အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )

3.1K 415 3
                                    

[Zawgyi]

"အဖေ , ဒီမိသားစုကနေကွဲထွက်ပြီး သီးခြားနေချင်တာက ကျနော့်အကြံဉာဏ်ပါ။ အမေနဲ့အကြီးဆုံးမရီး မပါပါဘူး"
ယွီဟိုင်က လူကြီးမင်းယွီကိုကြည့်ပြီး ပြန်ပြောတယ်။
လူကြီးမင်းယွီက မျက်မှောင်ကြုတ်ပြီး ဆူလိုက်တယ်။
မိသားစုကနေကွဲထွက်မယ်ဆိုတာ မင်းဘာကိုဆိုလိုတာလဲ ရေးကြီးခွင်ကျယ်လုပ်နေတာ ရပ်လိုက်တော့ မင်းရဲ့ခြေထောက်တွေပိုကောင်းလာတဲ့အခါ ငါတို့ ဒီအကြောင်းထပ်ပြောကြတာပေါ့
ယွီရှောင်ချောင်းက ရုတ်တရတ် ကြားဖြတ်ပြောလိုက်တယ်။
"ဒီမိသားစုကနေ မခွဲထွက်ရင် ဒုတိယမိသားစုခွဲတခုလုံး ရောင်းစားခံရလိမ့်မယ် အဖိုး, အဖေသာ သမီးတို့ကိုကယ်ဖို့ထွက်မလာရင် ရှောင်လျန်နဲ့သမီး ဒီမှာရှိနေမှာမဟုတ်တော့ဘူး။ သမီးတို့ မိသားစုကနေခွဲထွက်ရလိမ့်မယ် အဲ့ဒါဆိုရင် ဘယ်သူမှ သမီးတို့ကိုရောင်းစားဖို့ တွေးမှာမဟုတ်တော့ဘူး"
လူတွေကိုရောင်းစားတယ်?
လူကြီးမင်းယွီရဲ့ ပုံမှန်မည်းနက်နေတဲ့ မျက်လုံးတွေက အေးစက်မှုတွေထွက်လာပြီး လူတွေကိုတုန်လှုပ်စေတယ်။ သူ့မိန်းမရဲ့ အစတုန်းက ပြုမှုတာတွေနဲ့ ဆက်စပ် စဉ်းစားကြည့်လိုက်တယ်။ သူက အဖွားကြီးကျန်းနဲ့ အမျိုးသမီးလီကို ဒေါသထွက်စွာကြည့်ပြီး ကြိမ်းမောင်းလိုက်တယ်။
"ငါ မသေသေးဘူး ရောင်းဖို့ သတ္တိဘယ်သူ့မှာရှိလဲ ကြည့်ရအောင် ယွီမိသားစုက ငါတို့ရဲ့သားတွေ၊ သမီးတွေကို ရောင်းတာလိုမျိုး ဂုဏ်သိက္ခာကျဆင်းစေမယ့်ဟာ မလုပ်ဘူး"
လူကြီးမင်းယွီက ဒေါသထွက်ခဲတာကြောင့် အမျိုးသမီးလီက ထိတ်လန့်ပြီး ခေါင်းငုံကာ သူမယောက္ခမနောက်မှာ သွားပုန်းခဲ့တယ်။ အဖွားကြီးကျန်းက ကိုယ်ကို ကျုံ့လိုက်ပေမယ့် ခက်ထန်စွာပြန်လည်ချေပဆဲ
"ကျိုးမိသားစုရဲ့ အစေခံကောင်မလေးဖြစ်တာ ဘာဖြစ်နေလို့လဲ။ သူတို့က အစားအစာနဲ့အဝတ်အစားကို စိတ်မပူရဘူး။ ပြီးတော့ တစ်လကို တစ်လျန်ကနေ နှစ်လျန်တောင် ပေးနိုင်တယ်။ ဒီလောက်ကောင်းတာမျိုးကို ဘယ်ကများရှာတွေ့ဦးမှာလဲ။ ဒုတိယသားရဲ့ဒဏ်ရာကုသတာက ပိုက်ဆံတဝက်ကျော်လောက် သုံးခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက သူ မေ့မြောတာကနေ နိုးလာတာကိုတောင် ငါတို့မသိခဲ့ဘူး။ သူရဲ့ဆေးဝါးက တစ်နေ့ကို ငွေအကြွေစေ့အနည်းငယ်တောင် ကုန်ကျတယ်။ နောက်ပိုင်းမိသားစုဝင်ငွေကလည်း လျော့လာသေးတယ် ကျုပ်က မိသားစုတခုလုံးရဲ့အနာဂတ်ကို စဉ်းစားဖို့ကြိုးစားရုံပဲ!"
