရဲ့နောက်ကွယ်မှာ ရှိတဲ့အရာတွေကို မင်းကသိနေတာလား…..” ဤတပည့်လေးက အတင်းအဖျင်း ပြောဆိုတတ်သော သူတစ်ယောက်ဖြစ်နေသည်မှာ ထင်ရှားလှ၏။ အခြားသူက ထိုသို့ပြောလိုက်သည်ကို ကြားရပြီးနောက် သူကသိချင်စိတ်ကို ထိန်းထားနိုင်စွမ်းမရှိခဲ့ပေ။

အခြားတပည့်လေးက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ပြောခဲ့သည်။ “ဟီးဟီး… နောက်ကွယ်က ကိစ္စတွေကို ပြောရမယ်ဆိုရင် အဲဒီဖြစ်ရပ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့သူက လွဲပြီးတော့ အခြားတစ်ယောက်ကမှ မသိနိုင်ဘူးလေ… ဒါပေမဲ့ ဂျီးနီးယပ်တစ်ယောက်ဖြစ်တဲ့ ငါက ကိစ္စအချို့ကို ဂရုစိုက်ပြီး စမ်းသပ်တွေးခေါ်လိုက်တဲ့အခါ အချို့အကြောင်းအရာလေးတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လေ…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now