Chapter 312

1.4K 169 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၅ )

Chapter-7

ဝမ်ဖန်နှင့် ယူဖန်းက ကြည်လင်ပြတ်သားခြင်းအဖွဲ့ လူအုပ်စုကို ခေါ်ဆောင်၍ တောအုပ်ထဲမှ ထွက်လာခဲ့ကြပြီး သူတို့၏ မျက်နှာတွင် ငြိမ်သက်တိမ်တိုက်အဖွဲ့ကို သူတို့လက်ထဲ၌ လှန်ချင်လှန် မှောက်ချင်မှောက် စိတ်ကြိုက်ပြုလုပ်၍ ရသည်ဟူသော အမူအရာများ ပေါ်လွင်နေခဲ့၏။

"ငါတို့က မကြာခင်မှာပဲ ပြန်တွေ့ရတာပါလား… ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ….." ဝမ်ဖန်က အေးစက်စွာဖြင့် ရယ်မောပြောဆိုလိုက်သည်။

မိန်ကျန်းက နှာခေါင်းရှုံ့လိုက်ပြီး ပြောခဲ့၏။ "ဝမ်ဖန်… ငါတို့နဲ့ မတိုက်ခိုက်တာ ပိုကောင်းမယ်လို့ ငါမင်းကို အကြံပေးလိုက်မယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် ခါးသီးတဲ့ အဆုံးသတ်အထိ ရောက်အောင် တိုက်ခိုက်ကြတာပေါ့… မင်းတို့ကောင်တွေလည်း အကျိုးအမြတ် ရှိလာမှာမဟုတ်ဘူး….."

သို့သော် ဝမ်ဖန်က အားပါးတရ ရယ်မော၍ ပြောလိုက်သည်။ "ခါးသီးတဲ့ အဆုံးသတ် ဟုတ်လား… မင်းတို့ကောင်တွေနဲ့လေ…. မင်းတို့ ငြိမ်သက်တိမ်တိုက်အဖွဲ့က အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ် ကောင်လေးတစ်ယောက်ကို ရှေ့တန်းတင်ထားရုံနဲ့ ငါတို့ ကြည်လင်ပြတ်သားခြင်းအဖွဲ့နဲ့ ခါးသီးတဲ့ အဆုံးသတ်ဖြစ်အောင် တိုက်ခိုက်နိုင်တယ်လို့ ထင်နေတာလား… ဒါပေမဲ့ ဒီကောင်လေးရဲ့ ကျင့်စဉ်နယ်ပယ်က မမြင့်ပေမဲ့ ခုနှစ်ရောင်စဉ် အဆိပ်ပင့်ကူအကြောင်း သိနေတဲ့အထိ တော်တော်လေး ထူးဆန်းနေတယ်… စောစောလေးကတင် ငါတို့က အဆင့်(5) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် တပည့်တစ်ယောက်ကို ဒီဟင်္သာပြဒါးကြာပန်း ရေခဲနှလုံးသားသစ်သီး ရိတ်သိမ်းဖို့ကြိုးစားရင်း ဆုံးရှုံးခဲ့ရတယ်… ဒါပေမဲ့ မင်းတို့အဖွဲ့က အခုထိ အင်္ကျီစလေးတောင် မစုတ်မပြဲသေးဘူး….."

ဝမ်ဖန်က ငြိမ်သက်တိမ်တိုက်အဖွဲ့ အုပ်စု၏ စောစောကလေးက လှုပ်ရှားမှုများကို သေချာစောင့်ကြည့်နေခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now