"ဒုတိယသား အခုကောင်းကောင်းနလန်ပြန်မထူနိုင်သေးဘူးမလား။ မိသားစုကို ကွဲကွာအောင်မလုပ်နဲ့တော့"
လူကြီးမင်းယွီက အဖွားကြီးကျန်းရဲ့ပင်ကိုစရိုက်ကို သိတယ်။ သူ့ပထမဇနီးကွယ်လွန်သွားတဲ့အခါတုန်းက ဒီလိုဒုက္ခပေးတတ်တဲ့သူကို လက်ထပ်ဖို့ ဆုံးဖြတ်ချက်အမှားကို ဘာလို့ချခဲ့မိတာလဲ။
အတိတ်တုန်းက အဖွားကြီးကျန်းက ဒုတိယသားကို ကောင်းကောင်းမဆက်ဆံရင် သူက သူမနဲ့ရန်ဖြစ်ခဲ့တယ်။ သို့သော် သူမကပဲ ဒေါသအမြဲပေါက်ကွဲပြီးမိသားစုရဲ့ဒုက္ခတွေနဲ့ သူမရဲ့ အခက်အခဲတွေကို ညည်းညူလေ့ရှိတယ်။ တစ်ခါတစ်လေတော့ ပြောင်းလဲဖို့ သဘောတူပေမယ့် ခွေးမြီးကောက်ကျည်တောက်စွပ်သလိုပါပဲ။
ယွီဟိုင် ၈ နှစ်တုန်းက ဗိုက်အရမ်းဆာတာကြောင့် မြစ်ထဲမှာငါးဖမ်းဖို့ကြိုးစားရင်း ရေနစ်လုနီးပါးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ လူကြီးမင်းယွီက သူမကိုကွာရှင်းဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်။ သို့သော်လည်း အမျိုးသမီးကျန်းမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ သိရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ သူမနဲ့ရန်ဖြစ်ပြီးနောက် သူ့ဇနီးအဖြစ် ဆက်ထားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ မမျှော်လင့်စွာပဲ အဖွားကြီးကျန်းက တတိယသားကို မွေးပြီးနောက် သူမက ပိုကြမ်းတမ်းပြီး ခက်ထန်လာခဲ့တယ်။ သူမရဲ့ကိုယ်ပိုင်ကလေးတွေကို တစ်ယောက်တည်းစိုးမိုးပြီး လူကြီးမင်းယွီရဲ့ ပထမအိမ်ထောင်မှသားနဲ့သမီးကို လုံးဝလှည့်မကြည့်တော့ဘူး။
နှစ်တွေကျော်လွန်လာတာနဲ့အမျှ သူက သူမကို အပြစ်တင်တဲ့အခါတိုင်း သူမက အမြဲတမ်း ဆူဆူညံညံပြုလုပ်ပြီး ဒေါသပေါက်ကွဲတယ်။ ကလေးတွေ တဖြည်းဖြည်းကြီးလာခဲ့တယ်။ မိသားစုမှာ ငြိမ်းချမ်းမှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ဒုတိယသားရဲ့မိသားစုကို ခက်ခဲအောင် သူမလုပ်တဲ့အရာတွေကို သူ မျက်ကွယ်ပြုခဲ့တယ်။
လူကြီးမင်းယွီက သူရဲ့ကြင်နာသနားတတ်ပြီး စွမ်းဆောင်ရည်ရှိတဲ့ ဒုတိယသားနဲ့ပတ်သတ်ပြီး အပြစ်ရှိတယ်လို့ အမြဲတမ်းခံစားခဲ့ရတယ်။ ပြီးတော့ သူ့ရဲ့ညာခြေထောက်ကို အနာဂတ်မှာ အသုံးမပြုနိုင်လောက်တော့ဘူး။ တကယ်လို့ ခြေထောက်က ပြင်းပြင်းထန်ထန်ဖြစ်ရင် ဖြတ်တောက်ရလိမ့်မယ် လို့ သမားတော်စန်းကပြောခဲ့တယ်။
ဒုတိယသားမိသားစုမှာ နေမကောင်းပြီး အားနည်းတဲ့ မိသားစုဝင်တွေရှိတယ်။ သူတို့ မိသားစုကနေ မခွဲထွက်ရင် သူအသက်ရှင်နေသရွေ့ သူတို့စားဖို့ အစားအစာအမြဲရှိနေလိမ့်မယ် သို့သော်လည်း သူ သေသွားရင် ဒုတိယသားရဲ့ကလေးတွေက အသက်ကြီးလာပြီး .....
