အပိုင်း ၁၄၆ (သံတမန်)

2.9K 380 3
                                    

[Zawgyi]

အပိုင်း  ၁၄၆ (သံတမန်)

သံတမန်က သိပ်စိတ်ဝင်စားပုံမပြဘဲ နည်းနည်းလောက် ပြန်ပြောလိုက်တယ်။

" ဘယ်လိုအရသာ ရှိတဲ့အစားအစာကများ ဒင်္ဂါး တစ်ပြားနဲ့ ဝယ်နိုင်မှာလဲ ဒီကောလဟာလက နည်းနည်းများ ချဲ့ကားလွန်းနေသလားလို့"

ကြီးကြပ်ရေးမှူးက ယွီမိသားစုရဲ့ အသားနှပ်ကို စားဖူးတယ်။ အရသာအရမ်းကောင်းပါတယ်ဆိုပြီး ပြောလိုက်ချင်ပေမယ့် သံတမန်ဖြစ်တာမို့ ဒါမျိုး မိုက်ရူးရဲဆန်ဆန် ပြစ်တင်လိုက်ဖို့ကျတော့ သူ့မှာ သတ္တိက ရှိမနေဘူး။ သူကမျက်နှာချိုသွေးတဲ့ ပုံနဲ့ ပြုံးလိုက်ပြီး

"အရှင်ပြောတာ မှန်ပါတယ်! နောက်ပြီး အဲ့ဒါက လူတွေ မစားတဲ့ ဝက်ခေါင်းတို့ ဝက်ကလီစာတို့ ဝက်သွေးတွေတို့နဲ့ လုပ်ထားတာ အရှင့်ရဲ့ ကြီးမြတ်တဲ့ ဂုဏ်ရာထူးနဲ့ဆို ဒီလို အစားအစာကို သေချာပေါက် အထင်သေးမှာပဲ!"

"အဲ့လိုတော့ ပြောလို့မရဘူး!"

သံတမန်က မေးစေ့အောက် မုတ်ဆိတ်တိုတိုကို ပွတ်လိုက်ရင်း သူ့မျက်လုံးတွေက မကြည်မသာ ဖြစ်လာတယ်။ ကြည့်ရတာ သူ့ရဲ့ အတိတ်အကြောင်းကို စမြုံ့ပြန်ပြီး တွေးနေပုံပဲ။

ခဏလောက်တိတ်နေပြီးနောက် သူက ဆက်ပြောတယ်

" အဲ့ဒီရက်တွေတုန်းကပေါ့ ဆရာသခင်နဲ့ငါ နယ်စပ်ဒေသတွေကို ရန်သူတွေဆီကနေ ကာကွယ်နေခဲ့တာ... ငါတို့တွေ ဆယ်ရက်လောက် ရန်သူ့တပ်တွေ ဝိုင်းတာ ခံထားရတယ်လေ... အဲ့တုန်းကဆို သစ်ပင်အခေါက်တွေတင်မကဘူး မြေစာတွေကိုပါ စားခဲ့ရတယ်! ငါ မှတ်မိသေးတယ် အခြေအနေက အရမ်းဆိုးလာပြီး တောင့်မခံနိုင်တဲ့အဆုံး ငါနဲ့ငါ့ညီ ရန်သူ့စခန်းထဲ ထိုးစစ်ဆင်ပြီး သူတို့တွေ ယစ်ပူဇော်မယ့် ဝက်ခေါင်းကြီးကို ခိုးလာခဲ့ကြတယ်လေ... နောက်ပြီး တောင်ပေါ်မှာ အဲ့ဝက်ခေါင်းကြီးကို ကင်တယ်... ရက်ပေါင်းများစွာ အငတ်နေခဲ့ရတဲ့ စစ်သားတွေအဖို့တော့ ဒီဝက်ခေါင်းလေးက တိုင်းတစ်ပါးက စားကောင်းသောက်ဖွယ်တွေထက်ကို အရသာရှိတယ် ထင်ခဲ့ရတာ"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now