သူရဲ့မျှော်လင့်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေကာ ယွီဟိုင်က ဆုံးဖြတ်ချက်ချပြီး ရိုးသားစွာပြောခဲ့တယ်
"အဖေ ကျနော်ကို အဖေ့သားလို့သတ်မှတ်သေးရင် မိသားစုကနေ ကျနော်တို့မျိုးဆက်ခွဲကို အဖေခွဲထုတ်ရလိမ့်မယ် အဖေ့ကို အနူးအညွတ်တောင်းပန်ပါတယ်"
သူ့သားမျက်လုံးထဲမှာ အရမ်းစိတ်အားထက်သန်နေတာကို မြင်တော့ လူကြီးမင်းယွီရဲ့နှလုံးသားက စူးရှနာကျင်လာတယ်။ သူ့ပထမဇနီး သေလုနီးပါးဖြစ်တဲ့အချိန်တုန်းက သူတို့ရဲ့သားနဲ့သမီးကို ကောင်းကောင်းစောင့်ရှောက်ပေးပါလို့ သူ့ကို ထပ်ခါတလဲလဲ တောင်းဆိုခဲ့တယ်။ သို့သော်လည်း သူ့ကတိကို ကျေပွန်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ သူ့ရဲ့အကြီးဆုံးသမီးက ဝေးကွာတဲ့နေရာမှာနေတဲ့ လူတစ်ယောက်ကို လက်ထပ်ခဲ့ရတယ်။ လည်ပတ်ဖို့ခရီးက ၄ ရက်ကနေ ၅ ရက်အထိလောက် ကြာတယ်။ သူ့သမီးက ကလေးမွေးပြီကတည်းက မိဘအိမ်ကို လာလည်တာရှားပါးတယ်။ သူ့ပထမဇနီးရဲ့ အချစ်ဆုံးသားလေးကရော ။ သူက အခု မသန်မစွမ်းဖြစ်နေတယ်။ သူသေတဲ့အခါ သူ့ပထမဇနီးကို ဘယ်လိုရင်ဆိုင်ရမလဲ ။
သူ့ရဲ့အတွေးထဲမှာ နစ်မြောနေရင်း လူကြီးမင်းယွီက အသီးအနှံလယ်ကွင်းထဲမှ ချိုသာစွာပြုံးပြခဲ့တဲ့ လှပသောမိန်းမငယ်လေးကို ပြန်တွေ့နေတယ်လို့ ထင်နေခဲ့တယ်။
အဖွားကြီးကျန်းရဲ့ ယုတ်ညံ့တဲ့စရိုက်နှင့် အနာဂတ်မှာ သူ့ဒုတိယသားက ကပ်ပါးကောင်လို အိမ်မှာ နေရမယ့်အဖြစ်တွေနဲ့ ပတ်သတ်ပြီး လူကြီးမင်းယွီက သူမ ဘယ်လောက် ရက်စက်ကြမ်းတမ်းမယ်ဆိုတာကို စိတ်ကူးလို့တောင်မရဘူး။ အဲ့တာကို မေ့လိုက်ပြီး ဒုတိယသားက ပင်မမိသားစုကနေ ခွဲထွက်ချင်ရင် သူထွက်သွားသင့်တယ်။ အနာဂတ်မှာ သူက သူတို့ကို သိုသိုသိပ်သိပ် ကူညီပြီး သူတို့နေ့ရက်တွေကို ကောင်းကောင်းနေသွားနိုင်တယ်။
အဲ့တာကို နားလည်ရင်း လူကြီးမင်းယွီက သူတို့မိသားစုခွဲထွက်တဲ့ အသေးစိတ်အချက်အလက်ကို တိုင်ပင်ဖို့ သာ့ရှန်းကို သူ့အကိုနဲ့ ရွာလူကြီးကို ဖိတ်ခေါ်ဖို့ ပြောလိုက်တယ်။
လူကြီးမင်းယွီရဲ့အကြီးဆုံးအကို ယွီလီချွမ်းက သူ့တူရဲ့ကိုယ်စား နာကြဉ်းမိတယ်
"ငါပြောမယ် တတိယညီ ! သာ့ဟိုင်က မင်းတို့မိသားစုမှာ အလုပ်အကြိုးစားဆုံးလူပဲ ! အသိတရားရဖို့ကြိုစားပြီး နည်းနည်းလောက်တွေး ! မင်းမိသားစုတခုလုံး ဒီလိုနည်းနဲ့နေနိုင်တာက သာ့ဟိုင်ရဲ့အလုပ်ကြိုးစားမှုကြောင့် မဟုတ်ဘူးလား။ သူမေ့မြောတာကနေ နိုးလာတော့ မင်းတို့သူ့ကို တွန်းထုတ်ချင်နေကြတာ ။ အခု သေသွားတဲ့သူ့အမေကို မင်းရင်ဆိုင်နိုင်လား"
"အကြီးဆုံးခဲအို, ဒုတိယသားကိုက ခွဲထွက်ချင်တဲ့သူလေ ကျွန်မတို့နဲ့ဘာဆိုင်တုန်း"
အဖွားကြီးကျန်းက မပျော်မရွှင်ဖြစ်လာတယ်။ သူတို့မိသားစုကနေ မျိုးဆက်ခွဲကို ခွဲထွက်တာကို ဒီမဆိုင်တဲ့လူတွေအားလုံးက အပြစ်ရှာနေကြတယ်။ 'ပြောလို့တော့ကောင်းပေမယ့် ကိစ္စတွေကိုလုပ်ဖို့က နောက်အရေးကြီးကိစ္စတစ်ခုပဲ။ ငါတို့သာ သူတို့ကိုခွဲမထုတ်ရင် မင်းတို့ထဲကတစ်ယောက်က ဒုတိယသားမိသားစုကို စောင့်ရှောက်မှာကြနေတာပဲ'
ရွာအပြင်မှာနေပြီး အလည်လာခဲတဲ့ ယွီဟိုင်ရဲ့ဒုတိယဦးလေး ယွီလီရှားမှာ ဒေါသတော်တော်ထွက်လွယ်တဲ့ စရိုက်ရှိတယ်။ သူက သူမကိုစိမ်းစိမ်းဝါးဝါးကြည့်ပြီး ဟောက်လိုက်တယ် "ဒီမှာ အမျိုးသားတွေ စကားပြောနေကြတယ် မင်းလိုမိန်းမတစ်ယောက်က ဘယ်လိုတောင် ကြားဖြတ်ဝင်ပြောရဲရတာလဲ"
အဖွားကြီးကျန်းက သူမအသက်ရှုသံအောက်မှာ မကျေမချမ်းငြီးတွားခဲ့တယ်။
ငါတို့မိသားစုက ခွဲထွက်တာပဲ ငါနဲ့ဘယ်လိုမဆိုင်ရမှာလဲ
သဘောတရားအားဖြင့် တုန်ရှန်းရွာက သေးငယ်တဲ့ တံငါရွာဖြစ်ပေမဲ့ ရွာလူကြီး လျိုကျားရွှင်မှာ ဩဇာသက်ရောက်မှုတွေ အများကြီးရှိတယ်။ သူက အဖွားကြီးကျန်းကို ဖျတ်ကနဲကြည့်လိုက်တဲ့အခါ သူမက ချက်ချင်းငြိမ်ကျသွားတယ်။ သူက လူကြီးမင်းယွီကို စကားပြောဖို့ ပထမဆုံး သူ့ပါးစပ်ကိုဟလိုက်တယ်။
"အကို လီချုံ, မိသားစုခွဲထွက်ခြင်းမှာ မင်းဘာအစီအစဉ်တွေရှိလဲ"
လူကြီးမင်းယွီက ဆေးလိပ်တံကိုမှုတ်ထုတ်လိုက်တယ်။ သူက ခဏလောက်တွေးပြီးပြောခဲ့တယ်
" ငါ့မှာ အစီအစဉ်ရှိပြီးသား ငါတို့ မိသားစုအမွေကို ၄ ပုံအညီအမျှခွဲမယ် ။ သာ့ရှန်းနဲ့ သူ့တခြားအကိုတွေက တစ်ယောက်ကို တစ်ပုံရမယ် ပြီးတော့ ငါ့မိန်းမက တစ်ပုံရမယ်"
"ဒါက အဆင်မပြေဘူး ချိုင်သျဲ့ကခုထိ လက်မထပ်ရသေးဘူး ပြီးတော့ သူလည်းဝေစုကို ရသင့်တယ် ။ မဟုတ်ရင် သတို့သမီးဘက်ကပေးရတဲ့ ခန်းဝင်ပစ္စည်းကို ဘယ်သူကပေးမှာလဲ။ ကျန်းမိသားစုဘက်က သူ့ကို စေ့စပ်လက်ဆောင်အဖြစ် ၈ လျန်နဲ့ ကမ်းလှမ်းခဲ့တယ်။ တတိယသားကလည်း အနာဂတ်မှာ တော်ဝင်အစမ်းစာမေးပွဲ ဖြေရအုံးမယ်။ သူရဲ့ကုန်ကျစရိတ်က တော်တော်များတယ်။ မိသားစုက ထွက်သွားတဲ့သူ့အစ်ကိုအတွက် ပိုက်ဆံသုံးမယ်လို့ ရှင်ပြောနေတာလား "
အဖွားကြီးကျန်းက ချက်ချင်း မပျော်မရွှင်ဖြစ်လာပြီး သူမရဲ့ကန့်ကွက်မှုကိုပြဖို့ မကျေနပ်ချက်တွေကို ရှေ့နောက် မစဉ်းစားဘဲ ပြောချလိုက်တယ်။
လူကြီးမင်းယွီက စားပွဲခုံအောက်မှာ ဆေးတံကို တောက်လိုက်ပြီး ပြောလိုက်တယ်။
"ဒါဆို ငါတို့ အညီအမျှ ၅ ပိုင်း ခွဲပြီး ချိုင်သျဲ့မှာလည်း ဝေစုရှိသွားလိမ့်မယ်။ မိသားစုကို ခွဲပြီးရင် မင်းတို့အမေနဲ့ငါက မင်းတို့ထဲကတယောက်နဲ့နေပြီး အနာဂတ်မှာ ငါတို့သေတဲ့အခါ ငါ့တို့ဝေစုက အတူနေတဲ့ လူရဲ့မျိုးဆက်ခွဲဆီ ရောက်သွားလိမ့်မယ်။ ငါတို့သဘောတူညီပြီးရင် မိသားစုခွဲတာက မိသားစုကနေထွက်သွားတာကို ဦးတည်တယ်လို့ မဆိုလိုဘူး။ ဒုတိယသားရဲ့မိသားစုက ငါတို့နဲ့ပင်မနေထိုင်ရာအိမ်မှာပဲ ဆက်နေနိုင်တယ်။ ငါတို့ ညီညီညွတ်ညွတ်နဲ့ သီးခြားနည်းနဲ့ နေနိုင်တယ်။ သာ့ဟိုင်က မိသားစုလှေအသစ်ကနေ ပိုက်ဆံအရှာနိုင်ဆုံးဖြစ်ပြီး သူ့ခြေထောက်တွေက ထပ်မကောင်းနိုင်တာကြောင့် သူ့ကိုလှေပေးမယ်။ အနာဂတ်မှာ အဲ့တာကိုငှားပြီး ဝင်ငွေရလာနိုင်တယ်"
သူပြောနေတာ မပြီးခင် အမျိုးသမီးလီက သူမယောက်ျားရဲ့လက်မောင်းကို အားနဲ့ဆွဲလိုက်တယ်။ သူဘာမှဝင်မပြောတာကို မြင်တော့ သူမက ချက်ချင်းပြောလိုက်တယ်။
" အဖေ, သာ့ရှန်းနဲ့ဟိန်ဇီတို့က မိသားစုရဲ့ ပထမသားနဲ့ပထမမြေးဖြစ်တာကြောင့် သူတို့မိဘတွေနဲ့ အဘိုးအဘွားတွေကို စောင့်ရှောက်ရမှာက သူတို့တာဝန်ပဲ။ ပုံမှန်အားဖြင့် အဖေတို့နှစ်ယောက်က ကျွန်မတို့နဲ့နေသင့်တယ်။ ဒါပေမယ့်လည်း ကျွန်မယောက်ျားက ဝင်ငွေရဖို့ ငါးဘယ်လိုဖမ်းရမလည်း ဆိုတာပဲသိတာ။ ဒုတိယယောက်ဖကို လှေပေးလိုက်ရင် ကျွန်မတို့ စားသောက်ဖို့ ဘယ်လိုလည်ပတ်ရမလဲ"
အဖွားကြီးကျန်းက သူမ မကျေနပ်ချက်တွေကို ဆုပ်ကိုင်ထားပြီး ဒီချိန်မှာသူက အားလုံးကို ဖွင့်ပြောချလိုက်တယ်။
"အကြီးဆုံးသားရဲ့မိသားစု ပြောတာမှန်တယ်။ အိမ်ထောင်ဦးစီးဖြစ်ပြီး ရှင်က ဘက်လိုက်တာ တော်တော်သိသာတာပဲ။ ငါးဖမ်းလှေမရှိဘဲ ကျွန်မတို့ ဘယ်လိုအသက်မွေးဝမ်းကြောင်း လုပ်ရမယ်ထင်လဲ။ တတိယသားကို စာမေးပွဲဖြေစေချင်သေးရဲ့လား။ အနာဂတ်မှာ ရှောင်သျဲ့ကို လက်ထပ်စေချင်သေးရဲ့လား။ ဟိန်ဇီရဲ့အနာဂတ်လက်ထပ်ဖို့ကရော ။ ရှင်က ကျွန်မတို့ရဲ့ဘဝတွေကို တကယ် ပျက်စီးစေချင်နေတာပဲ။ အမလေးတော်သဘောမတူဘူး လုံးဝသဘောမတူဘူး!"
ငါတို့မှာ မြေကွက် ၃ ခုလည်းရှိတယ်မဟုတ်ဘူးလား။ အကြီးဆုံးသားနဲ့ငါ မြို့ကိုသွားပြီး ယာယီအလုပ်တွေကိုလုပ်လို့ရတယ်။ အရင်ကလည်း အဲ့လိုနေထိုင်ခဲ့တာပဲမလား
လူကြီးမင်းယွီက သူရဲ့စာကြိုးစားပြီး ပါရမီထူးတဲ့တတိယသားကို စဉ်းစားနေသဖြင့် နောက်ဆုံးမှာ ပြန်မပြောခင် သူက ခဏလောက်ငြိမ်နေခဲ့တယ်။
အဖွားကြီးကျန်းက အော်ဟစ်လိုက်သဖြင့် သူမရဲ့ကျယ်လောင်ပြီးစူးရှတဲ့အသံက အခန်းထဲက လူတိုင်းရဲ့နားကို ထိုးဖောက်သွားတယ်။
" သဲထူတဲ့မြေကွက် ၃ ကွက်က ကောက်ပဲသီးနှံပမာဏက တစ်နှစ်ကို အိမ်သားတွေ ၆ လစာကျွေးဖို့ လုံလောက်ရုံလေးပဲ။ အရင် ငါတို့မှာ ကလေးနည်းနည်းပဲရှိတုန်းက ကြိုးစားပြီးစုဆောင်းဖို့ အင်္ကျီအသစ်ကို မဝယ်ရဲ၊ အစားကိုအများကြီး မစားရဲခဲ့ဘူး။ ကြီးမားတဲ့အခက်အခဲတွေနဲ့ ဒီပစ္စည်းဥစ္စာလောက်ပဲ စုဆောင်းနိုင်ခဲ့တာ။ ဒါပေမယ့် ရှင်က ဒုတိယသားကို အားလုံးပေးနေတာပဲ။ ဟုတ်တယ် အကြီးဆုံးသားက ငါ့ရဲ့ပထမအိမ်ထောင်ကပဲ။ ရှင်က သူ့ကိုဂရုမစိုက်ဘူးဆိုရင် ဘာဖြစ်ဖြစ်ထားလိုက် ! ဒါပေမယ့် တတိယသားနဲ့ ချိုင်သျဲ့နှစ်ယောက်လုံးက ဒီမျိုးနွယ်ကပဲ မဟုတ်ဘူးလား။ လူအိုကြီး , ရှင်က ကျုပ်တို့ကို အသက်ရှင်ဖို့ လမ်းကြောင်းကိုမပေးဘူးပဲ။ ဒါကအဆင်မပြေဘူး။ ငါတို့ရဲ့ကျန်နေတဲ့ဘဝကို သေအောင်မသတ်ချင်ဘူးဆိုရင် ဒုတိယသားကို ငါးဖမ်းလှေ လုံးဝမပေးရဘူး"
စကားပြောနှေးပြီး ရိုးသားတဲ့အကြီးဆုံးသား ယွီသာ့ရှန်းကို သူ့မိန်းမက အကြိမ်ကြိမ် လက်သည်းနဲ့ ဆိတ်ပြီးနောက် မဝံ့မရဲကြားဖြတ်ဝင်ပြောခဲ့တယ်။
"အဖေ, ငါးဖမ်းတာကလွဲရင် တခြားဟာတွေကို ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာ ကျွန်တော် မသိဘူး။ မြို့ထဲကို သွားရင်လည်း အလုပ်ရှာနိုင်မှာမဟုတ်ဘူး။ ကျွန်တော်လည်း ဒုတိယညီကို လှေပေးဖို့ သဘောမတူဘူး"
"ဒါမှန်တယ် ဒါမှန်တယ် ! အငယ်ဆုံးယောက်မက လက်မထပ်ရသေးခင်ကာလမှာ အမေနဲ့အဖေက ငါတို့နဲ့နေရမှာလေ။ တတိယမတ်လေးက ကျောင်းတက်နေတုန်းမို့ မိသားစုနဲ့ရှိဖို့ လိုအပ်နေသေးတယ်။ ဒါကြောင့် ငါးဖမ်းလှေကို အဝေးကို လုံးဝပေးလိုက်လို့မရဘူး "
အမျိုးသမီးလီက ကတိုက်ကရိုက်သဘောတူလိုက်ပြီး လူကြီးမင်းယွီကို သနားစဖွယ် စိုက်ကြည့်နေခဲ့တယ်။
ယွီပေါ်နဲ့ ယွီချိုင်သျဲ့ နှစ်ယောက်လုံးက သူတို့ရဲ့ခေါင်းကိုအောက်စိုက်ပြီး ငြိမ်ငြိမ်လေးနေခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ရဲ့အတွေးတွေကို မပြောနိုင်ခဲ့ဘူး။
ယွီဟိုင်က လူတိုင်းပြောတာကို အေးအေးဆေးဆေး နားထောင်ခဲ့ပြီးမှ ဝင်ပြောလိုက်တယ်။
"အဖေ, သမားတော်က ကျနော့်ကို ခြေထောက်ဘယ်တော့မှ ပြန်မကောင်းလာတော့ဘူးလို့ ပြောခဲ့တာ။ အနာဂတ်မှာ ရပ်နိုင်ခြင်းရှိ မရှိက လေထဲမှာပဲရှိတယ်။ ငါးဖမ်းလှေရှိရင်တောင်မှ ပင်လယ်ထွက်ပြီး ငါးဖမ်းသွားလို့မရဘူး။ ငါးဖမ်းလှေကို ကျနော်မလိုချင်ဘူး။ မြေကွက် ၃ ကွက်က တစ်နှစ်တစ်နှစ် သင့်တင့်တဲ့ ရိတ်သိမ်းပမာဏရနိုင်တယ်။ ဒါကြောင့် ကျနော်တို့ကို မြေကွက်ပဲပေးပါ အဲ့တာကိုယာလုပ်ဖို့ ကျွန်တော့်မိန်းမနဲ့ ကလေးတွေရှိတယ်"
ယွီရှောင်ချောင်းက ငါးဘယ်လိုဖမ်းရလဲ မသိတာကြောင့် ငါးဖမ်းလှေကို သူမ တကယ်စိတ်မဝင်စားခဲ့ဘူး။ သူမက အနာဂတ်အတွက် လောလောဆယ်စဉ်းစားနေတယ်။ သူတို့အတူတူဆက်နေဦးမယ်ဆို သူတို့နဲ့ရှင်းရှင်းလင်းလင်း ပြတ်တောက်သွားမှာမဟုတ်ဘူး။ သူတို့မျိုးဆက်ခွဲက ရုတ်တရက် ကောင်းကောင်းနေရမယ်ဆိုရင် အဖွားကြီးကျန်းနဲ့ အမျိုးသမီးလီရဲ့ စိတ်နေသဘောထားနဲ့ နေ့ရက်တိုင်းမှာ သူတို့ပြဿနာတွေ မဖြစ်ဘူးလား။ ဒီမြေခွေးအုပ်နဲ့ဝေးဝေးနေဖို့ သူတို့ဘာလုပ်ရမလဲ ။
သူမတွေးနေတဲ့အခိုက် သူမအဖေက ထပ်ပြောလိုက်တယ်။
"အကြီးဆုံးအကိုရဲ့ကလေးက အရွယ်ရောက်ခါနီးနေပြီ။ တတိယညီလေး လာလည်တဲ့အခါဆိုလည်း သေးငယ်တဲ့အနောက်ခန်းထဲမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ် နေလို့ရတယ်။ ကျနော်တို့တစ်မိသားစုလုံးသာ အတူဆက်နေဦးမယ်ဆိုရင် အိမ်က လုံးဝလူပြည့်ကျပ်နေလိမ့်မယ်။ ယွီမိသားစုရဲ့ နေအိမ်ဟောင်းကို ကျနော်တို့ကို ပေးမယ်ဆိုရင်ရော ။ အဲ့တာကို နည်းနည်းရှင်းလင်းပြီးရင် နေလို့ရတယ်"
ယွီမိသားစုရဲ့နေအိမ်ဟောင်းက အနောက်ဘက်တောင်တွေရဲ့ အခြေမှာရှိပြီး ရွှံ့အုတ်နဲ့လုပ်ထားသော အခန်း ၃ ခန်းပါတဲ့အိမ်ဖြစ်သည်။ သင့်တင့်တဲ့ ဝိုင်းအရွယ်အစားလည်းရှိပြီး အိမ်ရဲ့နောက်မှာ ကြီးမားတဲ့ရေကန်ရှိတယ်။ ယွီဟိုင်အမေရှိနေစဉ်က တစ်မိသားစုလုံး အဲ့မှာနေခဲ့ကြတယ်။ နောက်ပိုင်း ငွေကြေးအခြေအနေ ပိုကောင်းလာတဲ့အခါ တစ်မိသားစုလုံး ပင်လယ်နဲ့ပိုနီးတဲ့ရွာထဲကို ပြောင်းရွှေ့ခဲ့ကြတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တည်းက ဒီနေအိမ်ဟောင်းမှာ ဘယ်သူမှမနေခဲ့ဘူး။ နှစ်တိုင်း သူတို့ ပြန်သွားပြီး ပြင်ဆင်မှုအချို့လုပ်သော်လည်း အိမ်က ဘယ်လောက်ပျက်စီးနေတယ်ဆိုတာ ဘယ်သူမှမသိဘူး။ အဖွားကြီးကျန်းက ခဏလောက်တွေးပြီး ကြေးမများဖို့ဆုံးဖြတ်ခဲ့ပေမယ့် ဒီသဲထူတဲ့မြေကွက် ၃ ကွက်ကို သူမဆက်ထိန်းသိမ်းနိုင်ဖို့ ဆန္ဒရှိခဲ့တယ်။ မြေကွက်က အများကြီးမထုတ်လုပ် ပေးနိုင်တောင်မှ အနာဂတ်မှာ သူတို့စပါးပြောင်းနဲ့ ကော်တွေကိုစားဖို့ ပိုက်ဆံသုံးဖို့ မလိုအပ်တော့ဘူး။ အဖွားကြီးကျန်း ဒါကို ဆက်လိုချင်တာ အံ့ဩစရာတော့မဟုတ်ဘူး။ သို့သော်လည်း ငါးဖမ်းလှေနဲ့ယှဉ်ရင် မြေကွက် ၃ကွက်က အရေးမပါဘူး။
အဆုံးမှာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ နေအိမ်ဟောင်းနဲ့ ဒီမြေကွက် ၃ ကွက်ရယ် ချက်ပြုတ်တဲ့အိုး၊ ဇလုံနှင့်ပန်းကန်အချို့နှင့် ယာလုပ်တဲ့ကိရိယာတချို့ကို ရှောင်ချောင်းမိသားစုကရခဲ့တယ်။ လူကြီးမင်းယွီက ပိုက်ဆံကို ၅ ပုံခွဲတဲ့ကိစ္စကို ပြောပြခဲ့တယ်။ အဖွားကြီးကျန်းက သူမအမေသေသွားသလို မျက်နှာက မည်းနက်သွားတယ်။
သို့သော်လည်း ရွာလူကြီးနဲ့ ကျန်တဲ့ယွီမိသားစုအကြီးတွေအပါအဝင် ဘယ်သူမှ သူမမှာပိုက်ဆံမရှိဘူးလို့ ပြောရင်ယုံမှာမဟုတ်ဘူး။ သူမက ကြေးဒင်္ဂါးကြိုးအချို့နဲ့ ဖန်ဘူးထဲကငွေအကြွေစေ့အချို့ကို စိတ်မပါလက်မပါ ရှာပြီးနောက် ကုတင်ပေါ်ကို ပစ်တင်လိုက်တယ်။ ထို့နောက် သူမက ဒေါသထွက်စွာ ပြောလိုက်တယ်။
"ဒုတိယသား ဒဏ်ရာရခဲ့တုန်းက ငါတို့ပိုက်ဆံတွေအားလုံးနီးပါး သုံးခဲ့ရတယ်။ ကြည့် ဒါက ကျန်တာတွေပဲ"
ရှောင်ချောင်းက ပိုက်ဆံတွေကိုကြည့်လိုက်ပြီး ဒင်္ဂါးနဲ့အကြွေစေ့တွေက အများဆုံး ၁၀ လျန်လောက်ရှိမယ်ဆိုပြီး ခန့်မှန်းမိတယ်။ ပြီးတော့ သူတို့ကို ၅ပုံခွဲဖို့လိုတယ်။ သူမမိသားစုက အများဆုံး ၂ လျန်ပဲရနိုင်တယ်။ ဒါက သူတို့အိမ်အသစ်ကို ပြင်ဖို့တောင် မလောက်ဘူး။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now